အင်္ဂုတ္တရနိကာယ်
(၁၈) ၃-ဥပါသကဝဂ်
၆-ပီတိသုတ်
၁၇၆။ ထိုအခါ၌ ဥပါသကာ ငါးရာခြံရံလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည်—
ဒါယကာ သင်တို့သည် ရဟန်းသံဃာကို သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ဖြင့် လုပ်ကျွေးကြကုန်၏၊ ဒါယကာ “ငါတို့သည် ရဟန်းသံဃာကို သင်္ကန်းဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏အထောက်အပံ့ ဆေးအသုံးအဆောင်ဖြင့် လုပ်ကျွေးကြကုန်၏”ဟုထိုမျှဖြင့်သာလျှင် နှစ်သိမ့်ရောင့်ရဲ မှုကို မပြုအပ်၊ ဒါယကာ ထို့ကြောင့် သင်တို့သည် ဤသို့ ကျင့်ရမည်။
“ငါတို့သည် အဘယ်သို့လျှင် ရံဖန်ရံခါ (နီဝရဏတို့မှ) ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း’ပီတိ’သို့ ရောက်၍ နေရကုန်အံ့နည်း”ဟု (ကျင့်ရမည်)။
ဒါယကာ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု မိန့်တော်မူ၏။
ဤသို့ ဟောကြားတော်မူသည် ရှိသော် အသျှင်သာရိပုတြာသည် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏—
အသျှင်ဘုရား အံ့ဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏၊ အသျှင်ဘုရားမြတ်စွာဘုရားသည်—
“ဒါယကာ သင်တို့သည် ရဟန်းသံဃာကို သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏အထောက် အပံ့ဆေးအသုံးအဆောင်ဖြင့် လုပ်ကျွေးကြကုန်၏၊ ဒါယကာ ‘ငါတို့သည် ရဟန်းသံဃာကို သင်္ကန်း ဆွမ်းကျောင်းအိပ်ရာနေရာ သူနာ၏အထောက်အပံ့ ဆေးအသုံးအဆောင်ဖြင့် လုပ်ကျွေးကြကုန်၏’ဟု ထိုမျှဖြင့်သာလျှင် နှစ်သိမ့်ရောင့်ရဲမှုကို မပြုအပ်၊ ဒါယကာ ထို့ကြောင့် သင်တို့သည် ဤသို့ ကျင့်ရမည်၊ ‘ငါတို့သည် အဘယ်သို့လျှင် ရံဖန်ရံခါ (နီဝရဏတို့မှ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ သို့ ရောက်၍ နေရကုန်အံ့နည်း”ဟု (ကျင့်ရမည်)၊ ဒါယကာ ဤသို့လျှင် သင်တို့ ကျင့်ရမည်”ဟူသောဤစကားတော်ကို အလွန်လျှင် ကောင်းစွာ ဟောကြားတော်မူအပ်ပါပေ၏။
အသျှင်ဘုရား အရိယာတပည့်သည် (နီဝရဏမှ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ သို့ရောက်၍ နေသောအခါ ထိုပုဂ္ဂိုလ်အား အကြောင်းငါးမျိုးတို့သည် မဖြစ်ပါကုန်။
ထိုအခါ ထိုပုဂ္ဂိုလ်အား ကာမဂုဏ်ကို မှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းလည်း မဖြစ်ပါ။
ကာမဂုဏ်ကို မှီ၍ဖြစ်သော ချမ်းသာခြင်း ဝမ်းမြောက်ခြင်းလည်း မဖြစ်ပါ။
ထိုအခါ ထိုပုဂ္ဂိုလ်အား အကုသိုလ်ကို မှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းလည်း မဖြစ်ပါ။
အကုသိုလ်ကို မှီ၍ဖြစ်သော ချမ်းသာခြင်း ဝမ်းမြောက်ခြင်းလည်း မဖြစ်ပါ။
ထိုအခါ ထိုပုဂ္ဂိုလ်အား ကုသိုလ်ကို မှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းလည်း မဖြစ်ပါ။
အရိယာတပည့်သည် (နီဝရဏမှ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ သို့ ရောက်၍့နေသောအခါ၌ ထိုပုဂ္ဂိုလ်အား အကြောင်းငါးမျိုးတို့သည် မဖြစ်ပါကုန်ဟု (လျှောက်၏)။
သာရိပုတြာ ကောင်းစွ ကောင်းစွ၊ သာရိပုတြာ အရိယာတပည့်သည် (နီဝရဏမှ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ သို့ ရောက်၍ နေသောအခါ ထိုပုဂ္ဂိုလ်အား အကြောင်းငါးမျိုးတို့သည်မဖြစ်ကုန်။
ထိုအခါ ထိုပုဂ္ဂိုလ်အား ကာမဂုဏ်ကို မှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းလည်း မဖြစ်။
ကာမဂုဏ်ကို မှီ၍ဖြစ်သော ချမ်းသာခြင်း ဝမ်းမြောက်ခြင်းလည်း မဖြစ်။
ထိုအခါ ထိုပုဂ္ဂိုလ်အား အကုသိုလ်ကို မှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းလည်း မဖြစ်။
အကုသိုလ်ကို မှီ၍ဖြစ်သော ချမ်းသာခြင်း ဝမ်းမြောက်ခြင်းလည်း မဖြစ်။
ထိုအခါ ထိုပုဂ္ဂိုလ်အား ကုသိုလ်ကို မှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းလည်း မဖြစ်။
သာရိပုတြာ အရိယာတပည့်သည် (နီဝရဏမှ) ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ သို့ရောက်၍ နေသောအခါ ထိုပုဂ္ဂိုလ်အား အကြောင်းငါးမျိုးတို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။