အင်္ဂုတ္တရနိကာယ်

၁-ဘဏ္ဍဂါမဝဂ်

၅-အနုသောတသုတ်

၅။ ရဟန်းတို့ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— (သံသရာ) ရေစုန်ဆင်းတတ်သော ပုဂ္ဂိုလ်၊ (သံသရာ) ရေဆန်တက်တတ်သော ပုဂ္ဂိုလ်၊ ရပ်တည်သော သဘောရှိသော ပုဂ္ဂိုလ်၊ ကမ်းတစ်ဖက်ရောက် ကူးမြောက်ပြီး၍ ကုန်းထက်၌ တည်သည့် မြတ်သော ပုဂ္ဂိုလ်တို့တည်း။ ရဟန်းတို့ (သံသရာ) ရေစုန်ဆင်းတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာမဂုဏ်တို့ကိုလည်း မှီဝဲ၏၊ မကောင်းမှုကံကိုလည်း ပြု၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို (သံသရာ) ရေစုန်ဆင်းတတ်သော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ (သံသရာ) ရေဆန်တက်တတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာမဂုဏ်တို့ကိုလည်း မမှီဝဲ၊ မကောင်းမှုကံကိုလည်း မပြု၊ ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ ဆင်းရဲခြင်းနှင့်တကွ မျက်ရည်ရွှမ်းစို ငိုယိုသော မျက်နှာရှိလျက်လည်း ပြည့်စုံ စင်ကြယ်သော မြတ်သော အကျင့်ကို ကျင့်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို (သံသရာ) ရေဆန်တက်တတ် သော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ ရပ်တည်သော သဘောရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အောက်ကာမဘုံ၌ ပဋိသန္ဓေနေခြင်းအဖို့ရှိသည့် ငါးပါးသော သံယောဇဉ် ‘အနှောင်အဖွဲ့’တို့၏ ကုန်ခြင်းကြောင့် ဥပပါတ်ပဋိသန္ဓေ တည်နေရ၏၊ ထို ဘုံ၌ ပရိနိဗ္ဗာန် ပြု၏၊ ထို ဘုံမှ ပြန်လည်ခြင်းသဘော မရှိ။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ရပ်တည်သော သဘောရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ ကမ်းတစ်ဖက်ရောက် ကူးမြောက်ပြီး၍ ကုန်းထက်၌ တည်သည့် မြတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော ကိလေသာမှ လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် ကိလေသာမှ့လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြု၍ ရောက်လျက် နေ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ကမ်းတစ်ဖက်ရောက် ကူးမြောက်ပြီး၍ ကုန်းထက်၌ တည်သည့် မြတ်သော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

အချို့သော ပုဂ္ဂိုလ်တို့သည် ကာမဂုဏ်တို့၌ မစောင့်ရှောက်ကုန်သည်ဖြစ်၍ ရာဂ မကင်းကြကုန်ဘဲ ဤကာမဘုံ၌ ကာမဂုဏ်စည်းစိမ်ကို ခံစားကုန်၏၊ ထို ပုဂ္ဂိုလ်တို့သည် အဖန်ဖန် ပဋိသန္ဓေနေခြင်း အိုခြင်းသို့ ကပ်ကုန်လျက် တဏှာလွှမ်းမိုး ကုန်သည် ဖြစ်၍ (သံသရာ) ရေစုန်ဆင်းတတ်သော ပုဂ္ဂိုလ်တို့ မည်ကုန်၏။ ထို့ကြောင့်သာလျှင် ထင်သော သတိရှိသော ပညာရှိသည် ဤကာမဘုံ၌ ကာမ ဂုဏ်တို့ကိုလည်းကောင်း၊ မကောင်းမှုတို့ကိုလည်းကောင်း မမှီဝဲဘဲ ဆင်းရဲ ငြိုငြင်ခြင်းနှင့် တကွလည်း ကာမဂုဏ်တို့ကို စွန့်လွှတ်ရာ၏၊ ထို ပုဂ္ဂိုလ်ကို (သံသရာ) ရေဆန်တက်တတ်သော ပုဂ္ဂိုလ်ဟု ပညာရှိတို့ ဆိုကုန်၏။ အကြင်သူသည် (သြရ မ္ဘာဂိယသံယောဇဉ်နှောင်ကြိုး) ကိလေသာငါးမျိုးတို့ကို ဧကန် စင်စစ် ပယ်စွန့်၍ ပြည့်စုံသော အကျင့်ရှိ၏၊ မယုတ်လျော့သော သဘောရှိ၏၊ စိတ်၏ လေ့လာခြင်း အထွတ်အထိပ်သို့ ရောက်၏၊ တည်ကြည်သော ဣန္ဒြေရှိ၏၊ ထို ပုဂ္ဂိုလ်ကို ရပ်တည်သော သဘောရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ အကြင် ပုဂ္ဂိုလ်သည် အမြတ် အယုတ် (ကုသိုလ် အကုသိုလ်)တရားတို့ကို (ဉာဏ်ဖြင့်) ကောင်းစွာ သက်ရောက်လျက် ဖျက်ဆီးပြီးဖြစ်၍ (ယင်းတရားတို့) ကွယ်ပျောက်ကုန်၏၊ မရှိကုန်၊ (မဂ်ဟူသော) မြတ်သော အကျင့်ကို ကျင့်သုံးပြီးသည် ဖြစ်၍ လောကသုံးပါး၏ အဆုံးသို့ ရောက်သော ထို ပုဂ္ဂိုလ်ကို စင်စစ် ကမ်းတစ်ဖက်သို့ ရောက်သော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ပဉ္စမသုတ်။