အင်္ဂုတ္တရနိကာယ်

(၇) ၂-ပတ္တကမ္မဝဂ်

၆-သရာဂသုတ်

၆၆။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုး တို့နည်းဟူမူ— တပ်မက်ခြင်း ‘ရာဂ’ရှိသော ပုဂ္ဂိုလ်၊ အမျက်ထွက်ခြင်း ‘ဒေါသ’ ရှိသော ပုဂ္ဂိုလ်၊ တွေဝေခြင်း ‘မောဟ’ ရှိသော ပုဂ္ဂိုလ်၊ ထောင်လွှားခြင်း ‘မာန’ ရှိသော ပုဂ္ဂိုလ်တို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

တပ်မက်ဖွယ်တို့၌ ပြင်းပြစွာ တပ်မက်ကုန်သော၊ ချစ်ဖွယ်တို့၌ ပြင်းပြစွာ နှစ်သက်ကုန်သော၊ မောဟဖြင့် ပိတ်ဆို့အပ်ကုန်သော၊ (ကိလေသာတို့သည်) ဖွဲ့အပ်ကုန်သော သတ္တဝါတို့သည် (ကိလေသာ) အနှောင်အဖွဲ့ကို ပွါးစေကုန်၏။ ပညာမရှိသူတို့သည် ရာဂကြောင့်လည်း ဖြစ်သော၊ ဒေါသကြောင့်လည်း ဖြစ်သော၊ မောဟကြောင့်လည်း ဖြစ်သော ပင်ပန်းခြင်းရှိသော ဆင်းရဲကို ပွါးစေ တတ်သော အကုသိုလ်ကံကို ပြုကုန်၏။ ပညာမျက်စိ မရှိကုန်ဘဲ အဝိဇ္ဇာပိတ်ဆို့အပ်ကုန်သည် ဖြစ်၍၊ သူကန်းသဖွယ်ဖြစ်ကုန်သော သတ္တဝါတို့သည် (ရာဂစသော)တရားအားလျော်စွာ ဖြစ်ကုန်၍ (ငါတို့သည်) ဤသို့သဘောရှိကုန်၏ဟု ထိုတရားသဘောကို မအောက်မေ့နိုင်ကြကုန်။

ဆဋ္ဌသုတ်။