အင်္ဂုတ္တရနိကာယ်

၁-ဘဏ္ဍဂါမဝဂ်

၈-ဝေသာရဇ္ဇသုတ်

၈။ ရဟန်းတို့ မြတ်စွာဘုရား၏ (ရဲရင့်ကြောင်း) ဝေသာရဇ္ဇဉာဏ်တို့သည် ဤလေးမျိုးတို့တည်း။ ယင်းဝေသာရဇ္ဇဉာဏ်တို့နှင့် ပြည့်စုံသော မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏။ မြတ်သော တရားစကြာကို လည်စေတော်မူ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိ၏ဟု ဝန်ခံသော အသျှင်ဘုရားသည် “ဤမည်သော တရားတို့ကို ထိုးထွင်း၍ မသိအပ်ကုန်သေး”ဟု ငါ့ကို သမဏကဖြစ်စေ ဗြဟ္မဏကဖြစ်စေ နတ်ကဖြစ်စေ မာရ်နတ်ကဖြစ်စေ ဗြဟ္မာကဖြစ်စေ လောက၌ တစ်စုံတစ်ယောက်ကဖြစ်စေ ထို အရာ၌ အကြောင်းယုတ္တိနှင့် တကွ စောဒနာမည့် အရိပ်နိမိတ်ကို ငါမမြင်သောကြောင့် ငြိမ်းချမ်းခြင်း ဘေးမရှိခြင်း ရဲရင့်ခြင်းသို့ ရောက်လျက် နေ၏။

အာသဝေါတရားတို့ ကုန်ပြီဟု ဝန်ခံသော အသျှင်ဘုရားအား “ဤမည်သော အာသဝေါတရားတို့သည် မကုန်သေးကုန်”ဟု ငါ့ကို သမဏကဖြစ်စေ ဗြဟ္မဏကဖြစ်စေ နတ်ကဖြစ်စေ မာရ်နတ်က ဖြစ်စေ့ဗြဟ္မာကဖြစ်စေ လောက၌ တစ်စုံတစ်ယောက်ကဖြစ်စေ ထို အရာ၌ အကြောင်းယုတ္တိဖြင့်တကွ စောဒနာမည့် အရိပ်နိမိတ်ကို ငါမမြင်သောကြောင့် ငြိမ်းချမ်းခြင်း ဘေးမရှိခြင်း ရဲရင့်ခြင်းသို့ ရောက်လျက် နေ၏။

“(ဈာန် မဂ် ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု အသျှင်ဘုရား ဟောကြားသော ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန် မဂ် ဖိုလ်၏) အန္တရာယ်ကို မပြုစွမ်းနိုင်ကုန်”ဟု ငါ့ကို သမဏကဖြစ်စေ ဗြဟ္မဏကဖြစ်စေ နတ်ကဖြစ်စေ မာရ်နတ်ကဖြစ်စေ ဗြဟ္မာကဖြစ်စေ လောက၌ တစ်စုံတစ်ယောက်က ဖြစ်စေ အကြောင်းယုတ္တိနှင့် တကွ စောဒနာမည့် အရိပ်နိမိတ်ကို ငါမမြင်သောကြောင့် ငြိမ်းချမ်းခြင်း ဘေးမရှိခြင်း ရဲရင့်ခြင်းသို့ ရောက်လျက် နေ၏။

“ဝဋ်ဆင်းရဲကုန်ခြင်းငှါ အသျှင်ဘုရား ဟောကြားထားသော တရားသည် ဟောသည့်တိုင်း ကျင့်သူ အား ဝဋ်ဆင်းရဲကုန်ရန် ကောင်းစွာ မထုတ်ဆောင်နိုင်”ဟု ငါ့ကို သမဏကဖြစ်စေ ဗြာဟ္မဏကဖြစ်စေ နတ်ကဖြစ်စေ မာရ်နတ်ကဖြစ်စေ ဗြဟ္မာကဖြစ်စေ လောက၌ တစ်စုံတစ်ယောက်ကဖြစ်စေ အကြောင်း ယုတ္တိနှင့်တကွ စောဒနာနိုင်မည့် အရိပ်နိမိတ်ကို ငါမမြင်သောကြောင့် ငြိမ်းချမ်းခြင်း ဘေးမရှိခြင်း ရဲရင့်ခြင်း သို့ ရောက်လျက် နေ၏။ ရဟန်းတို့ မြတ်စွာဘုရား၏ (ရဲရင့်ကြောင်း) ဝေသာရဇ္ဇဉာဏ်တို့သည် ဤလေးမျိုးတို့တည်း။ ယင်းဝေသာရဇ္ဇဉာဏ်တို့နှင့် ပြည့်စုံသော မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေတော်မူ၏ဟု (မိန့်တော်မူ၏)။

များစွာသော သမဏဗြဟ္မဏတို့ ပြုစီရင်အပ်ကုန်သော အားလုံးသော အယူဝါဒ လမ်းစဉ်တို့သည်လည်းကောင်း၊ ယင်းအယူဝါဒလမ်းစဉ်ကို မှီကုန်သော သမဏ ဗြာဟ္မဏတို့သည်လည်းကောင်း ရှိကုန်၏၊ ထို သမဏဗြာဟ္မဏ အားလုံးတို့သည် ရွံ့ရှားခြင်းကင်းတော်မူသော အယူဝါဒလမ်းစဉ်တို့ကို ကျော်လွန်တော်မူသော မြတ်စွာဘုရားသို့ ရောက်၍ ပျက်စီးကြရကုန်၏။ သတ္တဝါအားလုံးကို အစဉ်သနားတတ်၍ အလုံးစုံသော ဂုဏ်နှင့် ပြည့်စုံသော မြတ်စွာဘုရားသည် (လောကကို) လွှမ်းမိုး၍တရားစကြာကို လည်စေတော်မူ၏။ နတ်လူတို့ထက် မြတ်သော၊ ဘဝ၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူသော၊ ထိုသို့ သဘောရှိသော မြတ်စွာဘုရားကို သတ္တဝါတို့သည် ရှိခိုးကြကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။