အင်္ဂုတ္တရနိကာယ်

၅-ရောဟိတဿဝဂ်

၉-ဝိပလ္လာသသုတ်

၄၉။ ရဟန်းတို့ သညာ၏ဖောက်ပြန်ခြင်း စိတ်၏ဖောက်ပြန်ခြင်း အယူ၏ဖောက်ပြန်ခြင်းတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ‘မမြဲသော အရာ၌ မြဲ၏’ဟု သညာ၏ ဖောက်ပြန်ခြင်း စိတ်၏ဖောက်ပြန်ခြင်း အယူ၏ဖောက်ပြန်ခြင်း၊ ရဟန်းတို့ ‘ဆင်းရဲသော အရာ၌ ချမ်းသာ’ဟု သညာ၏ ဖောက်ပြန်ခြင်း စိတ်၏ဖောက်ပြန်ခြင်း အယူ၏ဖောက်ပြန်ခြင်း၊ ရဟန်းတို့ ‘အတ္တမဟုတ်သော အရာ၌ အတ္တဟုတ်၏’ဟု သညာ၏ဖောက်ပြန်ခြင်း စိတ်၏ဖောက်ပြန်ခြင်း အယူ၏ဖောက်ပြန်ခြင်း၊ ရဟန်း တို့ ‘မတင့်တယ်သော အရာ၌ တင့်တယ်၏’ဟု သညာ၏ဖောက်ပြန်ခြင်း စိတ်၏ဖောက်ပြန်ခြင်း အယူ၏ ဖောက်ပြန်ခြင်းတို့တည်း။ ရဟန်းတို့ သညာ၏ဖောက်ပြန်ခြင်း စိတ်၏ဖောက်ပြန်ခြင်း အယူ၏ ဖောက်ပြန်ခြင်းတို့သည် ဤလေးမျိုးတို့တည်း။

ရဟန်းတို့ သညာ၏ မဖောက်ပြန်ခြင်း စိတ်၏ မဖောက်ပြန်ခြင်း အယူ၏ မဖောက်ပြန်ခြင်း တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ‘မမြဲသော အရာ၌ မမြဲ’ဟု သညာ၏ မဖောက်ပြန်ခြင်း စိတ်၏ မဖောက်ပြန်ခြင်း အယူ၏ မဖောက်ပြန်ခြင်း၊ ရဟန်းတို့ ‘ဆင်းရဲသော အရာ၌ ဆင်းရဲ’ဟု သညာ၏ မဖောက်ပြန်ခြင်း စိတ်၏ မဖောက်ပြန်ခြင်း အယူ၏ မဖောက်ပြန်ခြင်း၊ ရဟန်းတို့ ‘အတ္တမဟုတ်သော အရာ၌ အတ္တမဟုတ်’ဟု သညာ၏ မဖောက်ပြန်ခြင်း စိတ်၏ မဖောက်ပြန်ခြင်း အယူ၏ မဖောက်ပြန်ခြင်း၊ ရဟန်းတို့ ‘မတင့်တယ်သောအရာ၌ မတင့်တယ်’ဟု သညာ၏ မဖောက်ပြန်ခြင်း စိတ်၏ မဖောက်ပြန်ခြင်း အယူ၏ မဖောက်ပြန်ခြင်းတို့တည်း။ ရဟန်းတို့ သညာ၏ မဖောက်ပြန်ခြင်း စိတ်၏ မဖောက်ပြန်ခြင်း အယူ၏ မဖောက်ပြန်ခြင်းတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

မိစ္ဆာဒိဋ္ဌိသည် ဖျက်ဆီးအပ်ကုန်သော ပျံ့လွင့်သည့် စိတ်ရှိကုန်သော၊ ဖောက်ပြန် သော သညာရှိကုန်သော သတ္တဝါတို့သည် မမြဲသော အရာ၌ မြဲ၏ဟု အမှတ် ရှိကုန်၏၊ ဆင်းရဲသော အရာ၌လည်း ချမ်းသာ၏ဟု အမှတ်ရှိကုန်၏၊ အတ္တမဟုတ် သော အရာ၌လည်း အတ္တဟု အမှတ်ရှိကုန်၏၊ မတင့်တယ်သော အရာ၌လည်း တင့်တယ်၏ဟု အမှတ်ရှိကုန်၏။ ထို လူတို့သည် မာရ်မင်း၏ ယောဂလေးပါးနှင့် ယှဉ်ကုန်၏၊ ယောဂ (လေးပါး)တို့ဖြင့် ဘေးမရှိရာ (နိဗ္ဗာန်) သို့ မရောက်ကုန်၊ ထို သတ္တဝါတို့သည် ပဋိသန္ဓေ နေခြင်း သေခြင်းသို့ ရောက်ကုန်သည် ဖြစ်၍ သံသရာသို့ သွားကြရကုန်၏။ အကြင် အခါ ဓမ္မအရောင်အလင်းကို ပြုတတ်ကုန်သော ဘုရားရှင်တို့သည် လောက၌ ပွင့်တော်မူကုန်၏၊ ထို ဘုရားရှင်တို့သည် ဆင်းရဲငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော ဤ(သစ္စာလေးပါး)တရားကို ပြကုန်၏။ (ထိုအခါ) ထို မြတ်စွာဘုရားတို့၏ (တရားကို) ကြားနာရကုန်သည်ရှိသော် ထို ပညာရှိပုဂ္ဂိုလ်တို့သည် မိမိစိတ်ကို တစ်ဖန် ရကြကုန်သည်ဖြစ်၍ မမြဲသော အရာကို မမြဲဟု မြင်ကုန်၏၊ ဆင်းရဲသော အရာကို ဆင်းရဲဟု မြင်ကုန်၏၊ အတ္တမဟုတ်သော အရာ၌ အတ္တမဟုတ်ဟု မြင်ကုန်၏၊ မတင့်တယ်သော အရာကို မတင့်တယ်ဟု မြင်ကုန်၏၊ မှန်ကန်သော အယူကို ဆောက်တည်ကုန်သည်ဖြစ်၍ အလုံးစုံသော ဆင်းရဲကို လွန်မြောက်ကြလေကုန်သတည်း။

နဝမသုတ်။