အင်္ဂုတ္တရနိကာယ်
(၇) ၂-ပတ္တကမ္မဝဂ်
၈-ဒေဝဒတ္တသုတ်
၆၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဒေဝဒတ် (သံဃာသင်းခွဲ၍) ဖဲခွာသွားသည်မှ မကြာသေးမီ ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဒေဝဒတ်ကို အကြောင်းပြု၍ ရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏— “ရဟန်းတို့ ဒေဝဒတ်၏ လာဘ်ပူဇော်သကာ အကျော်အစောသည် မိမိကိုယ်ကို သတ်ဖြတ်ရန် ဖြစ်ပေါ်လာ၏၊ ရဟန်းတို့ ဒေဝဒတ်၏ လာဘ် ပူဇော် သကာ အကျော်အစောသည် ပျက်စီးရန် ဖြစ်ပေါ်လာ၏။
ရဟန်းတို့ ငှက်ပျောပင်သည် မိမိကိုယ်ကို သတ်ဖြတ်ရန် အသီး သီးလာသကဲ့သို့ ပျက်စီးရန် အသီးသီး လာသကဲ့သို့၊ ဤအတူသာလျှင် ဒေဝဒတ်၏ လာဘ် ပူဇော်သကာ အကျော်အစောသည် မိမိကိုယ် ကို သတ်ဖြတ်ရန် ဖြစ်ပေါ်လာ၏၊ ပျက်စီးရန် ဖြစ်ပေါ်လာ၏။
ရဟန်းတို့ ဝါးပင်သည် မိမိကိုယ်ကို သတ်ဖြတ်ရန် အသီး သီးလာသကဲ့သို့ ပျက်စီးရန် အသီး သီးလာသကဲ့သို့၊ ဤအတူသာလျှင် ဒေဝဒတ်၏ လာဘ် ပူဇော်သကာ အကျော်အစောသည် မိမိကိုယ်ကို သတ်ဖြတ်ရန် ဖြစ်ပေါ်လာ၏၊ ပျက်စီးရန် ဖြစ်ပေါ်လာ၏။
ရဟန်းတို့ ကျူ ပင်သည် မိမိကိုယ်ကို သတ်ဖြတ်ရန် အသီး သီးလာသကဲ့သို့ ပျက်စီးရန် အသီး သီး လာသကဲ့သို့၊ ဤအတူသာလျှင် ဒေဝဒတ်၏ လာဘ်ပူဇော်သကာ အကျော်အစောသည် မိမိကိုယ်ကို သတ်ဖြတ်ရန် ဖြစ်ပေါ်လာ၏၊ ပျက်စီးရန် ဖြစ်ပေါ်လာ၏။
ရဟန်းတို့ အဿတိုရ်မြင်းမသည် မိမိကိုယ်ကို သတ်ဖြတ်ရန် ကိုယ်ဝန်ဆောင်သကဲ့သို့ ပျက်စီးရန် ကိုယ်ဝန်ဆောင်သကဲ့သို့၊ ဤအတူသာလျှင် ဒေဝဒတ်၏ လာဘ်ပူဇော်သကာ အကျော်အစောသည် မိမိ ကိုယ်ကို သတ်ဖြတ်ရန် ဖြစ်ပေါ်လာ၏၊ ပျက်စီးရန် ဖြစ်ပေါ်လာ၏”ဟု (မိန့်တော်မူ၏)။
ငှက်ပျောသီးသည် စင်စစ် ငှက်ပျောပင်ကို သတ်သကဲ့သို့၊ ဝါးသီးသည် ဝါးပင်ကို သတ်သကဲ့သို့၊ ကျူသီးသည် ကျူပင်ကို သတ်သကဲ့သို့၊ ကိုယ်ဝန်သည် အဿတိုရ် မြင်းမကို သတ်သကဲ့သို့၊ ထို့အတူ ပူဇော်သကာသည် ယုတ်မာသူကို သတ်ဖြတ်၏။
အဋ္ဌမသုတ်။