အင်္ဂုတ္တရနိကာယ်

၅-ရောဟိတဿဝဂ်

၈-ဝိသာခသုတ်

၄၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ပဉ္စာလပုဏ္ဏေးမ၏သား အသျှင်ဝိသာခသည် စည်းဝေးရာ ဇရပ်၌ ရဟန်းအပေါင်းတို့ကို သန့်ရှင်းသော အပြစ်ကင်း၍ ကျပေါက်ခြင်းမရှိသော အနက်ကို သိစေတတ် သော (ဝဋ်ကင်းရာ နိဗ္ဗာန်၌) အကျုံးဝင်သော (ဝဋ်ကို) မမှီသော ယဉ်ကျေးသိမ်မွေ့သော တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေ၏။ ထိုအခါ မြတ်စွာဘုရားသည် ညချမ်းအခါ ကိန်းအောင်းရာမှ ထတော်မူ၍ စည်းဝေးရာ ဇရပ်သို့ ချဉ်းကပ်တော်မူပြီးလျှင် ခင်းထားအပ်သော နေရာ၌ ထိုင်တော်မူလျက် ရဟန်းတို့ကို—

ရဟန်းတို့ စည်းဝေးရာဇရပ်၌ အဘယ်ရဟန်းသည် သန့်ရှင်းသော အပြစ်ကင်း၍ ကျပေါက်ခြင်း မရှိသော အနက်ကို သိစေတတ်သော (ဝဋ်ကင်းရာနိဗ္ဗာန်၌) အကျုံးဝင်သော (ဝဋ်ကို) မမှီသော ယဉ်ကျေး သိမ်မွေ့သော တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေသနည်းဟု မိန့်တော်မူ၏။

အသျှင်ဘုရား ပဉ္စာလပုဏ္ဏေးမ၏သား အသျှင်ဝိသာခသည် ရဟန်းတို့ကို စည်းဝေးရာဇရပ်၌ သန့်ရှင်းသော အပြစ်ကင်း၍ ကျပေါက်ခြင်းမရှိသော အနက်ကို သိစေတတ်သော (ဝဋ်ကင်းရာနိဗ္ဗာန်၌) အကျုံးဝင်သော (ဝဋ်ကို) မမှီသော ယဉ်ကျေးသိမ်မွေ့သော တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင် စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေပါ၏ဟု (လျှောက်ကြကုန်၏)။

ထိုအခါ မြတ်စွာဘုရားသည် ပဉ္စာလပုဏ္ဏေးမ၏သား အသျှင်ဝိသာခအား “ဝိသာခ ကောင်း၏ ကောင်း၏၊ ဝိသာခ သင်သည် ကောင်းစွာသာလျှင် ရဟန်းအပေါင်းကို သန့်ရှင်းသော အပြစ်ကင်း၍ ကျပေါက်ခြင်းမရှိသော အနက်ကို သိစေတတ်သော (ဝဋ်ကင်းရာနိဗ္ဗာန်၌) အကျုံးဝင်သော (ဝဋ်ကို) မမှီသော ယဉ်ကျေးသိမ်မွေ့သော တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေပေ၏”ဟု (မိန့်တော်မူ၏)။

လူမိုက်တို့နှင့် ရောနှောသော ပညာရှိကို စကားမပြောမူ (ပညာရှိဟု) မသိကြကုန်၊ စကားပြောခဲ့လျှင်လည်း အမြိုက်နိဗ္ဗာန်ကို ဟောကြားသော်သာလျှင် ပညာရှိဟု သိကုန်၏။ (လောကုတ္တရာ)တရားကို ပြောဟောရာ၏၊ ထွန်းလင်းစေရာ၏၊ အရိယာသူတော် ကောင်းတို့၏ တံခွန်သဖွယ်ဖြစ်သော တရားကို ချီးမြှောက်ရာ၏၊ အရိယာသူတော် ကောင်းတို့သည် ကောင်းစွာဟောအပ်သော တရားတံခွန် ရှိကုန်၏။ မှန်၏၊ တရား တော်သည် အရိယာသူတော်ကောင်းတို့၏ တံခွန်ပေတည်း။

အဋ္ဌမသုတ်။