အင်္ဂုတ္တရနိကာယ်

(၁ဝ) ၅-အသုရဝဂ်

၇-ခိပ္ပနိသနိ ္တသုတ်

၉၇။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— မိမိအကျိုးစီးပွါးအလို့ငှါ ကျင့်၍ သူတစ်ပါးအကျိုးစီးပွါးအလို့ငှါ မကျင့်သော ပုဂ္ဂိုလ်၊ သူတစ်ပါးအကျိုးစီးပွါး အလို့ငှါ ကျင့်၍ မိမိအကျိုးစီးပွါးအလို့ငှါ မကျင့်သော ပုဂ္ဂိုလ်၊ မိမိအကျိုး စီးပွါးအလို့ငှါလည်း မကျင့်, သူတစ်ပါးအကျိုးစီးပွါးအလို့ငှါလည်း မကျင့်သော ပုဂ္ဂိုလ်၊ မိမိအကျိုးစီးပွါး အလို့ငှါလည်း ကျင့်, သူတစ်ပါးအကျိုးစီးပွါးအလို့ငှါလည်း ကျင့်သော ပုဂ္ဂိုလ်တို့တည်း။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မိမိအကျိုးစီးပွါးအလို့ငှါ ကျင့်၍ သူတစ်ပါးအကျိုး့စီးပွါးအလို့ငှါ မကျင့်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ လျင်စွာ သိစွမ်းနိုင်၏၊ ကြားနာအပ်ပြီးသော တရားတို့ကို ဆောင်နိုင်သော သဘောရှိ၏၊ ဆောင်အပ် ပြီးသော တရားတို့၏ အနက်ကို ဆင်ခြင်နိုင်၏၊ အနက်ကို သိ၍ ပါဠိကို သိ၍ (လောကုတ္တရာ)တရား အားလျော်သော အကျင့်ကိုလည်း ကျင့်၏၊ သို့သော် ကောင်းသော စကားမရှိ၊ ကောင်းသော မြွက်ဆိုသံ မရှိ၊ သန့်ရှင်းသော အပြစ်ကင်း၍ ကျပေါက်ခြင်းမရှိသော အနက်ကို သိစေတတ်သော ယဉ်ကျေးသော စကားနှင့် မပြည့်စုံ၊ သီတင်းသုံးဖော်တို့အား (အကျိုးစီးပွါးကို) မသိမြင်စေတတ်၊ (တရားကို) မဆောက်တည်စေတတ်၊ (တရားကျင့်သုံးရန်) မထက်သန်စေတတ်၊ မရွှင်လန်းစေတတ်။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် မိမိအကျိုးစီးပွါးအလို့ငှါ ကျင့်၍ သူတစ်ပါး အကျိုးစီးပွါးအလို့ငှါ မကျင့်။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် သူတစ်ပါး အကျိုးစီးပွါးအလို့ငှါ ကျင့်၍ မိမိအကျိုးစီးပွါး အလို့ငှါ မကျင့်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌လည်း လျင်စွာ မသိစွမ်းနိုင်၊ ကြားနာအပ်ပြီးသော တရားတို့ကို ဆောင်နိုင်သော သဘောလည်း မရှိ၊ ဆောင်အပ်ပြီးသော တရားတို့၏ အနက်ကိုလည်း မဆင်ခြင်နိုင်၊ အနက်ကို သိ၍ ပါဠိကို သိ၍ (လောကုတ္တရာ)တရားအားလျော်သော အကျင့်ကိုလည်း မကျင့်၊ သို့သော် ကောင်းသော စကားရှိ၏၊ ကောင်းသော မြွက်ဆိုသံရှိ၏၊ သန့်ရှင်းသော အပြစ်ကင်း၍ ကျပေါက်ခြင်းမရှိသော အနက်ကို သိစေ တတ်သော ယဉ်ကျေးသော စကားနှင့် ပြည့်စုံ၏၊ သီတင်းသုံးဖော်တို့အား (အကျိုးစီးပွါးကို) သိမြင် စေတတ်၏၊ (တရားကို) ဆောက်တည်စေတတ်၏၊ (တရားကျင့်သုံးရန်) ထက်သန်စေတတ်၏၊ ရွှင်လန်း စေတတ်၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် သူတစ်ပါး အကျိုးစီးပွါး အလို့ငှါ ကျင့်၍ မိမိအကျိုး စီးပွါးအလို့ငှါ မကျင့်။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မိမိအကျိုးစီးပွါးအလို့ငှါလည်း မကျင့်, သူတစ်ပါးအကျိုး စီးပွါး အလို့ငှါလည်း မကျင့်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ လျင်စွာ မသိစွမ်းနိုင်၊ ကြားနာအပ်ပြီးသော တရားတို့ကို ဆောင်နိုင်သော သဘောလည်းမရှိ၊ ဆောင်အပ်ပြီးသော တရားတို့၏ အနက်ကိုလည်း မဆင်ခြင်နိုင်၊ အနက်ကို သိ၍ ပါဠိကို သိ၍ (လောကုတ္တရာ)တရားအားလျော်သော အကျင့်ကိုလည်း မကျင့်။ ကောင်းသော စကားလည်း မရှိ၊ ကောင်းသော မြွက်ဆိုသံလည်း မရှိ၊ သန့်ရှင်းသော အပြစ်ကင်း၍ ကျပေါက်ခြင်း မရှိသော အနက်ကို သိစေတတ်သော ယဉ်ကျေးသော စကားနှင့်လည်း မပြည့်စုံ၊ သီတင်းသုံးဖော်တို့အားလည်း (အကျိုး စီးပွါးကို) မသိမြင်စေတတ်၊ (တရားကို) မဆောက်တည်စေတတ်၊ (တရားကျင့်သုံးရန်) မထက်သန် စေတတ်၊ မရွှင်လန်းစေတတ်။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် မိမိအကျိုးစီးပွါး အလို့ငှါလည်း မကျင့်, သူတစ်ပါးအကျိုးစီးပွါးအလို့ငှါလည်း မကျင့်။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မိမိအကျိုးစီးပွါးအလို့ငှါလည်း ကျင့်, သူတစ်ပါးအကျိုး စီးပွါးအလို့ငှါလည်း ကျင့်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ လျင်စွာ သိစွမ်းနိုင်၏၊ ကြားနာအပ်ပြီးသော တရားတို့ကို ဆောင်နိုင်သော သဘောလည်း ရှိ၏၊ ဆောင်အပ်ပြီးသော တရားတို့၏ အနက်ကိုလည်း ဆင်ခြင်နိုင်၏၊ အနက်ကို သိ၍ ပါဠိကို သိ၍ (လောကုတ္တရာ)တရားအားလျော်သော အကျင့်ကိုလည်း ကျင့်၏၊ ကောင်းသော စကားလည်း ရှိ၏၊ ကောင်းသော မြွက်ဆိုသံလည်း ရှိ၏၊ သန့်ရှင်းသော အပြစ်ကင်း၍ ကျပေါက်ခြင်း မရှိသော အနက်ကို သိစေတတ်သော ယဉ်ကျေးသော စကားတို့နှင့်လည်း ပြည့်စုံ၏၊ သီတင်းသုံးဖော်တို့အားလည်း (အကျိုး စီးပွါးကို) သိမြင်စေတတ်၏၊ (တရားကို) ဆောက်တည် စေတတ်၏၊ (တရားကျင့်သုံးရန်) ထက်သန် စေတတ်၏၊ ရွှင်လန်းစေတတ်၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် မိမိအကျိုးစီးပွါးအလို့ငှါလည်း့ကျင့်၍ သူတစ်ပါး အကျိုးစီးပွါးအလို့ငှါလည်း ကျင့်၏။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။