အင်္ဂုတ္တရနိကာယ်

၄-စက္ကဝဂ်

၈-ပတိလီနသုတ်

၃၈။ ရဟန်းတို့ သီးခြားဖြစ်သော (ဒိဋ္ဌိ) သစ္စာတို့ကို နုတ်ပယ်ပြီးသော၊ ရှာမှီးခြင်းကို လုံးဝ စွန့်ပယ်ပြီးဖြစ်သော၊ ကာယသင်္ခါရငြိမ်းပြီးသော ရဟန်းကို (တစ်ယောက်တည်း) ကိန်းအောင်းသူဟု ဆိုအပ်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သီးခြားဖြစ်သော (ဒိဋ္ဌိ) သစ္စာတို့ကို နုတ်ပယ်ပြီး ဖြစ်သနည်း၊ ရဟန်းတို့ များစွာသော သမဏ ဗြာဟ္မဏတို့၏ များစွာသော သီးခြားဖြစ်သော သစ္စာတို့သည် ရှိကုန်၏။ ဤသည်တို့ကား အဘယ်တို့နည်းဟူမူ—

“လောကသည် မြဲ၏”၊ “လောကသည် မမြဲ”၊

“လောကသည် အဆုံးရှိ၏”၊ “လောကသည် အဆုံး မရှိ”၊

“ထို အသက်သည်ပင် ထို ကိုယ်တည်း”၊ “အသက်သည် တခြား ကိုယ်သည် တခြားတည်း”၊

“သတ္တဝါသည် သေပြီးနောက် ဖြစ်၏”၊ “သတ္တဝါသည် သေပြီးနောက် မဖြစ်”၊

“သတ္တဝါသည် သေပြီးနောက် ဖြစ်လည်း ဖြစ်၏၊ မဖြစ်လည်း မဖြစ်”၊ “သတ္တဝါသည် သေပြီး နောက့်ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူသည်တို့တည်း၊

ထို များစွာသော (ဒိဋ္ဌိ) သစ္စာအားလုံးတို့ကို ရဟန်းသည် နုတ်ပယ်ပြီး ကောင်းစွာ ပယ်ပြီး စွန့်ပြီး ထွေးအန်ပြီး လွှတ်ပြီး စွန့်ပယ်ပြီး လုံးဝစွန့်ပြီး ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သီးခြားဖြစ်သော (ဒိဋ္ဌိ) သစ္စာတို့ကို နုတ်ပယ်ပြီး ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရှာမှီးခြင်းကို လုံးဝစွန့်ပယ်ပြီး ဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်ရှာမှီးခြင်းကို စွန့်ပယ်ပြီး ဖြစ်၏၊ ဘဝရှာမှီးခြင်းကို စွန့်ပယ်ပြီး ဖြစ်၏၊ မြတ်သော အကျင့်ကို ရှာမှီးခြင်းသည် ငြိမ်း၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရှာမှီးခြင်းကို လုံးဝစွန့်ပယ်ပြီး ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ကာယသင်္ခါရငြိမ်းပြီး ဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာခြင်းကိုလည်း ပယ်ခြင်းကြောင့် ဆင်းရဲခြင်းကိုလည်း ပယ်ခြင်းကြောင့် ရှေးဦးကပင်လျှင် ဝမ်းမြောက်ခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့် ဆင်းရဲလည်း မဟုတ် ချမ်းသာလည်း မဟုတ်သော လျစ်လျူရှုမှုကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ကာယသင်္ခါရငြိမ်းပြီး ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် (တစ်ယောက်တည်း) ကိန်းအောင်းသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ငါဟူသော မာန်ကို ပယ်၏၊ အမြစ်ရင်းကို ဖြတ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြု၏၊ တစ်ဖန် မဖြစ်ခြင်းကို ပြု၏၊ နောင်တစ်ဖန် မဖြစ်ခြင်းသဘောရှိ၏၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် (တစ်ယောက်တည်း) ကိန်းအောင်းသည် မည်၏။ ရဟန်းတို့ သီးခြားဖြစ်သော (ဒိဋ္ဌိ) သစ္စာတို့ကို ပယ်ပြီးသော၊ ရှာမှီးခြင်းကို လုံးဝ စွန့်ပယ်ပြီးဖြစ်သော၊ ကာယသင်္ခါရငြိမ်းပြီးသော ရဟန်းကို (တစ်ယောက်တည်း) ကိန်းအောင်းသူဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

အလုံးစုံ ရာဂဖြင့် တပ်မက်ခြင်းကင်းသော၊ တဏှာကုန်ရာ (နိဗ္ဗာန်၌ ဖြစ်သော အရဟတ္တဖိုလ်) ဝိမုတ္တိရှိသော ရဟန်းသည် မြတ်သော အကျင့်ကို ရှာမှီးခြင်းနှင့် တကွ ကာမဂုဏ်ကို ရှာမှီးခြင်း ဘဝကိုရှာမှီးခြင်းဟုဆိုအပ်သော ရှာမှီးခြင်းတို့ကို စွန့်အပ်ကုန်၏၊ ဤအယူသာ မှန်၏ဟု မှားသောအားဖြင့် သုံးသပ်ခြင်းလည်းကောင်း၊ စိုက်ထောင်အပ်သော မိစ္ဆာဒိဋ္ဌိအကြောင်းတို့လည်းကောင်း ဤသို့ ဒိဋ္ဌိ အကြောင်းတို့ကိုလည်းကောင်း စွာ နုတ်ပယ်အပ်ကုန်၏။ စင်စစ်အားဖြင့် (ကိလေသာ) ငြိမ်းပြီးသော၊ သတိရှိသော၊ ကိုယ်စိတ်ငြိမ်းအေးခြင်းရှိသော၊ (တစ်စုံတစ်ရာသော ကိလေသာရန်သူတို့) မအောင်အပ်သော၊ သစ္စာ လေးပါးတရားကို သိသော ရဟန်းကို မာနနုတ်ပယ်ပြီးဖြစ်သောကြောင့် (တစ်ယောက်တည်း) ကိန်းအောင်းသူဟု ဆိုအပ်လေသတည်း။

အဋ္ဌမသုတ်။