အင်္ဂုတ္တရနိကာယ်

၂-ဗလဝဂ်

၄-ဝိတ္ထတသုတ်

၁၄။ ရဟန်းတို့ အားတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ယုံကြည်မှု ‘သဒ္ဓါ’ အား။

အားထုတ်မှု ‘ဝီရိယ’ အား။

အောက်မေ့မှု ‘သတိ’ အား။

တည်ကြည်မှု ‘သမာဓိ’ အား။

သိမှု ‘ပညာ’ အား တို့တည်း။

ရဟန်းတို့ ယုံကြည်မှု ‘သဒ္ဓါ’ အားဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ယုံကြည်မှု’သဒ္ဓါ’ ရှိ၏၊ မြတ်စွာဘုရား၏အရဟတ္တမဂ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်ကို ယုံကြည်၏။

“ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်းသမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဥာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’နှင့် ပြည့်စုံတော်မူသောအကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသော စကားကိုဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသောအကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့်အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု (ယုံကြည်၏)။

ရဟန်းတို့ ဤသည်ကို ယုံကြည်မှု ‘သဒ္ဓါ’ အားဟူ၍ ဆိုအပ်၏။

ရဟန်းတို့ အားထုတ်မှု ‘ဝီရိယ’ အားဟူသည် အဘယ်နည်း။

ဤသာသနာတော်၌ အရိယာတပည့်သည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကိုပြည့်စုံစေရန် ထက်သန်သော ဝီရိယရှိသည်ဖြစ်၍ နေ၏၊ အားနှင့်ပြည့်စုံ၏၊ မြဲမြံသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်းမရှိ။ ရဟန်းတို့ ဤသည်ကို အားထုတ်မှု ‘ဝီရိယ’ အားဟူ၍ဆိုအပ်၏။

ရဟန်းတို့ အောက်မေ့မှု ‘သတိ’ အားဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် သတိရှိ၏၊ လွန်ကဲရင့်ကျက်သော သတိနှင့်ပြည့်စုံ၏၊ ကြာမြင့်စွာက ပြုလုပ်ခဲ့သည်ကိုလည်းကောင်း၊ ကြာမြင့်စွာက ပြောဆိုခဲ့သည်ကိုလည်းကောင်းအောက်မေ့နိုင်၏၊ အဖန်တလဲလဲ အောက်မေ့နိုင်၏။ ရဟန်းတို့ ဤသည်ကို အောက်မေ့ခြင်း ‘သတိ’ အားဟူ၍ ဆိုအပ်၏။

ရဟန်းတို့ တည်ကြည်မှု ‘သမာဓိ’ အားဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း ‘ဝိတက်’နှင့် တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း့’ဝိစာရ’နှင့် တကွဖြစ်သော၊ ‘နီဝရဏ’ ကင်းခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။

ဝိတက် ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်၏ တည်ကြည်ခြင်း ‘သမာဓိ’ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း ‘ဝိတက်’ မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း ‘ဝိစာရ’မရှိသော၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသောဒုတိယဈာန်သို့ ရောက်၍ နေ၏။

နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မတပ်မက်ခြင်းကြောင့် သတိ, သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက်နေ၏၊ ချမ်းသာခြင်း ‘သုခ’ ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင် (တတိယဈာန်) ကြောင့်ထိုသူကို “လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာ (ပုဂ္ဂိုလ်) တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။

ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့််ခြင်းကြောင့်လည်းကောင်း ဆင်းရဲ ချမ်းသာမရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ ကြောင့်ဖြစ်သည့် သတိ၏စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသည်ကိုတည်ကြည်မှု ‘သမာဓိ’ အားဟူ၍ ဆိုအပ်၏။

ရဟန်းတို့ သိမှု’ပညာ’ အားဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ပညာရှိ၏၊ ဖြစ်မှု ပျက်မှုကို သိတတ်၍ကိလေသာတို့ကို ဖောက်ခွဲနိုင်သည့် ဆင်းရဲကုန်ခန်းရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေနိုင်သော မြတ်သော ပညာနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤသည်ကို သိမှု’ပညာ’ အားဟူ၍ ဆိုအပ်၏။

ရဟန်းတို့ အားတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။