အင်္ဂုတ္တရနိကာယ်

၄-စက္ကဝဂ်

၉-ဥဇ္ဇယသုတ်

၃၉။ ထိုအခါ ဥဇ္ဇယပုဏ္ဏားသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားတို့ကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား “အသျှင်ဂေါတမသည်လည်း ယဇ် (ပူဇော်ခြင်း) ကို ချီးမွမ်းသည် မဟုတ်ပါလော”ဟု လျှောက်၏၊ ပုဏ္ဏား ငါသည် အလုံးစုံသော ယဇ်ကို ချီးမွမ်းသည် မဟုတ်၊ သို့သော်လည်း မချီးမွမ်းသည်ကား မဟုတ်သေးပေ၊ ပုဏ္ဏား အကြင် သို့ သဘောရှိသော ယဇ်၌ နွားတို့ကို သတ်ရကုန်၏၊ ဆိတ် သိုး ကြက် ဝက်တို့ကို သတ်ရကုန်၏၊ အထူးထူး အပြားပြားသော သတ္တဝါတို့သည် သေကြေပျက်စီး့ခြင်းသို့ ရောက်ရကုန်၏၊ ပုဏ္ဏား ငါသည် ဤသို့သဘောရှိသော ညှဉ်းဆဲသတ်ဖြတ်မှုရှိသော ယဇ်ကို မချီးမွမ်း၊ ထိုသို့ မချီးမွမ်းခြင်းသည် အဘယ့်ကြောင့်နည်း။ ပုဏ္ဏား ဤသို့ သဘောရှိသော သတ်ဖြတ် ညှဉ်းဆဲမှုရှိသော ယဇ်သို့ ရဟန္တာပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ရဟန္တာဖြစ်ရန် ကျင့်သော ပုဂ္ဂိုလ်တို့သည်လည်းကောင်း မချဉ်းကပ်ကုန်သောကြောင့်တည်း။

ပုဏ္ဏား အကြင် သို့ သဘောရှိသော ယဇ်၌ကား နွားတို့ကို မသတ်ရကုန်၊ ဆိတ် သိုး ကြက် ဝက်တို့ကို မသတ်ရကုန်၊ အထူးထူး အပြားပြားသော သတ္တဝါတို့သည် သေကြေပျက်စီးခြင်းသို့ မရောက် ရကုန်၊ ပုဏ္ဏား ဤသို့ သဘောရှိသော ညှဉ်းဆဲသတ်ဖြတ်မှုမရှိသော အမြဲလှူနေကျ ဒါနနှင့် မျိုးရိုး စဉ်ဆက် အလှူယဇ်ကို ငါ ချီးမွမ်း၏၊ ထိုသို့ ချီးမွမ်းခြင်းသည် အဘယ့်ကြောင့်နည်း။ ပုဏ္ဏား ဤသို့ သဘောရှိသော သတ်ဖြတ်ညှဉ်းဆဲမှု မရှိသော ယဇ်သို့ ရဟန္တာပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ရဟန္တာ ဖြစ်ရန် ကျင့်သော ပုဂ္ဂိုလ်တို့သည်လည်းကောင်း ချဉ်းကပ်ကုန်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။

အဿမေဓယဇ် ပုရိသမေဓယဇ် သမ္မာပါသယဇ် ဝါဇပေယျယဇ် နိရဂ္ဂဠယဇ်ဟူသော များသော ပြုဖွယ်ရှိကုန်သော ထို ယဇ်ကြီးတို့သည် အကျိုး မကြီးကုန်။

ယင်း ယဇ်ကြီးတို့၌ အထူးထူးအပြားပြားသော ဆိတ်နှင့် သိုးတို့ကိုလည်းကောင်း၊ နွားတို့ကိုလည်းကောင်း သတ်ရကုန်၏၊ ကောင်းစွာ ကျင့်တော်မူကြကုန်သော၊ မြတ်သော (သီလစသည့် ဂုဏ်အထူး) ကို ရှာမှီးလေ့ရှိကုန်သော (ရဟန္တာ) ပုဂ္ဂိုလ် တို့သည် ထို ယဇ်သို့ မချဉ်းကပ်ကုန်။ အကြင် (နိစ္စဘတ်ဆွမ်းအလှူ) ယဇ်တို့သည်ကား (သူတစ်ပါးတို့ကို) သတ်ဖြတ် ညှဉ်းဆဲမှု မရှိကုန်၊ အခါခပ်သိမ်း မျိုးရိုးစဉ်ဆက်လိုက်၍ လှူဒါန်းပူဇော်ကြကုန်၏၊ ဤယဇ် (အလှူမျိုး) ၌ အထူးထူး အပြားပြားသော ဆိတ်နှင့် သိုးတို့ကိုလည်းကောင်း၊ နွားတို့ကိုလည်းကောင်း မသတ်ဖြတ်ရကုန်၊ ကောင်းစွာ ကျင့်တော်မူကြ ကုန်သော၊ မြတ်သော (သီလစသည့် ဂုဏ်အထူး) ကို ရှာမှီးလေ့ရှိကုန်သော ရဟန္တာပုဂ္ဂိုလ်တို့သည်လည်း ထို ယဇ်အလှူသို့ ချဉ်းကပ်ကုန်၏။

ပညာရှိပုဂ္ဂိုလ်တို့သည် ထို (နိစ္စဘတ်ဆွမ်းအလှူ) ယဇ်ကို ပူဇော်ကုန်ရာ၏၊ ထို ယဇ်သည် ကြီးမြတ်သော အကျိုးရှိ၏၊ ထို ယဇ်ကို ပူဇော်သူအား မြင့်မြတ်သည်သာ ဖြစ်၏၊ ယုတ်ညံ့မှု မဖြစ်၊ ယဇ်သည်လည်း ပြန့်ပြော၏၊ နတ်တို့သည်လည်း ကြည်ညိုကုန်၏။

နဝမသုတ်။