အင်္ဂုတ္တရနိကာယ်

၅-ရောဟိတဿဝဂ်

၇-သုဝိဒူရသုတ်

၄၇။ ရဟန်းတို့ အလွန့်အလွန် ဝေးကွာသော အရာတို့သည် ဤလေးမျိုးတို့တည်း။ အဘယ် လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ကောင်းကင်နှင့် မြေကြီးသည် ဝေး၏၊ ဤကား ပဌမဖြစ်သော အလွန့်အလွန် ဝေးကွာသော အရာတည်း။ ရဟန်းတို့ သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းနှင့် ထိုမှာဘက် ကမ်းသည် ဝေး၏၊ ဤကား ဒုတိယဖြစ်သော အလွန့်အလွန် ဝေးကွာသော အရာတည်း။ ရဟန်းတို့ နေထွက်ရာအရပ်နှင့် နေဝင်ရာအရပ်သည် ဝေး၏၊ ဤကား တတိယဖြစ်သော အလွန့်အလွန် ဝေးကွာ သော အရာတည်း။ ရဟန်းတို့ သူတော်ကောင်းတို့၏တရားနှင့် သူယုတ်မာတို့၏တရားသည် ဝေး၏၊ ဤကား စတုတ္ထဖြစ်သော အလွန့်အလွန် ဝေးကွာသော အရာတည်း။ ရဟန်းတို့ အလွန့်အလွန် ဝေးကွာသော အရာတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ကောင်းကင်သည်လည်း (မြေကြီးမှ) ဝေး၏၊ မြေကြီးသည်လည်း (ကောင်းကင်မှ) ဝေး၏၊ သမုဒ္ဒရာ၏ ကမ်းတစ်ဖက်နှင့် တစ်ဖက်ကိုလည်း ဝေး၏ဟု ဆိုကုန်၏၊ အရောင်ကို ပြုတတ်သော နေ၏့ထွက်ရာအရပ်နှင့် ဝင်ရာအရပ်သည်လည်း ဝေး၏။

သူတော်ကောင်းတရားကိုလည်းကောင်း၊ သူယုတ်မာတရားကိုလည်းကောင်း ထို ဝေးခြင်းတို့ထက် စင်စစ် အလွန်ဝေး၏ဟု ဆိုကုန်၏၊ သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းသည် မပျက်စီးသော သဘောရှိ၏၊ သူတော်ကောင်းတရား တည်သမျှ အတိုင်း (မပျက်စီးသည်) သာ ဖြစ်၏။ သူယုတ်မာတို့နှင့် ပေါင်းဖော်ခြင်းသည် လျင်စွာ ပျက်စီး၏၊ ထို့ကြောင့် သူတော် ကောင်းတို့၏တရားသည် သူယုတ်မာတို့မှ ဝေး၏။

သတ္တမသုတ်။