အင်္ဂုတ္တရနိကာယ်

၅-ရောဟိတဿဝဂ်

၃-ပဌမ ကောဓဂရုသုတ်

၄၃။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုး တို့နည်းဟူမူ— အမျက်ထွက်ခြင်းကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုသော ပုဂ္ဂိုလ်၊ (ကျေးဇူး) ချေဖျက်ခြင်းကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုသော ပုဂ္ဂိုလ်၊ လာဘ် (ရခြင်း)ကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုသော ပုဂ္ဂိုလ်၊ အရိုအသေပြုမှု ‘သက္ကာရ’ ကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုသော ပုဂ္ဂိုလ်တို့တည်း။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။

ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏၊ အဘယ်လေးမျိုးတို့နည်းဟူမူ— သူတော်ကောင်းတရားကို အလေးပြု၍ အမျက်ထွက်ခြင်းကို အလေးမပြုသော ပုဂ္ဂိုလ်၊ သူတော် ကောင်းတရားကို အလေးပြု၍ (သူ့ကျေးဇူး) ချေဖျက်ခြင်း၌ အလေးမပြုသော ပုဂ္ဂိုလ်၊ သူတော်ကောင်းတရားကို အလေးပြု၍ လာဘ် (ရခြင်း) ကို အလေးမပြုသော ပုဂ္ဂိုလ်၊ သူတော်ကောင်းတရားကို အလေး ပြု၍ အရိုအသေပြုမှု ‘သက္ကာရ’ကို အလေးမပြုသော ပုဂ္ဂိုလ်တို့တည်း၊ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ် လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

အမျက်ထွက်ခြင်း (သူ့ကျေးဇူး) ချေဖျက်ခြင်းကို အလေးပြုကုန်သော လာဘ်နှင့် အရိုအသေပြုမှုကို အလေးပြုကုန်သော ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောကြား အပ်သော တရားတော်၌ မကြီးပွါးကုန်။ အကြင် ရဟန်းတို့သည်ကား သူတော်ကောင်းတရားကို အလေးပြုကုန်သည် ဖြစ်၍ နေခဲ့ကြကုန်ပြီ၊ နေလည်း နေကြကုန်ဆဲ၊ ထိုရဟန်းတို့သည် စင်စစ် မြတ်စွာဘုရားသည် ဟောတော်မူအပ်သော တရားတော်၌ ကြီးပွါးကုန်၏။

တတိယသုတ်။