အင်္ဂုတ္တရနိကာယ်

(၇) ၂-ပတ္တကမ္မဝဂ်

၁-ပတ္တကမ္မသုတ်

၆၁။ ထိုအခါ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ဒါယကာ လောက၌ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ် ခဲယဉ်းသဖြင့် ရအပ်သော တရားတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ငါ့အားတရားနှင့်အညီ စည်းစိမ်တို့သည် ဖြစ်စေကုန်သတည်း။ ဤသည်ကား လောက၌ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ် ခဲယဉ်းသဖြင့် ရအပ်သော ပဌမတရားတည်း။

တရားနှင့်အညီ စည်းစိမ်တို့ကို ရ၍ အဆွေအမျိုးတို့နှင့် တကွ အဆွေခင်ပွန်းတို့နှင့် တကွ ငါ့အား အခြံအရံသည် ရောက်လာစေသတည်း။ ဤသည်ကား လောက၌ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ် ခဲယဉ်းသဖြင့် ရအပ်သော ဒုတိယတရားတည်း။

တရားနှင့်အညီ စည်းစိမ်တို့ကို ရ၍ အဆွေအမျိုးတို့နှင့်တကွ အဆွေခင်ပွန်းတို့နှင့်တကွ အခြံအရံကို ရ၍ ကြာမြင့်စွာ အသက်ရှည်လို၏၊ ရှည်သော အသက်ကို စောင့်ရှောက်လို၏။ ဤသည်ကား လောက၌ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ် ခဲယဉ်းသဖြင့် ရအပ်သော တတိယတရားတည်း။

တရားနှင့်အညီ စည်းစိမ်တို့ကို ရ၍ အဆွေအမျိုးတို့နှင့်တကွ အဆွေခင်ပွန်းတို့နှင့်တကွ အခြံအရံကို ရ၍ ကြာမြင့်စွာ အသက်ရှည်၍ ရှည်သော အသက်ကို စောင့်ရှောက်၍ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရလို၏။ ဤသည်ကား လောက၌ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ် ခဲယဉ်းသဖြင့် ရအပ်သော စတုတ္ထတရားတည်း။ ဒါယကာ လောက၌ အလို ရှိအပ် နှစ်သက်အပ် မြတ်နိုးအပ် ခဲယဉ်းသဖြင့် ရအပ်သော တရားတို့သည် ဤလေးမျိုးတို့တည်း။

ဒါယကာ လောက၌ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ် ခဲယဉ်းသဖြင့် ရအပ်သော ဤ(အကျိုး) တရားလေးမျိုးတို့ကို ရရန် အကြောင်းတရား လေးမျိုးတို့ ရှိကုန်၏၊ အဘယ်လေးမျိုးတို့နည်းဟူမူ— သဒ္ဓါတရားနှင့် ပြည့်စုံခြင်း၊ သီလနှင့် ပြည့်စုံခြင်း၊ စွန့်ကြဲမှု’စာဂ’နှင့် ပြည့်စုံခြင်း၊ ပညာနှင့် ပြည့်စုံခြင်းတို့တည်း။

ဒါယကာ သဒ္ဓါတရားနှင့် ပြည့်စုံခြင်းဟူသည် အဘယ်နည်း၊ ဒါယကာ ဤသာသနာတော်၌ အရိယာ တပည့်သည် သဒ္ဓါတရားနှင့် ပြည့်စုံ၏ “ထို မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ်’ဝိဇ္ဇာ’ အကျင့်’စရဏ’နှင့် ပြည့်စုံ တော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူတတ်သော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရား တို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု မြတ်စွာဘုရား၏ ‘အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတ ဉာဏ်’ကို ယုံကြည်၏။ ဒါယကာ ဤသည်ကို သဒ္ဓါတရားနှင့် ပြည့်စုံခြင်းဟု ဆိုအပ်၏။

ဒါယကာ သီလနှင့် ပြည့်စုံခြင်းဟူသည် အဘယ်နည်း၊ ဒါယကာ ဤသာသနာတော်၌ အရိယာ တပည့်သည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်၏။ ဒါယကာ ဤသည်ကို သီလနှင့် ပြည့်စုံခြင်းဟု ဆိုအပ်၏။

ဒါယကာ စွန့်ကြ ဲခြင်း’စာဂ’နှင့် ပြည့်စုံခြင်းဟူသည် အဘယ်နည်း၊ ဒါယကာ ဤသာသနာတော်၌ အရိယာတပည့်သည် ဝန်တိုခြင်းအညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ လွတ်လွတ် စွန့်ကြဲ၏၊ ဆေးကြောအပ်သော လက်ရှိ၏၊ စွန့်ကြဲမှု၌ မွေ့လျော်၏၊ အတောင်းခံရန် အသင့်ဖြစ်၏၊ ပေးကမ်းမှု ခွဲဝေမှု၌ မွေ့လျော်၏။ ဒါယကာ ဤသည်ကို စွန့်ကြ ဲခြင်းနှင့် ပြည့်စုံခြင်းဟု ဆိုအပ်၏။

ဒါယကာ ပညာနှင့် ပြည့်စုံခြင်းဟူသည် အဘယ်နည်း။ ဒါယကာ မက်မောခြင်း ‘အဘိဇ္ဈာ’တည်းဟူသော ဝိသမလောဘ နှိပ်စက်သော စိတ်ဖြင့် နေသူသည် မပြုသင့်သော အမှုကို ပြု၏၊ ပြုသင့်သော အမှုကို ချွတ်ယွင်းစေ၏၊ မပြုသင့်သော အမှုကို ပြု၍ ပြုသင့်သော အမှုကို ချွတ်ယွင်းစေသောကြောင့် အခြံအရံမှလည်းကောင်း၊ ချမ်းသာမှလည်းကောင်း ဆုတ်ယုတ် ပျက်စီး၏၊ ဒါယကာ ပျက်စီးစေလိုခြင်း ‘ဗျာပါဒ’ နှိပ်စက်သော စိတ်ဖြင့် နေသူသည် မပြုသင့်သော အမှုကို ပြု၏၊ ပြုသင့်သော အမှုကို ချွတ်ယွင်းစေ၏၊ မပြုသင့်သော အမှုကို ပြု၍ ပြုသင့်သော အမှုကို ချွတ်ယွင်းစေသောကြောင့် အခြံအရံမှလည်းကောင်း၊ ချမ်းသာမှလည်းကောင်း ဆုတ်ယုတ် ပျက်စီး၏။ ဒါယကာ လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ နှိပ်စက်သော စိတ်ဖြင့် နေသူသည် မပြုသင့်သော အမှုကို ပြု၏၊ ပြုသင့်သော အမှုကို ချွတ်ယွင်းစေ၏၊ မပြုသင့်သော အမှုကို ပြု၍ ပြုသင့်သော အမှုကို ချွတ်ယွင်းစေသောကြောင့် အခြံအရံမှလည်းကောင်း၊ ချမ်းသာမှလည်းကောင်း ဆုတ်ယုတ်ပျက်စီး၏။ ဒါယကာပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တ ပူပန်ခြင်း ‘ကုက္ကုစ္စ’ နှိပ်စက်သော စိတ်ဖြင့် နေသူသည် မပြုသင့်သော အမှုကို ပြု၏၊ ပြုသင့်သော အမှုကို ချွတ်ယွင်းစေ၏၊ မပြုသင့်သော အမှုကို ပြု၍ ပြုသင့်သော အမှုကို ချွတ်ယွင်းစေသောကြောင့် အခြံအရံမှလည်းကောင်း၊ ချမ်းသာမှလည်းကောင်း ဆုတ်ယုတ် ပျက်စီး၏။ ဒါယကာ မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ နှိပ်စက်သော စိတ်ဖြင့် နေသူသည့်မပြုသင့်သော အမှုကို ပြု၏၊ ပြုသင့်သော အမှုကို ချွတ်ယွင်းစေ၏၊ မပြုသင့်သော အမှုကို ပြု၍ ပြုသင့်သော အမှုကို ချွတ်ယွင်းစေသောကြောင့် အခြံအရံမှလည်းကောင်း၊ ချမ်းသာမှလည်းကောင်း ဆုတ်ယုတ်ပျက်စီး၏။

ဒါယကာ ထို အရိယာတပည့်သည် “မက်မောခြင်း ‘အဘိဇ္ဈာ’ဟူသော ဝိသမလောဘသည် စိတ်၏ ညစ်ညူးကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်ညူးကြောင်းဖြစ်သော မက်မောခြင်း ‘အဘိဇ္ဈာ’ဟူသော ဝိသမလောဘကို ပယ်စွန့်၏၊ “ပျက်စီးစေလိုခြင်း ‘ဗျာပါဒ’သည် စိတ်၏ ညစ်ညူးကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်ညူးကြောင်းဖြစ်သော ဗျာပါဒကို ပယ်စွန့်၏၊ “လေးလံထိုင်းမှိုင်းခြင်း ထိနမိဒ္ဓသည် စိတ်၏ ညစ်ညူးကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်ညူးကြောင်းဖြစ်သော လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ကို ပယ်စွန့်၏၊ “ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တပူပန်ခြင်း ‘ကုက္ကုစ္စ’သည် စိတ်၏ညစ်ညူးကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်ညူးကြောင်း ဖြစ်သော ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တပူပန်ခြင်း ‘ကုက္ကုစ္စ’ကို ပယ်စွန့်၏၊ “မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’သည် စိတ်၏ ညစ်ညူးကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်ညူး ကြောင်းဖြစ်သော မဝေခွဲနိုင်ခြင်း ‘ဝိစိကိစ္ဆာ’ ကို ပယ်စွန့်၏။ ဒါယကာ အကြင် အခါ၌ အရိယာတပည့်သည် “မက်မောခြင်း ‘အဘိဇ္ဈာ’ဟူသော ဝိသမလောဘသည် စိတ်၏ ညစ်ညူးကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်ညူးကြောင်းဖြစ်သော အဘိဇ္ဈာဟူသော ဝိသမလောဘကို ပယ်စွန့်ပြီး ဖြစ်၏၊ “ပျက်စီးစေလိုခြင်း ‘ဗျာပါဒ’သည် စိတ်၏ ညစ်ညူးကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်ညူးကြောင်းဖြစ်သော ပျက်စီး စေလိုခြင်း ‘ဗျာပါဒ’ ကို ပယ်ပြီး ဖြစ်၏၊ “လေးလံထိုင်းမှိုင်းခြင်း ထိနမိဒ္ဓသည် စိတ်၏ ညစ်ညူးကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်ညူးကြောင်းဖြစ်သော လေးလံထိုင်းမှိုင်းခြင်း ‘ထိနမိဒ္ဓ’ ကို ပယ်ပြီး ဖြစ်၏၊ “ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တပူပန်ခြင်း ‘ကုက္ကုစ္စ’သည် စိတ်၏ ညစ်ညူးကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်ညူးကြောင်းဖြစ်သော ပျံ့လွင့်ခြင်း ‘ဥဒ္ဓစ္စ’ နောင်တပူပန်ခြင်း ‘ကုက္ကုစ္စ’ ကို ပယ်ပြီးဖြစ်၏၊ “မဆုံးဖြတ် နိုင်ခြင်း ‘ဝိစိကိစ္ဆာ’သည် စိတ်၏ ညစ်ညူးကြောင်းတည်း”ဟု သိ၍ စိတ်၏ ညစ်ညူးကြောင်းဖြစ်သော မဆုံးဖြတ်နိုင်ခြင်း ‘ဝိစိကိစ္ဆာ’ကို ပယ်ပြီး ဖြစ်၏။ ဒါယကာ ထိုအခါ ဤသို့သော အရိယာတပည့်ကို ကြီးသော ပညာရှိသူ ပြန့်ပြောသော ပညာရှိသူ ထင်ရှားစွာ မြင်တတ်သော ပညာနှင့် ပြည့်စုံသူဟူ၍ ဆိုအပ်၏။ ဒါယကာ ဤသည်ကို ပညာနှင့် ပြည့်စုံခြင်းဟူ၍ ဆိုအပ်၏။ ဒါယကာ လောက၌ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ် ခဲယဉ်းသဖြင့် ရအပ်သော ဤ(အကျိုး)တရားလေးမျိုးတို့ကို ရရန် ဤ(အကြောင်း)တရားလေးမျိုးတို့သည် ရှိကုန်၏။

ဒါယကာ ထို အရိယာတပည့်သည် လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျ ဖြစ်စေအပ်ကုန်သော တရားနှင့် ယှဉ်ကုန်သော တရားသဖြင့် ရအပ်ကုန်သော ထကြွလုံ့လဖြင့် ရအပ်ကုန်သော စည်းစိမ်တို့ဖြင့် လျောက်ပတ်သော အမှုလေးမျိုးတို့ကို ပြုတတ်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ဒါယကာ ဤလောက၌ အရိယာတပည့်သည် လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျ ဖြစ်စေအပ်ကုန်သော တရားနှင့် ယှဉ်ကုန်သော တရားသဖြင့် ရအပ်ကုန်သော ထကြွလုံ့လဖြင့် ရအပ်ကုန်သော စည်းစိမ်တို့ဖြင့် မိမိကိုယ်ကို ချမ်းသာစေ၏၊ နှစ်သက်စေ၏၊ ချမ်းသာကို ကောင်းစွာ ဆောင်၏၊ အမိ အဖတို့ကို ချမ်းသာစေ၏၊ နှစ်သက်စေ၏၊ ချမ်းသာကို ကောင်းစွာ ဆောင်၏၊ သားမယား ကျွန်အမှုလုပ် ယောကျာ်းတို့ကို ချမ်းသာ စေ၏၊ နှစ်သက်စေ၏၊ ချမ်းသာကို ကောင်းစွာ ဆောင်၏၊ ဆွေ မျိုးခင်ပွန်းတို့ကို ချမ်းသာစေ၏၊ နှစ်သက်စေ၏၊ ချမ်းသာကို ကောင်းစွာ ဆောင်၏။ ဤသည်ကား ထို အရိယာတပည့်၏ ပဌမ သင့်သော အကြောင်းသို့ ရောက်သော၊ သင့်သော အရာသို့ ရောက်သော၊ သင့်သော အကြောင်းအားဖြင့် သုံးဆောင် အပ်သော စည်းစိမ်ဖြစ်၏။

ဒါယကာ နောက်တစ်မျိုးကား အရိယာတပည့်သည် လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျ့ဖြစ်စေအပ်ကုန်သော တရားနှင့် ယှဉ်ကုန်သော တရားသဖြင့် ရအပ်ကုန်သော ထကြွလုံ့လဖြင့် ရအပ် ကုန်သော စည်းစိမ်ဥစ္စာတို့ဖြင့် မီးကြောင့်လည်းကောင်း၊ ရေကြောင့်လည်းကောင်း၊ မင်းကြောင့်လည်းကောင်း၊ ခိုးသူကြောင့်လည်းကောင်း၊ မချစ်မနှစ်သက်အပ်သူ အမွေခံဆိုးတို့ကြောင့်လည်းကောင်း ဖြစ်ကုန် သော ထိုသို့သဘောရှိကုန်သော ဘေးရန်တို့၌ ထက်ဝန်းကျင်မှ ပိတ်ဆို့၍ ဖြစ်၏၊ မိမိကိုယ်ကို ချမ်းသာ အောင် ပြု၏။ ဤသည်ကား ထို အရိယာတပည့်၏ ဒုတိယသင့်သော အကြောင်းသို့ ရောက်သော၊ သင့်သော အရာသို့ ရောက်သော၊ သင့်သော အကြောင်းအားဖြင့် သုံးဆောင်အပ်သော စည်းစိမ်ဖြစ်၏။

ဒါယကာ နောက်တစ်မျိုးကား အရိယာတပည့်သည် လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျ ဖြစ်စေအပ်ကုန်သော တရားနှင့် ယှဉ်ကုန်သော တရားသဖြင့် ရအပ်ကုန်သော ထကြွလုံ့လဖြင့် ရအပ် ကုန်သော စည်းစိမ်တို့ဖြင့် အဆွေအမျိုးအား ပြုအပ်သော ပူဇော်ခြင်းကိုလည်းကောင်း၊ ဧည့်သည်တို့အား ပြုအပ်သော ပူဇော်ခြင်းကိုလည်းကောင်း၊ ရှေး၌ သေပြီးသော အဆွေအမျိုးတို့အား ပြုအပ်သော ပူဇော်ခြင်းကိုလည်းကောင်း၊ မင်းအား ပြုအပ်သော ပူဇော်ခြင်းကိုလည်းကောင်း နတ်အား ပြုအပ်သော ပူဇော်ခြင်းကိုလည်းကောင်း ဤသို့ ပူဇော်ခြင်း (ဗလိ) ငါးမျိုးကို ပြုတတ်၏။ ဤသည်ကား ထို အရိယာ တပည့်၏ တတိယသင့်သော အကြောင်းသို့ ရောက်သော၊ သင့်သော အရာသို့ ရောက်သော၊ သင့်သော အကြောင်းအားဖြင့် သုံးဆောင်အပ်သော စည်းစိမ်ဖြစ်၏။

ဒါယကာ နောက် တစ်မျိုးကား အရိယာတပည့်သည် လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျ ဖြစ်စေအပ်ကုန်သော တရားနှင့် ယှဉ်ကုန်သော တရားသဖြင့် ရအပ်ကုန်သော ထကြွလုံ့လဖြင့် ရအပ်ကုန် သော စည်းစိမ်တို့ဖြင့် မာန်ယစ်ခြင်း မေ့လျော့ခြင်းမှ ကြဉ်ကုန်သော၊ သည်းခံခြင်း, ကောင်းသောအမှု၌ မွေ့လျော်ခြင်း၌ တည်ကုန်သော၊ တစ်ယောက်တည်းသော မိမိကိုယ်ကို ဆုံးမကုန်သော၊ တစ်ခုတည်းသော မိမိစိတ်ကို (ကိလေသာမှ) ငြိမ်းစေကုန်သော၊ တစ်ခုတည်းသော မိမိစိတ်ကို (ကိလေသ ပရိနိဗ္ဗာန်အားဖြင့်) ငြိမ်းအေးစေကုန်သော သဘောရှိသည့် သမဏဗြာဟ္မဏတို့၌ အထက် အထက်ဘုံတို့သို့ သွားကြောင်း ဖြစ်သော၊ နတ်ပြည်၏ အစီးအပွါး ဖြစ်သော၊ ချမ်းသာကျိုးရှိသော၊ ကောင်းမြတ်သော အာရုံကို ဖြစ်စေ တတ်သော မြတ်သောအလှူကို ဖြစ်စေ၏။ ဤသည်ကား ထို အရိယာတပည့်၏ စတုတ္ထသင့်သော အကြောင်းသို့ ရောက်သော၊ သင့်သော အရာသို့ ရောက်သော၊ သင့်သော အကြောင်းအားဖြင့် သုံးဆောင် အပ်သော စည်းစိမ် ဖြစ်၏။

ဒါယကာ အရိယာတပည့်သည် လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျ ဖြစ်စေအပ်ကုန်သော တရားနှင့် ယှဉ်ကုန်သော တရားသဖြင့် ရအပ်ကုန်သော ထကြွလုံ့လဖြင့် ရအပ်ကုန်သော စည်းစိမ်တို့ဖြင့် ဤလေးမျိုးကုန်သော လျောက်ပတ်ကုန်သော အမှုတို့ကို ပြုတတ်၏။ ဒါယကာ မည်သည့်ပုဂ္ဂိုလ်အားမဆို ဤလျောက်ပတ်သော အမှုလေးမျိုးတို့ကို ပယ်ထား၍ စည်းစိမ်တို့သည် ကုန်ခန်းခြင်းသို့ ရောက်ကုန်အံ့၊ ဒါယကာ ဤစည်းစိမ်တို့ကို မသင့်သော အကြောင်းသို့ ရောက်သော၊ မလျော်သော အရာသို့ ရောက် သော၊ မသင့်သော အကြောင်းအားဖြင့် သုံးဆောင်အပ်သော စည်းစိမ်တို့ဟူ၍ ဆိုအပ်ကုန်၏။ ဒါယကာ မည်သည့် ပုဂ္ဂိုလ်အားမဆို ဤလျောက်ပတ်သော အမှုလေးမျိုးတို့ဖြင့် စည်းစိမ်တို့သည် ကုန်ခန်းခြင်းသို့ ရောက်ကုန်အံ့၊ ဒါယကာ ဤစည်းစိမ်တို့ကို သင့်သော အကြောင်းသို့ ရောက်သော၊ သင့်သော အရာသို့ ရောက်သော၊ သင့်သော အကြောင်းအားဖြင့် သုံးဆောင်အပ်သော စည်းစိမ်တို့ဟူ၍ ဆိုအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ငါသည် စည်းစိမ်တို့ကို သုံးဆောင်ခဲ့ပြီ၊ (မိဘတို့ကို) လုပ်ကျွေးခဲ့ပြီ၊ (သား မယားတို့ကို) မွေးမြူခဲ့ပြီ၊ ဘေးရန်တို့ကို လွန်မြောက်ခဲ့ပြီ၊ အထက်နတ်ပြည်၌ ဖြစ်စေတတ်သော အလှူကို ပေးလှူခဲ့ပြီ၊ ထို့ပြင် ငါးမျိုးသော ပူဇော်မှုကိုလည်း ပြုခဲ့ပြီ၊ သီလရှိကုန် (ကိုယ် နှုတ် နှလုံးကို) စောင့်သုံးကုန်သော မြတ်သော အကျင့်ကို ကျင့်သုံးသူတို့အား လုပ်ကျွေးခဲ့ပြီ။

အိမ်၌နေသော ပညာရှိသူသည် အကြင် အကျိုးငှါ စည်းစိမ်တို့ကို အလိုရှိရာ၏၊ ထို အကျိုးသည် ငါ့အား အစဉ်ရောက်ပြီ၊ နောင်တစ်ဖန် မပူပန်စေတတ်သော အမှုကို ငါသည် ပြုခဲ့ပြီ။ ထို အခြင်းအရာကို အဖန်ဖန်အောက်မေ့သော လူသတ္တဝါသည် အရိယာတို့၏တရား၌ တည်၏၊ အရိယာတို့၏တရား၌ တည်သော သူကို ဤဘဝ၌ပင်လျှင် ချီးမွမ်းအပ်ကုန်၏၊ တမလွန်ဘဝဝယ် နတ်ပြည်၌ မွေ့လျော်ရလေသတည်း။

ပဌမသုတ်။