အင်္ဂုတ္တရနိကာယ်

(၁ဝ) ၅-အသုရဝဂ်

၅-ဆဝါလာတသုတ်

၉၅။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏၊ အဘယ်လေးမျိုးတို့နည်းဟူမူ— မိမိအကျိုးစီးပွါးအလို့ငှါလည်း မကျင့်, သူတစ်ပါးအကျိုးစီးပွါးအလို့ငှါလည်း မကျင့်သော ပုဂ္ဂိုလ်၊ သူတစ်ပါးအကျိုး စီးပွါးအလို့ငှါသာ ကျင့်၍ မိမိအကျိုးစီးပွါးအလို့ငှါ မကျင့်သော ပုဂ္ဂိုလ်၊ မိမိ အကျိုးစီးပွါးအလို့ငှါသာ ကျင့်၍ သူတစ်ပါးအကျိုးစီးပွါးအလို့ငှါ မကျင့်သော ပုဂ္ဂိုလ်၊ မိမိအကျိုးစီးပွါး အလို့ငှါလည်း ကျင့်, သူတစ်ပါး အကျိုးစီးပွါးအလို့ငှါလည်း ကျင့်သော ပုဂ္ဂိုလ်တို့တည်း။

ရဟန်းတို့ အစွန်းနှစ်ဖက် မီးလောင်၍ အလယ်၌ မစင်လူးသော သူကောင်ဖုတ် ထင်းမီးစသည် ရွာ၌လည်း သစ်သားဖြင့် ပြုအပ်သော ကိစ္စကို မပြီးစေနိုင်၊ တော၌လည်း သစ်သားဖြင့် ပြုအပ်သော ကိစ္စကို မပြီးစေနိုင်သကဲ့သို့၊ အကြင် ပုဂ္ဂိုလ်သည် မိမိအကျိုးစီးပွါး အလို့ငှါလည်း မကျင့်, သူတစ်ပါး အကျိုးစီးပွါးအလို့ငှါလည်း မကျင့်၊ ဤပုဂ္ဂိုလ်ကို ထိုသူကောင်ဖုတ် ထင်းမီးစနှင့် တူ၏ဟူ၍ ငါဆို၏။

ရဟန်းတို့ အကြင် ပုဂ္ဂိုလ်သည် သူတစ်ပါး၏ အကျိုးစီးပွါးအလို့ငှါသာ ကျင့်၏၊ မိမိအကျိုးစီးပွါး အလို့ငှါကား မကျင့်၊ ထို နှစ်ဦးတို့တွင် ဤ(ဒုတိယ) ပုဂ္ဂိုလ်သည် အထူးသဖြင့် ကောင်း၏၊ အထူးသဖြင့် မြတ်၏။

ရဟန်းတို့ အကြင် ပုဂ္ဂိုလ်သည် မိမိအကျိုးစီးပွါးအလို့ငှါသာ ကျင့်၏၊ သူတစ်ပါး၏ အကျိုးစီးပွါး အလို့ငှါကား မကျင့်၊ ထို သုံးဦးတို့တွင် ဤ(တတိယ) ပုဂ္ဂိုလ်သည် အထူးသဖြင့် ကောင်း၏၊ အထူးသဖြင့် မြတ်၏။

ရဟန်းတို့ အကြင် ပုဂ္ဂိုလ်သည် မိမိအကျိုးစီးပွါးအလို့ငှါလည်း ကျင့်၏၊ သူတစ်ပါး၏ အကျိုးစီးပွါး အလို့ငှါလည်း ကျင့်၏၊ ထို လေးဦးတို့တွင် ဤ(စတုတ္ထ) ပုဂ္ဂိုလ်သည် ကဲလွန်၏၊ မြတ်၏၊ အကြီးအမှူး ဖြစ်၏၊ မြင့်မြတ်၏၊ လွန်မြတ်၏။

ရဟန်းတို့ နွားမမှ နို့ရည် နို့ရည်မှ နို့ဓမ်း နို့ဓမ်းမှ ဆီဦး ဆီဦးမှ ထောပတ် ထောပတ်မှ ထောပတ်ကြည် ဖြစ်၏၊ ထိုသို့ဖြစ်ရာ၌ (အဆင့်ဆင့်) မြတ်၏ဟု ဆိုအပ်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာ လျှင် အကြင် ပုဂ္ဂိုလ်သည် မိမိအကျိုးစီးပွါးအလို့ငှါလည်း ကျင့်၏၊ သူတစ်ပါး၏ အကျိုးစီးပွါးအလို့ငှါလည်း ကျင့်၏၊ ထို လေးဦးတို့တွင် ဤ(စတုတ္ထ) ပုဂ္ဂိုလ်သည် ကဲလွန်၏၊ မြတ်၏၊ အကြီးအမှူး ဖြစ်၏၊ မြင့်မြတ်၏၊ လွန်မြတ်၏။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။