အင်္ဂုတ္တရနိကာယ်

၄-စက္ကဝဂ်

၆-ဒေါဏသုတ်

၃၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဥက္ကဋ္ဌမြို့နှင့် သေတဗျမြို့အကြား၌ ခရီးရှည် ကြွတော်မူ၏၊ ဒေါဏပုဏ္ဏားသည်လည်း ဥက္ကဋ္ဌမြို့နှင့် သေတဗျမြို့အကြား၌ ခရီးရှည်သွား၏၊ ဒေါဏပုဏ္ဏားသည် မြတ်စွာဘုရား၏ ခြေတော်ရာတို့၌ အကန့်တစ်ထောင်ရှိသော အကွပ်နှင့်တကွ ဖြစ်ကုန်သော ပုံတောင်းနှင့် တကွ ဖြစ်ကုန်သော အလုံးစုံသော အခြင်းအရာတို့နှင့် ပြည့်စုံသော စက် (လက္ခဏာ) တို့ကို မြင်လေသော် “အချင်းတို့ အံ့ဖွယ်ရှိစွတကား၊ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ ဤခြေရာတို့သည် စင်စစ် လူဖြစ်သူ၏ ခြေရာတို့ ဖြစ်နိုင်လိမ့်မည် မဟုတ်ကုန်”ဟု အကြံဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် ခရီးလမ်းမှ ဖဲ၍ တစ်ခုသော သစ်ပင်ရင်း၌ ထက်ဝယ် ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာထား၍ (ကမ္မဋ္ဌာန်းသို့) ရှေးရှု သတိကို ဖြစ်စေလျက် (သီတင်းသုံး) ထိုင်နေတော်မူ၏။ ထိုအခါ ဒေါဏပုဏ္ဏားသည် မြတ်စွာဘုရား၏ ခြေတော်ရာတို့သို့ အစဉ်လိုက်လတ်သော် တစ်ခုသော သစ်ပင်ရင်း၌ ကြည်ညိုဖွယ်ရှိသော ကြည်ညိုစိတ်ကို ဖြစ်စေနိုင်သော ငြိမ်သက်သော ဣန္ဒြေငြိမ်သက်သော စိတ်ရှိသော မြတ်သော အရဟတ္တဖိုလ် ယင်း အရဟတ္တဖိုလ်နှင့်ယှဉ်သော သမာဓိသို့ရောက်လျက် ယဉ်ကျေးပြီး စောင့်စည်းပြီး ထိန်းသိမ်းပြီးသော ဣန္ဒြေရှိသော ဆင်ပြောင်ကြီးအလား ထိုင်နေသော မြတ်စွာဘုရားကို မြင်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ် ပြီးလျှင် အသျှင်သည် နတ်ဖြစ်လိမ့်မည်လောဟု မြတ်စွာဘုရားအား လျှောက်၏။

ပုဏ္ဏား ငါသည် နတ်ဖြစ်လိမ့်မည် မဟုတ်ဟု (မိန့်တော်မူ၏)။ အသျှင်သည် ဂန္ဓဗ္ဗနတ်ဖြစ်လိမ့်မည် လောဟု (လျှောက်ပြန်၏)။ ပုဏ္ဏား ငါသည် ဂန္ဓဗ္ဗနတ်ဖြစ်လိမ့်မည် မဟုတ်ဟု (မိန့်တော်မူ၏)။ အသျှင်သည် ဘီလူးဖြစ်လိမ့်မည်လောဟု (လျှောက်ပြန်၏)။ ပုဏ္ဏား ငါသည် ဘီလူးဖြစ်လိမ့်မည် မဟုတ်ဟု (မိန့်တော်မူ၏)။ အသျှင်သည် လူဖြစ်လိမ့်မည်လောဟု (လျှောက်ပြန်၏)။ ပုဏ္ဏား ငါသည် လူဖြစ်လိမ့်မည် မဟုတ်ဟု (မိန့်တော်မူ၏)။

အသျှင်သည် နတ်ဖြစ်လိမ့်မည်လောဟု မေးလတ်သော် “ပုဏ္ဏား ငါသည် နတ်ဖြစ်လိမ့်မည်မဟုတ်”ဟု မိန့်တော်မူဘိ၏။ အသျှင်သည် ဂန္ဓဗ္ဗနတ် ဖြစ်လိမ့်မည်လောဟု မေးလတ်သော် “ပုဏ္ဏား ငါသည် ဂန္ဓဗ္ဗနတ်ဖြစ်လိမ့်မည် မဟုတ်”ဟု မိန့်တော်မူဘိ၏။ အသျှင်သည် ဘီလူးဖြစ်လိမ့်မည်လောဟု မေးလတ် သော် “ပုဏ္ဏား ငါသည် ဘီလူးဖြစ်လိမ့်မည် မဟုတ်”ဟု မိန့်တော်မူဘိ၏။ အသျှင်သည် လူဖြစ်လိမ့်မည် လောဟု မေးလတ်သော် “ပုဏ္ဏား ငါသည် လူဖြစ်လိမ့်မည် မဟုတ်”ဟု မိန့်တော်မူဘိ၏။ သို့ဖြစ်လျှင် အသျှင်သည် အဘယ်သို့သော ပုဂ္ဂိုလ် ဖြစ်ပါလိမ့်မည်နည်းဟု (လျှောက်၏)။

ပုဏ္ဏား ငါသည် အကြင် အာသဝေါတရားတို့ကို မပယ်ရသေးသောကြောင့် နတ်ဖြစ်ရာ၏၊ ထို အာသဝေါတရားတို့ကို ငါပယ်ပြီးပြီ၊ အမြစ်ရင်းကို ဖြတ်ပြီးပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ တစ်ဖန် မဖြစ်နိုင်အောင် ပြုပြီးပြီ၊ နောင်တစ်ဖန် မဖြစ်ခြင်းသဘော ရှိပြီ။ ပုဏ္ဏား ငါသည် အကြင် အာသဝေါတရားတို့ကို မပယ်ရသေးသောကြောင့် ဂန္ဓဗ္ဗနတ်ဖြစ်ရာ၏၊ ဘီလူးဖြစ်ရာ၏၊ လူဖြစ်ရာ၏၊ ထို အာသဝေါတရားတို့ကို ငါပယ်ပြီးပြီ၊ အမြစ်ရင်းကို ဖြတ်ပြီးပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ တစ်ဖန် မဖြစ်နိုင်အောင် ပြုပြီးပြီ၊ နောင်တစ်ဖန် မဖြစ်ခြင်းသဘော ရှိပြီ။ ပုဏ္ဏား ရေ၌့ပေါက်သော ရေ၌ ကြီးပွါးသော ဥပ္ပလကြာသည်လည်းကောင်း၊ ပဒုမ္မာကြာသည်လည်းကောင်း၊ ပုဏ္ဍရိက်ကြာသည်လည်းကောင်း ရေမှ အထက်သို့ တက်၍ ရေဖြင့် မလိမ်းကျံဘဲ တည်သကဲ့သို့၊ ပုဏ္ဏား ဤအတူသာလျှင် လောက၌ ဖြစ်သော လောက၌ ကြီးပွါးသော ငါသည် လောကကို လွှမ်းမိုး၍ (သင်္ခါရ) လောကနှင့် လိမ်းကျံကပ်ငြိခြင်း မရှိဘဲ နေ၏၊ ပုဏ္ဏား (ထို့ကြောင့်) ငါ့ကို “ဗုဒ္ဓ”ဟု သိမှတ်လေလော့ဟု (မိန့်တော်မူ၏)။

ပုဏ္ဏား အကြင် အာသဝေါတရားကြောင့် နတ်ဖြစ်ရာ၏၊ ကောင်းကင်သို့ သွားသော ဂန္ဓဗ္ဗနတ်ဖြစ်ရာ၏၊ အကြင် အာသဝေါတရားကြောင့် ဘီလူးအဖြစ်သို့ ရောက်ရာ၏၊ လူအဖြစ်သို့လည်း ရောက်ရာ၏၊ ငါ့အား ထို အာသဝေါတရားတို့ ကုန်ပြီ၊ ဖျက်ဆီး အပ်ကုန်ပြီ၊ အနှောင်အဖွဲ့ကင်းအောင် ပြုပြီးကုန်ပြီ။ ကောင်းသော ကြာပုဏ္ဍရိက်သည် ရေဖြင့် မလိမ်းကျံသကဲ့သို့၊ ထို့အတူ သခ ငါ်္ရ လောကနှင့် မလိမ်းကျံပေ၊ ပုဏ္ဏား ထို့ကြောင့် ငါသည် ‘ဗုဒ္ဓ’ ဖြစ်၏။

ဆဋ္ဌသုတ်။