အင်္ဂုတ္တရနိကာယ်

(၁၅) ၅-တိကဏ္ဍကီဝဂ်

၈-သပ္ပုရိသဒါနသုတ်

၁၄၈။ ရဟန်းတို့ သူတော်ကောင်းတို့၏ ပေးလှူခြင်းတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ယုံကြည်သဖြင့် အလှူကို ပေးလှူ၏၊ ရိုသေစွာ အလှူကို ပေးလှူ၏၊ လျောက်ပတ်သောအခါ၌ အလှူကိုပေးလှူ၏၊ (လှူဖွယ်ဝတ္ထု၌ ) မကပ်ငြိသော စိတ်ရှိသည်ဖြစ်၍ အလှူကို ပေးလှူ၏၊ မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း မထိပါးမူ၍ အလှူကို ပေးလှူ၏။

ရဟန်းတို့ ယုံကြည်သဖြင့် အလှူကို ပေးလှူသောကြောင့် ထိုပေးလှူသော အလှူ၏ အကျိုးဖြစ်ရာထိုထိုဘုံဘဝ၌ ကြွယ်ဝ၏၊ ချမ်းသာ၏၊ များသော ဥစ္စာရှိ၏၊ အသုံးအဆောင် များပြား၏၊ အလွန်အဆင်းလှ၏၊ ရှုချင်ဖွယ် ရှိ၏၊ စိတ်ကြည်လင်ဖွယ် ရှိ၏၊ လွန်ကဲသော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၏။

ရဟန်းတို့ ရိုသေစွာ အလှူကို ပေးလှူသောကြောင့် ထိုပေးလှူသော အလှူ၏ အကျိုးဖြစ်ရာ ထိုထိုဘုံဘဝ၌ ကြွယ်ဝ၏၊ ချမ်းသာ၏၊ များသော ဥစ္စာရှိ၏၊ အသုံးအဆောင် များပြား၏၊ ထို အလှူရှင်၏သား သမီး မယား ကျွန် အစေခံ အမှုလုပ်တို့သည်လည်း စကားကို နာယူကြကုန်၏၊ နားထောင်ကုန်၏၊ သိနားလည်ရန် စိတ်ကို ဖြစ်စေကြကုန်၏။

ရဟန်းတို့ လျောက်ပတ်သောအခါ၌ အလှူကို ပေးလှူသောကြောင့် ထိုပေးလှူသော အလှူ၏ အကျိုးဖြစ်ရာ ထိုထိုဘုံဘဝ၌ ကြွယ်ဝ၏၊ ချမ်းသာ၏၊ များသော ဥစ္စာရှိ၏၊ အသုံးအဆောင် များပြား၏၊ ထိုအလှူရှင်အား အခါအားလျော်စွာ ရောက်လာကုန်သော အကျိုးတို့သည် များပြားကုန်၏။

ရဟန်းတို့ (လှူဖွယ်ဝတထု၌ ) မကပ်ငြိသော စိတ်ရှိသည်ဖြစ်၍ အလှူကို ပေးလှူသောကြောင့်ထိုပေးလှူသော အလှူ၏ အကျိုးဖြစ်ရာ ထိုထိုဘုံဘဝ၌ ကြွယ်ဝ၏၊ ချမ်းသာ၏၊ များသော ဥစ္စာရှိ၏၊ အသုံးအဆောင် များပြား၏၊ မြတ်ကုန်သော ကာမဂုဏ်ငါးပါးတို့၌ သုံးဆောင်ခံစားရန် စိတ်ညွတ်၏။

ရဟန်းတို့ မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း မထိပါးမူ၍ အလှူကို ပေးလှူသောကြောင့် ထိုပေးလှူသော အလှူ၏ အကျိုးဖြစ်ရာ ထိုထိုဘုံဘဝ၌ ကြွယ်ဝ၏၊ ချမ်းသာ၏၊ များသောဥစ္စာရှိ၏၊ အသုံးအဆောင် များပြား၏၊ ထိုအလှူရှင်အား မီးကြောင့်ဖြစ်စေ ရေကြောင့်ဖြစ်စေ မင်းကြောင့်ဖြစ်စေ ခိုးသူကြောင့်ဖြစ်စေ မချစ်မနှစ်သက်အပ်သော အမွေခံဆိုးတို့ကြောင့်ဖြစ်စေ မည်သည့် အကြောင်းကြောင့်မျှ စည်းစိမ်ဥစ္စာတို့ ပျက်စီးခြင်း မဖြစ်။

ရဟန်းတို့ သူတော်ကောင်းတို့၏ ပေးလှူခြင်းတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။