အင်္ဂုတ္တရနိကာယ်

(၈) ၃-အပဏ္ဏကဝဂ်

၆-ကုသိနာရသုတ်

၇၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံဝင်ခါနီးအခါ ကုသိနာရုံပြည် (တောင်တံခါး၏)့အကွေ့ဖြစ်သော မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ အင်ကြင်းပင်ပျိုအစုံတို့၏ အကြားဝယ် (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် “အသျှင်ဘုရား”ဟု မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

“ရဟန်းတို့ ဘုရား၌ဖြစ်စေတရားတော်၌ဖြစ်စေ သံဃာတော်၌ဖြစ်စေ မဂ်၌ဖြစ်စေ အကျင့်၌ဖြစ်စေ ယုံမှားတွေးတောခြင်းသည် တစ်စုံတစ်ယောက်သော ရဟန်းအား ဖြစ်ခဲ့မူ သင်တို့သည် မေးလျှောက်ကြ ကုန်လော့၊ ‘မြတ်စွာဘုရားသည် ငါတို့၏ မျက်မှောက်၌ ထင်ရှားရှိခဲ့ပါလျက် ငါတို့သည် မြတ်စွာဘုရားကို ရှေ့တော်၌ ပြန်၍ မေးခြင်းငှါ မစွမ်းနိုင်ခဲ့ကြပါတကား’ဟု” နောက်အခါ နှလုံးမသာခြင်း မဖြစ်ကြစေ ကုန်လင့်ဟူ၍ မိန့်တော်မူသော် ထိုရဟန်းတို့သည် ဆိတ်ဆိတ် နေကြကုန်၏။ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏—

“ရဟန်းတို့ ဘုရား၌ဖြစ်စေတရားတော်၌ဖြစ်စေ သံဃာတော်၌ဖြစ်စေ မဂ်၌ဖြစ်စေ အကျင့်၌ဖြစ်စေ ယုံမှားတွေးတောခြင်းသည် တစ်စုံတစ်ယောက်သော ရဟန်းအား ဖြစ်ခဲ့မူ သင်တို့သည် မေးလျှောက်ကြ ကုန်လော့၊ ‘မြတ်စွာဘုရားသည် ငါတို့၏ မျက်မှောက်၌ ထင်ရှားရှိခဲ့ပါလျက် ငါတို့သည် မြတ်စွာဘုရားကို ရှေ့တော်၌ ပြန်၍ မေးခြင်းငှါ မစွမ်းနိုင်ခဲ့ကြပါတကား’ဟု” နောက်အခါ နှလုံးမသာခြင်း မဖြစ်ကြစေ ကုန်လင့်ဟူ၍ မိန့်တော်မူသော် ထိုရဟန်းတို့သည် နှစ်ကြိမ်မြောက်လည်း ဆိတ်ဆိတ် နေကြကုန်၏။ သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏—

“ရဟန်းတို့ ဘုရား၌ဖြစ်စေတရားတော်၌ဖြစ်စေ သံဃာတော်၌ဖြစ်စေ မဂ်၌ဖြစ်စေ အကျင့်၌ဖြစ်စေ ယုံမှားတွေးတောခြင်းသည် တစ်စုံတစ်ယောက်သော ရဟန်းအား ဖြစ်ခဲ့မူ သင်တို့သည် မေးလျှောက်ကြ ကုန်လော့၊ ‘မြတ်စွာဘုရားသည် ငါတို့၏ မျက်မှောက်၌ ထင်ရှားရှိခဲ့ပါလျက် ငါတို့သည် မြတ်စွာဘုရားကို ရှေ့တော်၌ ပြန်၍ မေးခြင်းငှါ မစွမ်းနိုင်ခဲ့ကြပါတကား’ဟု” နောက်အခါ နှလုံးမသာခြင်း မဖြစ်ကြစေ ကုန်လင့်ဟူ၍ မိန့်တော်မူသော် ထိုရဟန်းတို့သည် သုံးကြိမ်မြောက်လည်း ဆိတ်ဆိတ်နေကြကုန်၏။

ထို့နောက် မြတ်စွာဘုရားသည် ရဟန်းတို့ကို— “ရဟန်းတို့ သင်တို့သည် ဘုရား၌ ရိုသေလေးစား သဖြင့် မမေးမလျှောက်ကြကုန်သည်သော်လည်း ဖြစ်ငြားအံ့၊ အဖော်ရဟန်း အချင်းချင်းအားမူလည်း (မိမိယုံမှားတွေးတောခြင်းကို) ပြောကြားလော့”ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူသော် ထိုရဟန်းတို့သည် ဆိတ်ဆိတ်နေကုန်၏။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား “အသျှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား ဤရဟန်းသံဃာထဲ၌ တစ်ယောက် သော ရဟန်းအားမျှသော်လည်း မြတ်စွာဘုရား၌ ဖြစ်စေတရားတော်၌ ဖြစ်စေ သံဃာတော်၌ ဖြစ်စေ မဂ်၌ ဖြစ်စေ အကျင့်၌ ဖြစ်စေ ယုံမှားတွေးတောခြင်းမရှိ”ဟု အကျွန်ုပ် ယုံကြည်ပါ၏ဟု လျှောက်၏။

အာနန္ဒာ သင်သည် ယုံကြည်သဖြင့်သာလျှင် လျှောက်ဆို၏၊ အာနန္ဒာ စင်စစ်သော်ကား ဤအရာ၌ ဘုရား၏ ဉာဏ်တော် (အရာ) ပင် ဖြစ်၏၊ ဤရဟန်းသံဃာထဲ၌ တစ်ယောက်သော ရဟန်းအားမျှသော်လည်း ဘုရား၌ ဖြစ်စေတရားတော်၌ ဖြစ်စေ သံဃာတော်၌ ဖြစ်စေ မဂ်၌ ဖြစ်စေ အကျင့်၌ ဖြစ်စေ ယုံမှားတွေးတောခြင်း မရှိလေ။ အာနန္ဒာ ဤငါးရာသော ရဟန်းတို့တွင် ဂုဏ်အားဖြင့် အယုတ်ဆုံး ရဟန်းသည် သောတာပန်တည်း၊ အပါယ်သို့ ပျက်စီးကျရောက်ခြင်း မရှိ၊ (ကိန်းသေ) မြဲ၏၊ အထက်မဂ် သုံးပါးလျှင် လဲလျောင်းရာရှိ၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။