အင်္ဂုတ္တရနိကာယ်

(၁၄) ၄-ရာဇဝဂ်

၁ဝ-သောတသုတ်

၁၄ဝ။ ရဟန်းတို့ အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော မင်း၏ ဆင်သည် မင်းအား ထိုက်၏၊ မင်းသုံးဆောင် အပ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍ ရေတွက် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ရဟန်းတို့ ဤလောက၌ မင်း၏ ဆင်သည် —

နာယူတတ်၏။

သတ်ဖြတ်တတ်၏။

စောင့်ရှောက်တတ်၏။ ိံသည်းခံတတ်၏။

သွားတတ်၏ (ဤငါးမျိုးတို့တည်း)။

ရဟန်းတို့ အဘယ်သို့လျှင် မင်း၏ ဆင်သည် နာယူတတ်သနည်း။

ရဟန်းတို့ ဤလောက၌ မင်း၏ ဆင်သည် ပြုလုပ်ဖူးသည်ဖြစ်စေ မပြုလုပ်ဖူးသည်ဖြစ်စေ ဆင်ထိန်းစေခိုင်းသော အမှုကိစ္စကို ရိုသေလေးစား နှလုံးထား၍ စိတ်အားထက်သန်စွာ နားစိုက်လျက် နာယူ၏။

ရဟန်းတို့ ဤသို့လျှင် မင်း၏ ဆင်သည် နာယူတတ်၏။ (၁)

ရဟန်းတို့ အဘယ်သို့လျှင် မင်း၏ ဆင်သည် သတ်ဖြတ်တတ်သနည်း။

ရဟန်းတို့ ဤလောက၌ မင်း၏ဆင်သည် စစ်မြေပြင်သို့ ရောက်သည်ရှိသော် ဆင်ကိုလည်း သတ်တတ်၏၊ ဆင်စီးသူရဲကိုလည်း သတ်တတ်၏၊ မြင်းကိုလည်း သတ်တတ်၏၊ မြင်းစီးသူရဲကိုလည်း သတ်တတ်၏၊ ရထားကိုလည်း ဖျက်ဆီးတတ်၏၊ ရထားစီးသူရဲကိုလည်း သတ်တတ်၏၊ ခြေလျင်သူရဲကိုလည်းသတ်တတ်၏။

ရဟန်းတို့ ဤသို့လျှင် မင်း၏ ဆင်သည် သတ်ဖြတ်တတ်၏။ (၂)

ရဟန်းတို့ အဘယ်သို့လျှင် မင်း၏ ဆင်သည်စောင့်ရှောက်တတ်သနည်း။

ရဟန်းတို့ ဤလောက၌ မင်း၏ ဆင်သည် စစ်မြေပြင်သို့ ရောက်သည်ရှိသော် ရှေ့ပိုင်းကိုယ်ကိုစောင့်ရှောက်တတ်၏၊ နောက်ပိုင်းကိုယ်ကိုစောင့်ရှောက်တတ်၏၊ ရှေ့ခြေတို့ကိုစောင့်ရှောက်တတ်၏၊ နောက်ခြေတို့ကိုစောင့်ရှောက်တတ်၏၊ ဦးခေါင်းကိုစောင့်ရှောက်တတ်၏၊ နားတို့ကိုစောင့်ရှောက်တတ်၏၊ အစွယ်တို့ကိုစောင့်ရှောက်တတ်၏၊ နှာမောင်းကိုစောင့်ရှောက်တတ်၏၊ အမြီးကိုစောင့်ရှောက်တတ်၏၊ ဆင်စီးသူရဲကိုစောင့်ရှောက်တတ်၏။

ရဟန်းတို့ ဤသို့လျှင် မင်း၏ ဆင်သည်စောင့်ရှောက်တတ်၏။ (၃)

ရဟန်းတို့ အဘယ်သို့လျှင် မင်း၏ ဆင်သည် သည်းခံတတ်သနည်း။

ရဟန်းတို့ ဤလောက၌ မင်း၏ ဆင်သည် စစ်မြေပြင်သို့ ရောက်သည်ရှိသော် လှံဖြင့် ထိုးခြင်း့သန်လျက်ဖြင့် ခုတ်ခြင်း မြားဖြင့် ပစ်ခြင်း ပုဆိန်ဖြင့် ပေါက်ခြင်းတို့ကို သည်းခံနိုင်၏၊ စည်ကြီးသံထက်စည်သံ ခရုသင်းသံ စည်ပုတ်သံ ပဲ့တင်သံတို့ကို သည်းခံနိုင်၏။

ရဟန်းတို့ ဤသို့လျှင် မင်း၏ ဆင်သည် သည်းခံတတ်၏။ (၄)

ရဟန်းတို့ အဘယ်သို့လျှင် မင်း၏ ဆင်သည် သွားတတ်သနည်း။

ရဟန်းတို့ ဤလောက၌ မင်း၏ ဆင်သည် သွားရောက်ဖူးသည်ဖြစ်စေ မသွားရောက်ဖူးသည်ဖြစ်စေဆင်ထိန်းစေလွှတ်ရာအရပ်သို့ လျင်မြန်စွာ သွားတတ်၏။

ရဟန်းတို့ ဤသို့လျှင် မင်း၏ ဆင်သည် သွားတတ်၏။ (၅)

ရဟန်းတို့ ဤအင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော မင်း၏ ဆင်သည် မင်းအား ထိုက်၏၊ မင်း သုံးဆောင်အပ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍ ရေတွက်ခြင်းသို့ ရောက်၏။

ရဟန်းတို့ ဤအတူသာလျှင် တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူပူဇော်သော အလှူကို ခံထိုက်၏၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသောဝတ္ထုကို ခံထိုက်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါ ထိုက်၏၊ သတ္တဝါ အပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် —

နာယူတတ်၏။

သတ်ဖြတ်တတ်၏။

စောင့်ရှောက်တတ်၏။ ိံသည်းခံတတ်၏။

သွားတတ်၏ (ဤငါးမျိုးတို့တည်း)။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် နာယူတတ်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မြတ်စွာဘုရား သိတော်မူပြီးသော ဓမ္မဝိနယကိုဟောကြားသည်ရှိသော် ရိုသေလေးစား နှလုံးထား၍ စိတ်အားထက်သန်စွာ နားစိုက်လျက် နာယူတတ်၏။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် နာယူတတ်၏။ (၁)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သတ်ဖြတ်တတ်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပေါ်လာသော ကာမဝိတက်ကို သည်းမခံ၊ ပယ်စွန့်၏၊ ပယ်ဖျောက်၏၊ ဖျက်ဆီး၏၊ ကင်းအောင်ပြု၏၊ တဖန် မဖြစ်ပေါ်ခြင်းသို့ ရောက်စေ၏။

ဖြစ်ပေါ်လာသော ဗျာပါဒဝိတက်ကို။ပ။

ဖြစ်ပေါ်လာသော ဝိဟိံသာဝိတက်ကို။ပ။

ဖြစ်ဆဲ ဖြစ်လတ္တံ့သော အကုသိုလ်တရားယုတ်တို့ကို သည်းမခံ၊ ပယ်စွန့်၏၊ ပယ်ဖျောက်၏၊ ဖျက်ဆီး၏၊ ကင်းအောင် ပြု၏၊ တဖန် မဖြစ်ပေါ်ခြင်းသို့ ရောက်စေ၏။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သတ်ဖြတ်တတ်၏။ (၂)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည်စောင့်ရှောက်တတ်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်း ‘ရူပါရုံ’ ကို မြင်သော် (မိန်းမယောကျာ်း စသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန် စသောအမူအရာ) အမှတ် လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) စက္ခုန္ဒြေကို မစောင့်စည်းဘဲနေလျှင်ယင်း (စက္ခုန္ဒြေကို မစောင်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’နှလုံးမသာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကိုလိုက်၍ နှိပ်စက်ကုန် ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) ထိုစက္ခုန္ဒြေကိုစောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကိုစောင့်စည်း၏၊ စက္ခုန္ဒြေ၌စောင့်စည်းခြင်းသို့ ရောက်၏။

နားဖြင့် အသံ ‘သဒ္ဒါရုံ’ကို ကြားသော်။ နှာခေါင်းဖြင့် အနံ့ ‘ဂန္ဓာရုံ’ ကို နံသော်။ လျှာဖြင့် အရသာ ‘ရသာရုံ’ ကို လျက်သော်။ ကိုယ်ဖြင့် အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ ကို တွေ့ထိသော်။ စိတ်ဖြင့် သဘောတရား ‘ဓမ္မာရုံ’ ကို သိသော် (မိန်းမ ယောကျာ်း စသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါပြုံးဟန် ရယ်ဟန် စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) မနိန္ဒြေကို မစောင့်စည်းဘဲ နေလျှင် ယင်း (မနိန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း ‘အဘိဇ္ဈာ’နှလုံးမသာခြင်း ‘ဒေါမနဿ’ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကိုလိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) ထိုမနိန္ဒြေကိုစောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကိုစောင့်စည်း၏၊ မနိန္ဒြေ၌စောင့်စည်းခြင်းသို့ ရောက်၏။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည်စောင့်ရှောက်တတ်၏။ (၃)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သည်းခံတတ်သနည်း။

ရဟန်းတို့ ဤလောက၌ ရဟန်းသည် အချမ်း အပူ ဆာလောင်ခြင်း မွတ်သိပ်ခြင်း မှက် ခြင် လေ နေပူမြွေ ကင်းသန်း တို့၏ အတွေ့တို့ကိုလည်းကောင်း၊ မကောင်းသဖြင့် ဆိုအပ်ကုန် မကောင်းသဖြင့်ရောက်လာကုန်သော စကားတို့ကိုလည်းကောင်း သည်းခံနိုင်၏၊ ကိုယ်၌ ဖြစ်သော ပြင်းထန် ကြမ်းကြုတ်စပ်ရှား ကျင်နာ မသာယာဖွယ် မနှစ်သက်ဖွယ်ဖြစ်သော သေလောက်သော ဆင်းရဲဝေဒနာတို့ကိုသည်းခံခြင်း သဘောရှိ၏။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သည်းခံတတ်၏။ (၄)

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သွားတတ်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤရှည်စွာသော သံသရာခရီးဖြင့် မရောက်ဖူးသေးသောအရပ်ဖြစ်သည့် အလုံးစုံသော သင်္ခါရတရားတို့၏ ချုပ်ငြိမ်းရာ အလုံးစုံသော ဥပဓိတို့ကို စွန့်ရာ တဏှာ၏ကုန်ရာ တပ်ခြင်းကင်းရာ ချုပ်ရာ ငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့ လျင်မြန်စွာသာလျှင် သွားတတ်၏။

ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သွားတတ်၏။ (၅)

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်းပေးလှူပူဇော်သော အလှူကို ခံထိုက်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

လေးခုမြောက် ရာဇဝဂ် ပြီး၏။