အင်္ဂုတ္တရနိကာယ်

၁-ဘဏ္ဍဂါမဝဂ်

၉-တဏှုပ္ပါဒသုတ်

၉။ ရဟန်းတို့ တဏှာဖြစ်ပေါ်ရာ အကြောင်းတို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းအား တဏှာ ဖြစ်ပေါ်လာခဲ့သော် ယင်းလေးမျိုးတို့၌ ဖြစ်ပေါ်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ရဟန်းအား တဏှာဖြစ်ပေါ်လာခဲ့သော် သင်္ကန်းဟူသော အကြောင်းကြောင့်မူလည်း ဖြစ်ပေါ်လာ၏၊ ရဟန်းတို့ ရဟန်း အား တဏှာဖြစ်ပေါ်လာခဲ့သော် ဆွမ်းဟူသော အကြောင်းကြောင့်မူလည်း ဖြစ်ပေါ်လာ၏၊ ရဟန်းတို့ ရဟန်းအား တဏှာဖြစ်ပေါ်လာခဲ့သော် ကျောင်းဟူသော အကြောင်းကြောင့်မူလည်း ဖြစ်ပေါ်လာ၏၊ ရဟန်းတို့ ရဟန်းအား တဏှာဖြစ်ပေါ်လာခဲ့သော် ထို ထို ဤအလီလီသော ဆေးပစ္စည်းဟူသော အကြောင်းကြောင့်မူလည်း ဖြစ်ပေါ်လာ၏၊ ရဟန်းတို့ တဏှာဖြစ်ပေါ်ရာ အကြောင်းတို့သည် ဤလေးမျိုးတို့တည်း၊ ရဟန်းအား တဏှာဖြစ်ပေါ်လာခဲ့သော် ယင်းလေးမျိုးတို့ကြောင့် ဖြစ်ပေါ်၏ဟု (မိန့်တော်မူ၏)။

တဏှာလျှင် အဖော်ရှိသော သတ္တဝါသည် ရှည်စွာသော ကာလပတ်လုံး ကျင်လည် ရလျက့်ဤဖြစ်ပေါ်ဆဲ ခန္ဓာကိုယ်၊ အခြားဖြစ်လတ္တံ့ ခန္ဓာကိုယ်ဟူသော (ခန္ဓာ အာယတနဓာတ်တို့၏ အစဉ်မပြတ်ဖြစ်ခြင်း) သံသရာကို မလွန်မြောက်နိုင်ချေ။ တဏှာသည် ဝဋ်ဆင်းရဲ၏ ဖြစ်ကြောင်းတည်းဟု အပြစ်ကို သိ၍ သတိရှိသော ရဟန်းသည် တပ်မက်ခြင်း မရှိဘဲ (တစ်စုံတစ်ခုသော အာရုံကိုမျှ တဏှာဒိဋ္ဌိတို့ဖြင့်) မစွဲလမ်းမူ၍ ကျင့်ရာသတည်း။

နဝမသုတ်