အင်္ဂုတ္တရနိကာယ်

၄-စက္ကဝဂ်

၁ဝ-ဥဒါယီသုတ်

၄ဝ။ ထိုအခါ ဥဒါယီပုဏ္ဏားသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ။ပ။ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား “အသျှင်ဂေါတမသည်လည်း ယဇ် (ပူဇော်ခြင်း) ကို ချီးမွမ်းသည် မဟုတ်ပါလော”ဟု လျှောက်၏၊ ပုဏ္ဏား ငါသည် အလုံးစုံသော ယဇ်ကို ချီးမွမ်းသည် မဟုတ်၊ သို့သော်လည်း မချီးမွမ်းသည်ကား မဟုတ်သေးပေ။ ပုဏ္ဏား အကြင် သို့သဘောရှိသောယဇ်၌ နွားတို့ကို သတ်ရကုန်၏၊ ဆိတ် သိုး ကြက် ဝက်တို့ကို သတ်ရကုန်၏၊ အထူးထူးအပြားပြားသော သတ္တဝါတို့သည် သေကြေပျက်စီးခြင်းသို့ ရောက်ရကုန်၏။ ပုဏ္ဏား ငါသည် ဤသို့ သဘောရှိသော ညှဉ်းဆဲသတ်ဖြတ်မှုရှိသော ယဇ်ကို မချီးမွမ်း၊ ထိုသို့ မချီးမွမ်းခြင်းသည် အဘယ့်ကြောင့်နည်း။ ပုဏ္ဏား ဤသို့သဘောရှိသော သတ်ဖြတ်ညှဉ်းဆဲမှုရှိသော ယဇ်သို့ ရဟန္တာပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ရဟန္တာ ဖြစ်ရန် ကျင့်သော ပုဂ္ဂိုလ်တို့သည်လည်းကောင်း မချဉ်းကပ်ကုန်သောကြောင့်တည်း။

ပုဏ္ဏား အကြင် သို့သဘောရှိသော ယဇ်၌ကား နွားတို့ကို မသတ်ရကုန်၊ ဆိတ် သိုး ကြက် ဝက်တို့ကို မသတ်ရကုန်၊ အထူးထူးအပြားပြားသော သတ္တဝါတို့သည် သေကြေ ပျက်စီးခြင်းသို့ မရောက်ရကုန်၊ ပုဏ္ဏား ဤသို့ သဘောရှိသော သတ်ဖြတ်ညှဉ်းဆဲမှု မရှိသော အမြဲလှူနေကျ ဒါနနှင့် မျိုးရိုး စဉ်ဆက့်အလှူ ‘ယဇ်’ကို ငါချီးမွမ်း၏၊ ထိုသို့ ချီးမွမ်းခြင်းသည် အဘယ်ကြောင့်နည်း။ ပုဏ္ဏား ဤသို့ သဘောရှိသော သတ်ဖြတ်ညှဉ်းဆဲမှု မရှိသော ယဇ်သို့ ရဟန္တာပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ရဟန္တာ ဖြစ်ရန် ကျင့်သော ပုဂ္ဂိုလ်တို့သည်လည်းကောင်း ချဉ်းကပ်ကုန်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။

အထူးပြုပြင်စီရင်အပ်သော၊ သူတစ်ပါးကို သတ်ဖြတ်ညှဉ်းဆဲမှုမရှိသော၊ အပ်စပ် သော သဘောရှိသော ယဇ်သို့ သင့်လျော်သော အခါ၌ (ကိုယ် နှုတ် နှလုံးကို) စောင့်သုံးကုန်သော၊ မြတ်သော အကျင့်ရှိကုန်သော ပုဂ္ဂိုလ်တို့သည် ကပ်ရောက် ကုန်၏။ လောက၌ အကြင် မြတ်စွာဘုရားတို့သည် ဖွင့်လှစ်အပ်ပြီးသော (ရာဂစသော) အမိုးရှိတော်မူကုန်၏၊ (ဝဋ်ဒုက္ခဟူသော) အမျိုးအနွယ်နှင့် လားရာဂတိကို လွန်မြောက်တော်မူကုန်၏၊ ယဇ်၌ လိမ္မာတော်မူကုန်သော ထို မြတ်စွာဘုရားတို့သည် ထို (လှူဒါန်းပေးကမ်းခြင်းတည်းဟူသော) ယဇ်ကို ချီးမွမ်းတော်မူကြကုန်၏။ ယဇ် (ပကတိရိုးရိုးအလှူ)၌လည်းကောင်း၊ ထိုမှတစ်ပါး သေသူကို ရည်မှန်း၍ လှူဒါန်းအပ်သော (ကုဗ္ဘီးထမင်း) အလှူ၌လည်းကောင်း လှူဖွယ်ဝတ္ထုကို ထိုက်သည့် အားလျော်စွာ ပြုစီရင်၍၊ မြတ်သော အကျင့်ကို ကျင့်လေ့ရှိကုန်သော၊ လယ်ယာမြေကောင်းသဖွယ် ဖြစ်သော အလှူခံတို့၌ ကြည်ညိုစိတ်ရှိသည်ဖြစ်၍ ပူဇော်၏။ မြတ်သော အလှူခံပုဂ္ဂိုလ်တို့၌ အကြင် ယဇ် (အလှူ) ကို ပြုအပ်၏၊ ထို ယဇ် (အလှူ)သည် ကောင်းစွာ ပေးလှူအပ်, ကောင်းစွာ ပူဇော်အပ်, ကောင်းစွာ ရောက် အပ် ရအပ်သည် မည်၏၊ ယဇ်ပူဇော်ခြင်းသည်လည်း ပြန့်ပြော၏၊ နတ်တို့သည်လည်း ကြည်ညိုကုန်၏။ သဒ္ဓါတရားရှိသော ပညာရှိသည် လွတ်လွတ်စွန့်ကြဲသော စိတ်ဖြင့် ထို ယဇ်ကို လှူဒါန်း ပူဇော်၍ ဆင်းရဲကင်းရာ ချမ်းသာသုခရှိရာ ဘုံသို့ ကပ်ရောက်ရလေ သတည်း။

ဒသမသုတ်။

လေးခုမြောက် စက္ကဝဂ် ပြီး၏။