အင်္ဂုတ္တရနိကာယ်

(၇) ၂-ပတ္တကမ္မဝဂ်

၇-အဟိရာဇသုတ်

၆၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ သာဝတ္ထိပြည်၌ ရဟန်းတစ်ပါးသည် မြွေကိုက်၍ သေလေ၏၊ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ကြကုန်လျက် မြတ်စွာဘုရားအား— “အသျှင်ဘုရား ဤသာဝတ္ထိပြည်၌ ရဟန်းတစ်ပါးသည် မြွေကိုက်၍ သေလွန်ပါ၏”ဟု လျှောက်ကုန်၏။

ရဟန်းတို့ ထိုရဟန်းသည် မြွေမင်းလေးမျိုးတို့ကို မေတ္တာစိတ်ဖြင့် မပျံ့နှံ့စေယောင်တကား၊ ရဟန်းတို့ အကယ်၍ ထိုရဟန်းသည် မြွေမင်းလေးမျိုးတို့ကို မေတ္တာစိတ်ဖြင့် ပျံ့နှံ့စေခဲ့လျှင် မြွေကိုက်၍ မသေရာ။

အဘယ်လေး မျိုးတို့နည်းဟူမူ— ဝိရူပက္ခမြွေမင်းမျိုး၊ ဧရာပထမြွေမင်းမျိုး၊ ဆဗျာပုတ္တမြွေမင်းမျိုး၊ ကဏှာဂေါတမမြွေမင်းမျိုးတို့တည်း။ ရဟန်းတို့ ထိုရဟန်းသည် ဤမြွေမင်းလေးမျိုးတို့ကို မေတ္တာစိတ်ဖြင့် မပျံ့နှံ့စေယောင်တကား၊ ရဟန်းတို့ ထိုရဟန်းသည် ဤမြွေမင်းလေးမျိုးတို့ကို မေတ္တာစိတ်ဖြင့် အကယ်၍ ပျံ့နှံ့စေခဲ့လျှင် မြွေကိုက်၍ မသေနိုင်ရာ။ ရဟန်းတို့ မိမိကိုယ်ကို လုံခြုံစေခြင်းငှါ၊ မိမိကိုယ်ကို စောင့် ရှောက်ခြင်းငှါ၊ မိမိ၏ အရံအတားအလို့ငှါ ဤမြွေမင်းလေးမျိုးအား မေတ္တာစိတ်ဖြင့် ပျံ့နှံ့စေရန် ငါခွင့်ပြု၏— ငါ၏ မေတ္တာသည် ဝိရူပက္ခ နဂါးမင်းမျိုးတို့နှင့်အတူ ဖြစ်စေသတည်း၊ ငါ၏ မေတ္တာသည် ဧရာပထနဂါးမင်းမျိုးတို့နှင့် အတူ ဖြစ်စေသတည်း၊ ငါ၏ မေတ္တာသည် ဆဗျာပုတ္တနဂါးမင်းမျိုးတို့နှင့် အတူ ဖြစ်စေသတည်း၊ ငါ၏ မေတ္တာသည် ကဏှာဂေါတမနဂါးမင်းမျိုးတို့နှင့် အတူ ဖြစ်စေသတည်း။

ငါ၏ မေတ္တာသည် အခြေမရှိသော သတ္တဝါတို့နှင့် အတူ ဖြစ်စေသတည်း၊ ငါ၏ မေတ္တာသည် အခြေနှစ်ချောင်းရှိသော သတ္တဝါတို့နှင့် အတူ ဖြစ်စေသတည်း၊ ငါ၏ မေတ္တာသည် အခြေလေးချောင်းရှိသော သတ္တဝါတို့နှင့် အတူ ဖြစ်စေသတည်း၊ ငါ၏ မေတ္တာသည် များသော အခြေရှိသော သတ္တဝါတို့နှင့် အတူ ဖြစ်စေသတည်း။

အခြေမရှိသော သတ္တဝါသည် ငါ့ကို မညှဉ်းဆဲစေသတည်း၊ အခြေနှစ်ချောင်းရှိသော သတ္တဝါသည် ငါ့ကို မညှင်းဆဲစေသတည်း၊ အခြေလေးချောင်းရှိသော သတ္တဝါသည် ငါ့ကို မညှဉ်းဆဲစေသတည်း၊ အခြေများစွာရှိသော သတ္တဝါသည် ငါ့ကို မညှဉ်းဆဲ စေသတည်း။

အကြွင်းမရှိ အလုံးစုံကုန်သော သတ္တဝါတို့သည်လည်းကောင်း၊ အလုံးစုံသော ထွက်သက်ဝင်သက်ရှိကုန်သော သတ္တဝါတို့သည်လည်းကောင်း၊ ခပ်သိမ်းကုန်သော အတ္တဘောထင်ရှားရှိသော သတ္တဝါတို့သည်လည်းကောင်း၊ ခပ်သိမ်းကုန်သော ကောင်း မြတ်သော အာရုံတို့ကို တွေ့မြင်ကြပါစေကုန်သတည်း၊ ယုတ်ညံ့သော မကောင်း ကျိုးသည် တစ်စုံတစ်ယောက်သော သတ္တဝါထံသို့မျှ မလာမရောက်ပါစေသတည်း။

မြတ်စွာဘုရားဂုဏ်တော်သည် အတိုင်းအရှည်မရှိ၊ တရားဂုဏ်တော်သည် အတိုင်း အရှည်မရှိ၊ သံဃာဂုဏ်တော်သည် အတိုင်းအရှည်မရှိ၊ မြွေမျိုးတို့သည် (ဂုဏ် အားဖြင့်) အတိုင်းအရှည်ရှိကုန်၏၊ မြွေ, ကင်းမြီးကောက်တို့သည်လည်းကောင်း၊ ကင်းခြေများတို့သည်လည်းကောင်း၊ ပင့်ကူတို့သည်လည်းကောင်း၊ တက်တူတို့သည်လည်းကောင်း၊ ကြွက်တို့သည်လည်းကောင်း (ဂုဏ်အားဖြင့်) အတိုင်းအရှည် ရှိကုန်၏၊ ငါသည် အစောင့်အရှောက်ကို ပြုအပ်ပြီ၊ ငါသည် အရံအတားကို ပြုအပ်ပြီ၊ သတ္တဝါတို့သည် ဖဲသွားစေကုန်သတည်း၊ ထို ငါသည် မြတ်စွာဘုရားအား ရှိခိုးပါ၏၊ ခုနစ်ဆူကုန်သော မြတ်စွာဘုရားတို့အားလည်း ရှိခိုးပါ၏ဟု (အရံအတားကို ငါခွင့်ပြု၏ဟု မိန့်တော်မူ၏)။

သတ္တမသုတ်။