အင်္ဂုတ္တရနိကာယ်

(၈) ၃-အပဏ္ဏကဝဂ်

၃-သပ္ပုရိသသုတ်

၇၃။ ရဟန်းတို့ တရား လေးမျိုးတို့နှင့်ပြည့်စုံသော သူကို သူယုတ်ဟု သိအပ်၏။ အဘယ်လေးမျိုး တို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ သူယုတ်သည် သူတစ်ပါး၏ ကျေးဇူးမဲ့ကို မမေးသော်လည်း ထင်စွာ ပြု၏၊ မေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ မေးသည် ရှိသော် မယုတ်လျော့စေမူ၍ မဆိုင်းမတွ ပြည့်ပြည့်စုံစုံ အကျယ်တဝင့် သူတစ်ပါး ကျေးဇူးမဲ့ကို ပြောဆို တတ်၏။ ရဟန်းတို့ ထို အကြောင်းသည် “ဤအသျှင်ကား သူယုတ်တည်း”ဟု သိရမည့် အကြောင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား သူယုတ်သည် သူတစ်ပါး၏ ကျေးဇူးကို မေးသော်လည်း ထင်စွာ မပြု၊ မမေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ မေးအပ်သည်ရှိသော် ယုတ်လျော့စေ၍ ဆိုင်းဆိုင်းတွတွ မပြည့်မစုံ အကျယ်မဖွင့်ဘဲ သူတစ်ပါးကျေးဇူးကို ပြောဆို တတ်၏။ ရဟန်းတို့ ထို အကြောင်းသည် “ဤအသျှင်ကား သူယုတ်တည်း”ဟု သိရမည့် အကြောင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား သူယုတ်သည် မိမိ၏ ကျေးဇူးမဲ့ကို မေးသော်လည်း ထင်စွာ မပြု၊ မမေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ မေးအပ်သည်ရှိသော် ယုတ်လျော့စေ၍ ဆိုင်းဆိုင်းတွတွ မပြည့်မစုံ အကျယ်မဖွင့်ဘဲ မိမိကျေးဇူးမဲ့ကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် “ဤအသျှင်ကား သူယုတ်တည်း”ဟု သိရမည့် အကြောင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား သူယုတ်သည် မိမိ၏ ကျေးဇူးကို မမေးသော်လည်း ထင်စွာ ပြု၏၊ မေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ မေးအပ်သည်ရှိသော် မယုတ်လျော့စေမူ၍ မဆိုင်းမတွ ပြည့်ပြည့်စုံစုံ အကျယ်တဝင့် မိမိကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် “ဤအသျှင်ကား သူယုတ်တည်း”ဟု သိရမည့် အကြောင်းတည်း၊ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသူကို သူယုတ်ဟု သိအပ်၏။

ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသူကို သူတော်ကောင်းဟု သိအပ်၏။ အဘယ် လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် သူတစ်ပါး၏ ကျေးဇူးမဲ့ကို မေးသော်လည်း ထင်စွာမပြု။ မမေးသော်ကား အဘယ်ဆိုဖွယ်ရာရှိပါအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှု ဆောင်၍ သူတစ်ပါးတို့ မေးအပ်သည်ရှိသော် ယုတ်လျော့စေ၍ ဆိုင်းဆိုင်းတွတွ မပြည့်မစုံ အကျယ်မဖွင့်ဘဲ သူတစ်ပါး၏ ကျေးဇူးမဲ့ကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် “ဤအသျှင်ကား သူတော် ကောင်းတည်း”ဟု သိရမည့် အကြောင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား သူတော်ကောင်းသည် သူတစ်ပါး၏ ကျေးဇူးကို မမေးသော်လည်း ထင်စွာ ပြု၏၊ မေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ မေးအပ်သည်ရှိသော် မယုတ်လျော့စေမူ၍ မဆိုင်းမတွ ပြည့်ပြည့်စုံစုံ အကျယ်တဝင့် သူတစ်ပါး၏ ကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် “ဤအသျှင်ကား သူတော်ကောင်းတည်း”ဟု သိရမည့် အကြောင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား သူတော်ကောင်းသည် မိမိ၏ ကျေးဇူးမဲ့ကို မမေးသော်လည်း ထင်စွာ ပြု၏၊ မေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ သူတစ်ပါးတို့ မေးအပ်သည်ရှိသော် မယုတ်လျော့စေမူ၍ မဆိုင်းမတွ ပြည့်ပြည့်စုံစုံ အကျယ်တဝင့် မိမိကျေးဇူးမဲ့ကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် “ဤအသျှင်ကား သူတော်ကောင်းတည်း”ဟု သိရမည့် အကြောင်းတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား သူတော်ကောင်းသည် မိမိ၏ ကျေးဇူးကို မေးသော်လည်း ထင်စွာ မပြု၊ မမေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ မေးအပ်သည် ရှိသော် ယုတ်လျော့စေ၍ ဆိုင်းဆိုင်းတွတွ မပြည့်မစုံ အကျယ်မဖွင့်ဘဲ မိမိကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ထို အကြောင်းသည် “ဤအသျှင်ကား သူတော်ကောင်းတည်း”ဟု သိရမည့် အကြောင်းတည်း။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသူကို သူတော်ကောင်းဟု သိအပ်၏။

ရဟန်းတို့ ချွေးမကို အကြင် ညဉ့်၌သော်လည်းကောင်း၊ နေ့၌သော်လည်းကောင်း ခေါ်ဆောင်လာခဲ့၏၊ ထို ခေါ်ဆောင်လာသော ညဉ့်နေ့၌သာလျှင် ထို ချွေးမအား ယောက္ခမမိန်းမသူ၌လည်းကောင်း၊ ယောက္ခမ ယောကျာ်းသူ၌လည်းကောင်း၊ လင်၌လည်းကောင်း၊ အယုတ်သဖြင့် ကျွန်အမှုလုပ်ယောကျာ်းတို့၌လည်းကောင်း လွန်ကဲသော အရှက်အကြောက်သည် ရှေးရှုတည်၏၊ ထို ချွေးမသည် နောင်အခါ၌ ပေါင်းသင်းခြင်း အကျွမ်းဝင်ခြင်းကို စွဲ၍ ယောက္ခမမိန်းမသူကိုလည်းကောင်း၊ ယောက္ခမယောကျာ်းသူကိုလည်းကောင်း၊ လင်ကိုလည်းကောင်း “ဖဲကြကုန်လော့၊ အဘယ်ကို သင်တို့ သိကြကုန်အံ့နည်း”ဟု ဆိုသကဲ့သို့၊ ဤအတူ သာလျှင် ဤသာသနာတော်၌ အချို့သောရဟန်းသည် အကြင် ညဉ့်၌သော်လည်းကောင်း၊ အကြင် နေ့၌သော်လည်းကောင်း၊ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြု၏၊ ထို ဝင်ရောက်ရဟန်းပြုသော ညဉ့်နေ့၌သာလျှင် ထိုရဟန်းသစ်အား ရဟန်းတို့၌လည်းကောင်း၊ ရဟန်းမိန်းမတို့၌လည်းကောင်း၊ ဥပါသကာယောကျာ်းတို့၌လည်းကောင်း၊ ဥပါသိကာမိန်းမတို့၌လည်းကောင်း၊ အယုတ်သဖြင့် အရံစောင့် သာမဏေတို့၌လည်းကောင်း လွန်ကဲသော အရှက်အကြောက်သည် ရှေးရှုတည်၏၊ ထိုရဟန်းသစ်သည် နောင်အခါ၌ ပေါင်းသင်းခြင်း အကျွမ်းဝင်ခြင်းကို စွဲ၍ ဆရာကိုလည်းကောင်း၊ ဥပဇ္ဈာယ်ကိုလည်းကောင်း၊ “ဖဲကြကုန်လော့၊ အဘယ်ကို သင်တို့ သိကြကုန်အံ့နည်း”ဟု ဆို၏။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာ တော်၌ “ရောက်လာခါစ ချွေးမနှင့်တူသော စိတ်ဖြင့် နေအံ့”ဟု ကျင့်ရမည်။ ရဟန်းတို့ သင်တို့သည် ဤသို့သာလျှင် ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

တတိယသုတ်။