အင်္ဂုတ္တရနိကာယ်

(၁ဝ) ၅-အသုရဝဂ်

၆-ရာဂဝိနယသုတ်

၉၆။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— မိမိအကျိုးစီးပွါးအလို့ငှါသာ ကျင့်၍ သူတစ်ပါးအကျိုးစီးပွါးအလို့ငှါ မကျင့်သော ပုဂ္ဂိုလ်၊ သူတစ်ပါးအကျိုးစီးပွါး အလို့ငှါသာ ကျင့်၍ မိမိအကျိုးစီးပွါးအလို့ငှါ မကျင့်သော ပုဂ္ဂိုလ်၊ မိမိအကျိုး စီးပွါးအလို့ငှါလည်း မကျင့်, သူတစ်ပါး အကျိုးစီးပွါးအလို့ငှါလည်း မကျင့်သော ပုဂ္ဂိုလ်၊ မိမိအကျိုးစီးပွါး အလို့ငှါလည်း ကျင့်, သူတစ်ပါးအကျိုးစီးပွါးအလို့ငှါလည်း ကျင့်သော ပုဂ္ဂိုလ်တို့တည်း။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မိမိ၏ အကျိုးစီးပွါးအလို့ငှါသာ ကျင့်၍ သူတစ်ပါးအကျိုး စီးပွါးအလို့ငှါ မကျင့်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သောပုဂ္ဂိုလ်သည် ကိုယ်တိုင် တပ်မက်ခြင်း ‘ရာဂ’ကို ပယ်ဖျောက်ရန် ကျင့်၏၊ သူတစ်ပါးအား တပ်မက်ခြင်း ‘ရာဂ’ ကို ပယ်ဖျောက်ရန် မဆောက်တည်စေ။ ကိုယ်တိုင် အမျက်ထွက်ခြင်း ‘ဒေါသ’ကို ပယ်ဖျောက်ရန် ကျင့်၏၊ သူတစ်ပါးအား့အမျက်ထွက်ခြင်း ‘ဒေါသ’ကို ပယ်ဖျောက်ရန် မဆောက်တည်စေ။ ကိုယ်တိုင်တွေဝေခြင်း ‘မောဟ’ကို ပယ်ဖျောက်ရန် ကျင့်၏၊ သူတစ်ပါးအား တွေဝေခြင်း ‘မောဟ’ ကို ပယ်ဖျောက်ရန် မဆောက်တည်စေ။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် မိမိအကျိုးစီးပွါး အလို့ငှါသာ ကျင့်၍ သူတစ်ပါး၏ အကျိုးစီးပွါး အလို့ငှါ မကျင့်။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် သူတစ်ပါးအကျိုးစီးပွါးအလို့ငှါသာ ကျင့်၍ မိမိအကျိုး စီးပွါးအလို့ငှါ မကျင့်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ကိုယ်တိုင် တပ်မက်ခြင်း ‘ရာဂ’ကို ပယ်ဖျောက်ရန် မကျင့်၊ သူတစ်ပါးအား တပ်မက်ခြင်း ‘ရာဂ’ ကို ပယ်ဖျောက်ရန် ဆောက်တည်စေ၏။ ကိုယ်တိုင် အမျက်ထွက်ခြင်း ‘ဒေါသ’ ကို ပယ်ဖျောက်ရန် မကျင့်၊ သူတစ်ပါးအား အမျက်ထွက်ခြင်း ‘ဒေါသ’ကို ပယ်ဖျောက်ရန် ဆောက်တည်စေ၏။ ကိုယ်တိုင်တွေဝေခြင်း ‘မောဟ’ ကို ပယ်ဖျောက်ရန် မကျင့်၊ သူတစ်ပါးအား တွေဝေခြင်း ‘မောဟ’ ကို ပယ်ဖျောက်ရန် ဆောက်တည်စေ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် သူတစ်ပါးအကျိုး စီးပွါးအလို့ငှါသာ ကျင့်၍ မိမိအကျိုးစီးပွါးအလို့ငှါ မကျင့်။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မိမိအကျိုးစီးပွါးအလို့ငှါလည်း မကျင့်, သူတစ်ပါး၏ အကျိုးစီးပွါးအလို့ငှါလည်း မကျင့်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ကိုယ်တိုင်လည်း တပ်မက်ခြင်း ‘ရာဂ’ကို ပယ်ဖျောက်ရန် မကျင့်၊ သူတစ်ပါးအားလည်း တပ်မက်ခြင်း ‘ရာဂ’ကို ပယ်ဖျောက်ရန် မဆောက်တည်စေ။ ကိုယ်တိုင်လည်း အမျက်ထွက်ခြင်း ‘ဒေါသ’ ကို ပယ်ဖျောက်ရန် မကျင့်၊ သူတစ်ပါးအားလည်း အမျက်ထွက်ခြင်း ‘ဒေါသ’ကို ပယ်ဖျောက်ရန် မဆောက် တည်စေ။ ကိုယ်တိုင်လည်း တွေဝေခြင်း ‘မောဟ’ ကို ပယ်ဖျောက်ရန် မကျင့်၊ သူတစ်ပါးအားလည်း တွေဝေခြင်း ‘မောဟ’ ကို ပယ်ဖျောက်ရန် မဆောက်တည်စေ။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် မိမိ အကျိုးစီးပွါးအလို့ငှါလည်း မကျင့်, သူတစ်ပါး အကျိုးစီးပွါးအလို့ငှါလည်း မကျင့်။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မိမိအကျိုးစီးပွါးအလို့ငှါလည်း ကျင့်, သူတစ်ပါးအကျိုး စီးပွါးအလို့ငှါလည်း ကျင့်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ကိုယ်တိုင်လည်း တပ်မက်ခြင်း ‘ရာဂ’ ကို ပယ်ဖျောက်ရန် ကျင့်၏၊ သူတစ်ပါးအားလည်း တပ်မက်ခြင်း ‘ရာဂ’ကို ပယ်ဖျောက်ရန် ဆောက်တည်စေ၏။ ကိုယ်တိုင်လည်း အမျက်ထွက်ခြင်း ‘ဒေါသ’ကို ပယ်ဖျောက် ရန် ကျင့်၏၊ သူတစ်ပါးအားလည်း အမျက်ထွက်ခြင်း ‘ဒေါသ’ ကို ပယ်ဖျောက်ရန် ဆောက်တည်စေ၏။ ကိုယ်တိုင်လည်း တွေဝေခြင်း ‘မောဟ’ ကို ပယ်ဖျောက်ရန် ကျင့်၏၊ သူတစ်ပါးအားလည်း တွေဝေခြင်း ‘မောဟ’ ကို ပယ်ဖျောက်ရန် ဆောက်တည်စေ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် မိမိအကျိုး စီးပွါးအလို့ငှါလည်း ကျင့်၏၊ သူတစ်ပါးအကျိုးစီးပွါးအလို့ငှါလည်း ကျင့်၏။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။