အင်္ဂုတ္တရနိကာယ်

၁-ဘဏ္ဍဂါမဝဂ်

၆-အပ္ပဿုတသုတ်

၆။ ရဟန်းတို့ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— အကြားအမြင်နည်း၍ ကြားနာအပ်သော တရားနှင့် မပြည့်စုံသော ပုဂ္ဂိုလ်၊ အကြားအမြင်နည်း၍ ကြားနာအပ်သော တရားနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၊ အကြားအမြင်များ၍ ကြားနာအပ်သော တရားနှင့် မပြည့်စုံသော ပုဂ္ဂိုလ်၊ အကြားအမြင်များ၍ ကြားနာအပ်သော တရားနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့တည်း။ ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အကြားအမြင်နည်း၍ ကြားနာအပ်သော တရားနှင့် မပြည့်စုံသူ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် (ဘုရားဟောသုတ်အမည်ရသော) သုတ်ကိုလည်းကောင်း၊ (ဂါထာ, စုဏ္ဏိယရော၍ ဟောအပ်သော) ဂေယျကိုလည်းကောင်း၊ (ဂါထာမဖက် စုဏ္ဏိယသက်သက်ဖြင့် ဟောအပ်သော) ဝေယျာကရဏကိုလည်းကောင်း၊ (ဂါထာသက်သက်ဖြင့် ဟောအပ် သော) ဂါထာကိုလည်းကောင်း၊ (ဝမ်းမြောက်ကြည်နူး၍ ရင့်ကျူးတော်မူအပ်သော ဂါထာရှစ်ဆယ့်နှစ်ပါး ပါဝင်သော) ဥဒါန်းကိုလည်းကောင်း၊ (ဤသည့်တရားကို ဘုရားမြတ်စွာသည် ဤသို့ ဟောကြားအပ်ပါ၏ဟု ညွှန်ပြသည့်) ဣတိဝုတ်ကိုလည်းကောင်း၊ (ငါးရာ့ငါးဆယ်သော) ဇာတ်ကိုလည်းကောင်း (အံ့ဖွယ် ချီးကျူးမဖြစ်ဖူးမြဲ ထူးကဲဖြစ်ပေါ် ဟောကြားတော်မူအပ်သော)အဗ္ဘုတဓမ္မကိုလည်းကောင်း၊ (ပညာဟူသော ‘ဝေဒ’, နှစ်သက်ခြင်း’တုဋ္ဌိ’ ရရှိသောအခါတိုင်း မေးမြန်းဖြေကြား ဟောပြတော်မူအပ်သော) ဝေဒလ္လကိုလည်းကောင်း အနည်းငယ်သာ ကြားနာဖူး၏။ ထို ပုဂ္ဂိုလ်သည် အနည်းငယ်သာ ကြားနာဖူးသော ထိုတရား၏ အနက်ကို သိ၍ ပါဠိကို သိ၍့ (လောကုတ္တရာ)တရားအားလျော်သော အကျင့်ကို ကျင့်သူ မဟုတ်။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အကြားအမြင်နည်း၍ ကြားနာအပ်သော တရားနှင့် မပြည့်စုံသူ မည်၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အကြားအမြင်နည်း၍ ကြားနာအပ်သော တရားနှင့် ပြည့်စုံသူ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သုတ်ကိုလည်းကောင်း၊ ဂေယျကိုလည်းကောင်း၊ ဝေယျာကရဏကိုလည်းကောင်း၊ ဂါထာကိုလည်းကောင်း၊ ဥဒါန်းကိုလည်းကောင်း၊ ဣတိဝုတ် ကိုလည်းကောင်း၊ ဇာတ်ကိုလည်းကောင်း၊ အဗ္ဘုတဓမ္မကိုလည်းကောင်း၊ ဝေဒလ္လကိုလည်းကောင်း အနည်း ငယ်သာ ကြားနာဖူး၏။ ထို ပုဂ္ဂိုလ်သည် အနည်းငယ်သာ ကြားနာဖူးသော ထိုတရား၏ အနက်ကို သိ၍ ပါဠိကို သိ၍ (လောကုတ္တရာ)တရားအားလျော်သော အကျင့်ကို ကျင့်သူ ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အကြားအမြင်နည်း၍ ကြားနာအပ်သော တရားနှင့် ပြည့်စုံသူ မည်၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အကြားအမြင်များ၍ ကြားနာအပ်သော တရားနှင့် မပြည့်စုံ သူဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သုတ်ကိုလည်းကောင်း၊ ဂေယျကိုလည်းကောင်း၊ ဝေယျာကရဏကိုလည်းကောင်း၊ ဂါထာကိုလည်းကောင်း၊ ဥဒါန်းကိုလည်းကောင်း၊ ဣတိဝုတ်ကိုလည်းကောင်း၊ ဇာတ်ကိုလည်းကောင်း၊ အဗ္ဘုတဓမ္မကိုလည်းကောင်း၊ ဝေဒလ္လကိုလည်းကောင်း များစွာ ကြားနာဖူး၏။ ထို ပုဂ္ဂိုလ်သည် များစွာ ကြားနာဖူးသော ထိုတရား၏ အနက်ကို သိ၍ ပါဠိကို သိ၍ (လောကုတ္တရာ)တရားအားလျော်သော အကျင့်ကို ကျင့်သူ မဟုတ်။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အကြားအမြင်များ၍ ကြားနာအပ်သော တရားနှင့် မပြည့်စုံသူ မည်၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အကြားအမြင်များ၍ ကြားနာအပ်သော တရားနှင့် ပြည့်စုံသူဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သုတ်ကိုလည်းကောင်း၊ ဂေယျကိုလည်းကောင်း၊ ဝေယျာကရဏကိုလည်းကောင်း၊ ဂါထာကိုလည်းကောင်း၊ ဥဒါန်းကိုလည်းကောင်း၊ ဣတိဝုတ် ကိုလည်းကောင်း၊ ဇာတ်ကိုလည်းကောင်း၊ အဗ္ဘုတဓမ္မကိုလည်းကောင်း၊ ဝေဒလ္လကိုလည်းကောင်း များစွာ ကြားနာဖူး၏။ ထို ပုဂ္ဂိုလ်သည် များစွာ ကြားနာဖူးသော ထိုတရား၏ အနက်ကို သိ၍ ပါဠိကို သိ၍ (လောကုတ္တရာ)တရားအားလျော်သော အကျင့်ကို ကျင့်သူ ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အကြားအမြင်များ၍ ကြားနာအပ်သော တရားနှင့် ပြည့်စုံသူ မည်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

(အကြင်သူသည်) အကယ်၍ အကြားအမြင်လည်းနည်း သီလတို့၌လည်းကောင်း စွာ မတည်ငြားအံ့၊ ထို ပုဂ္ဂိုလ်ကို သီလအားဖြင့်လည်းကောင်း၊ အကြား အမြင်အားဖြင့်လည်းကောင်း နှစ်ပါးသော အဖို့အားဖြင့် ကဲ့ရဲ့ကြကုန်၏။ (အကြင်သူသည်) အကယ်၍ အကြားအမြင်နည်းသော်လည်း သီလတို့၌ ကောင်းစွာ တည်ငြားအံ့၊ ထိုသူကို သီလအားဖြင့် ချီးမွမ်းကြကုန်၏၊ ထိုသူ၏ အကြားအမြင်သည်ကား မပြည့်စုံ။ (အကြင်သူသည်) အကြားအမြင်များလျက်လည်း သီလတို့၌ ကောင်းစွာ မတည်ငြားအံ့၊ ထိုသူကို သီလအားဖြင့် ကဲ့ရဲ့ကြကုန်၏၊ ထိုသူ၏ အကြားအမြင်သည်ကား ပြည့်စုံ၏။ (အကြင်သူသည်) အကယ်၍ အကြားအမြင်လည်းများ သီလတို့၌လည်းကောင်း စွာ တည်အံ့၊ ထိုသူကို သီလအားဖြင့်လည်းကောင်း၊ အကြားအမြင်အားဖြင့်လည်းကောင်း နှစ်ပါးသော အဖို့အားဖြင့် ချီးမွမ်းကြကုန်၏။ တစ်နိက္ခရှိသော ဇမ္ဗူရာဇ်ရွှေကဲ့သို့ အကြားအမြင်များသော၊ တရားကို ဆောင် သော၊ ကောင်းသော ပညာရှိသော ထို မြတ်စွာဘုရား၏ တပည့်သာဝကကို အဘယ် သူသည် ကဲ့ရဲ့ထိုက်ပါအံ့နည်း၊ ထိုသူကို နတ်တို့လည်း ချီးမွမ်းကုန်၏၊ ဗြဟ္မာလည်း ချီးမွမ်း၏။

ဆဋ္ဌသုတ်။