အင်္ဂုတ္တရနိကာယ်

၅-ရောဟိတဿဝဂ်

၂-ပဥှဗျာကရဏသုတ်

၄၂။ ရဟန်းတို့ ပြဿနာဖြေဆိုခြင်းတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဧကန်ဖြေဆိုရမည့် ‘ဧကံသဗျာကရဏီယ’ ပြဿနာသည် ရှိ၏၊ ရဟန်းတို့ ခွဲခြမ်း ဝေဖန်၍ ဖြေဆိုရမည့် ‘ဝိဘဇ္ဇဗျာကရဏီယ’ ပြဿနာသည် ရှိ၏၊ ရဟန်းတို့ ပြန်မေး၍ ဖြေဆိုရမည့် ‘ပဋိပုစ္ဆာဗျာကရဏီယ’ ပြဿနာသည် ရှိ၏၊ ရဟန်းတို့ (မဖြေဆိုဘဲ) ထားရမည့် ‘ဌပနီယဗျာကရဏီယ’ ပြဿနာသည် ရှိ၏။ ရဟန်းတို့ ပြဿနာဖြေဆိုခြင်းတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။ ဧကန်ဖြေဆိုရမည့် ပြဿနာသည် တစ်ခု၊ ထို့နောက် ခွဲခြမ်းဝေဖန်၍ ဖြေဆိုရမည့် ဒုတိယပြဿနာ၊ တစ်ဖန် ပြန်မေးရမည့် တတိယပြဿနာ၊ (မဖြေဆိုဘဲ) ထားရ မည့် စတုတ္ထပြဿနာ၊ အကြင် ရဟန်းသည်ကား ထို ထိုသို့သော အရာ၌ ထို ပြဿနာ တို့အားလျော်သော အဖြေကို သိ၏၊ ထိုသို့ သဘောရှိသော ရဟန်းကို အမေး လေးပါး၌ လိမ္မာသော ရဟန်းဟု ဆိုကြကုန်၏။ သူတစ်ပါးတို့ မထိပါး မလွှမ်းမိုး မဖျက်ဆီးနိုင်သော နက်နဲသော ပညာရှိသူသည့်အကျိုးစီးပွါးရှိရာ၌လည်းကောင်း၊ အကျိုးစီးပွါး မရှိရာ၌လည်းကောင်း နှစ်ပါးစုံ၌ လိမ္မာသူ ဖြစ်၏။ ပညာရှိသည် အကျိုးစီးပွါးမဲ့ကို ရှောင်ကြဉ်၏၊ အကျိုးစီးပွါးကို ယူ၏၊ အကျိုး နှစ်ပါးကို သိခြင်းကြောင့် ပညာရှိကို ‘ပဏ္ဍိတ’ဟူ၍ ဆိုအပ်၏။

ဒုတိယသုတ်။