အင်္ဂုတ္တရနိကာယ်

(၁၈) ၃-ဥပါသကဝဂ်

၉-ဂိဟိသုတ်

၁၇၉။ ထိုအခါ အနာထပိဏ်သူဌေးသည် ငါးရာမျှလောက်သော ဥပါသကာတို့ဖြင့် ခြံရံလျက်မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်သာရိပုတြာကို မိန့်တော်မူ၏။

သာရိပုတြာ သိက္ခာပုဒ်ငါးမျိုးတို့၌စောင့်ရှောက်မှုရှိ၍ လွန်မြတ်သော စိတ်၌ မှီကုန်သော ယခုဘဝ၌ ချမ်းသာစွာ နေရခြင်းလေးပါးတို့ကို အလိုရှိတိုင်း မငြိုငြင် မပင်ပန်းဘဲ ရသည့် အဝတ်ဖြူဝတ်သူလူတစ်စုံ တစ်ယောက်ကို သိကုန်ရာ၏၊ ထိုသူသည် ပြောကြားလိုခဲ့သော် “ငါသည် ငရဲ၌ ဖြစ်မှုတိရ စ္ဆာန်မျိုး၌ ဖြစ်မှု ပြိတ္တာဘုံ၌ ဖြစ်မှု အပါယ်ဒုဂ္ဂတိသို့ ပျက်စီး၍ ကျရောက်မှုကုန်ဆုံးပြီ၊ ငါသည်သောတာပန်ဖြစ်၏၊ ပျက်စီး၍ ကျရောက်ခြင်းသဘောမရှိ၊ ဂတိမြဲ၏၊ အထက်မဂ်ဖိုလ်သာလျှင်လဲလျောင်းရာရှိ၏”ဟု မိမိသည် ပင်လျှင် မိမိကိုယ်ကို ပြောကြားရာ၏။

အဘယ်သိက္ခာပုဒ် ငါးမျိုးတို့၌စောင့်ရှောက်မှု ရှိသနည်း။

သာရိပုတြာ ဤသာသနာတော်၌ အရိယာတပည့်သည်—

သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏။

မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏။

ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏။

မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်၏။

မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်၏။

ဤသိက္ခာပုဒ် ငါးမျိုးတို့၌စောင့်ရှောက်မှု ရှိ၏။

အဘယ်လွန်မြတ်သော စိတ်၌ မှီကုန်သော ယခုဘဝ၌ ချမ်းသာစွာ နေရခြင်းလေးမျိုးတို့ကို အလိုရှိတိုင်းမငြိုငြင် မပင်ပန်းဘဲ ရသနည်း။

သာရိပုတြာ ဤသာသနာတော်၌ အရိယာတပည့်သည် မြတ်စွာဘုရား၌ သက်ဝင်ယုံကြည်ခြင်းနှင့်ပြည့်စုံ၏။

“ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်းဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်းသုဂတ မည်တော်မူ၏၊ လောကကို သိတော်မူတတ်သော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်းအနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်းသတ္ထာဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏”ဟု (ယုံကြည်၏)။

ဤသည်ကား ထိုအရိယာတပည့်အား မစင်ကြယ်သေးသော စိတ်ကို စင်ကြယ်စေရန်, မဖြူစင်သေးသော စိတ်ကို ဖြူစင်စေရန် လွန်မြတ်သော စိတ်၌ မှီသော ယခုဘဝ၌ ချမ်းသာစွာ နေရခြင်းကိုပဌမရခြင်းပေတည်း။

သာရိပုတြာ နောက်တစ်မျိုးကား အရိယာတပည့်သည် တရား၌ သက်ဝင် ယုံကြည်ခြင်းနှင့် ပြည့်စုံ၏။

“မြတ်စွာဘုရား ဟောသောတရားတော်သည် ကောင်းစွာ ဟောအပ်သော တရားတော်ပါပေတည်း၊ ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားတော်ပါပေတည်း”ဟု (ယုံကြည်၏)။

ဤသည်ကား ထိုအရိယာတပည့်အား မစင်ကြယ်သေးသော စိတ်ကို စင်ကြယ်စေရန်, မဖြူစင်သေးသော စိတ်ကို ဖြူစင်စေရန် လွန်မြတ်သော စိတ်၌ မှီသော ယခုဘဝ၌ ချမ်းသာစွာ နေရခြင်းကိုဒုတိယရခြင်းပေတည်း။

သာရိပုတြာ နောက်တစ်မျိုးကား အရိယာတပည့်သည် သံဃာ၌ သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံ၏။

“မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’ သံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’ သံဃာတော်သည် ဖြောင့်မတ်သော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’ သံဃာတော်သည် မှန်သော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏တပည့်သား ‘သာဝက’ သံဃာတော်သည် လျော်ကန်သော အကျင့်ရှိတော်မူပါပေ၏၊ အစုံအားဖြင့်လေးစုံ, ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော မြတ်စွာဘုရား၏ တပည့်သား ‘သာဝက’ သံဃာတော်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါပေ၏၊ ဧည့်သည်အလိုငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါပေ၏၊ တမလွန်အတွက်ရည်မျှော်သော အလှူကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီခြင်းကို ခံတော်မူထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူပါပေ၏”ဟု (ယုံကြည်၏)။

ဤသည်ကား ထိုအရိယာတပည့်အား မစင်ကြယ်သေးသော စိတ်ကို စင်ကြယ်စေရန် မဖြူစင်သေး သောစိတ်ကို ဖြူစင်စေရန် လွန်မြတ်သော စိတ်၌ မှီသော ယခုဘဝ၌ ချမ်းသာစွာ နေရခြင်းကို တတိယရခြင်းပေတည်း။

သာရိပုတြာ နောက်တစ်မျိုးကား မကျိုး မပေါက် မပြောက် မကျားကုန်သော၊ တဏှာကျွန်အဖြစ်မှလွတ်ကုန်သော၊ ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော၊ မှားသောအားဖြင့် မသုံးသပ်အပ်ကုန်သော၊ သမာဓိကိုဖြစ်စေတတ်ကုန်သော၊ အရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံကုန်၏။

ဤသည်ကား ထိုအရိယာတပည့်အား မစင်ကြယ်သေးသော စိတ်ကို စင်ကြယ်စေရန်, မဖြူစင်သေးသော စိတ်ကို ဖြူစင်စေရန် လွန်မြတ်သော စိတ်၌ မှီသော ယခုဘဝ၌ ချမ်းသာစွာ နေရခြင်းကို စတုတ္ထရခြင်းပေတည်း။

ဤလွန်မြတ်သော စိတ်၌ မှီကုန်သော ယခုဘဝ၌ ချမ်းသာစွာ နေရခြင်းလေးမျိုးတို့ကို အလိုရှိတိုင်းမငြိုငြင် မပင်ပန်းဘဲ ရ၏။

သာရိပုတြာ ဤသိက္ခာပုဒ်ငါးမျိုးတို့၌စောင့်ရှောက်မှုရှိ၍ လွန်မြတ်သော စိတ်၌ မှီကုန်သော ယခု ဘဝ၌ ချမ်းသာစွာ နေရခြင်းလေးပါးတို့ကို အလိုရှိတိုင်း မငြိုငြင် မပင်ပန်းဘဲ ရသော အဝတ်ဖြူဝတ်သူလူတစ်စုံတစ်ယောက်ကို သိကုန်ရာ၏၊ ထိုသူသည် ပြောကြားလိုခဲ့သော် “ငါသည် ငရဲ၌ ဖြစ်မှုတိရ စ္ဆာန်မျိုး၌ ဖြစ်မှု ပြိတ္တာဘုံ၌ ဖြစ်မှု အပါယ်ဒုဂ္ဂတိသို့ ပျက်စီး၍ ကျရောက်မှုကုန်ဆုံးပြီ၊ ငါသည်သောတာပန်ဖြစ်၏၊ ပျက်စီး၍ ကျရောက်ခြင်းသဘောမရှိ၊ ဂတိမြဲ၏၊ အထက်မဂ်ဖိုလ်သာလျှင် လဲလျောင်းရာရှိ၏”ဟု မိမိသည်ပင်လျှင် မိမိကိုယ်ကို ပြောကြားရာ၏ဟု (မိန့်တော်မူ၏)။

ပညာရှိသည် ငရဲတို့၌ ဘေးကို မြင်၍ မကောင်းမှုတို့ကို ရှောင်ကြဉ်ရာ၏၊ အရိယာတို့၏တရား (ငါးပါးသီလ) ကို ဆောက်တည်၍ (မကောင်းမှုတို့ကို) ရှောင်ကြဉ်ရာ၏။ (သီလဆောက်တည်မည်ဟူသော) လုံ့လ ထင်ရှားရှိခဲ့သော် သက်ရှိသတ္တဝါတို့ကို မညှဉ်းဆဲရာ၊ သိလျက်မဟုတ်မမှန်သော စကားကိုလည်း မပြောရာ၊ မပေး သည်ကိုလည်း မသုံးသပ်ရာ၊ အရိယာတပည့်သည်မိမိမယားတို့ဖြင့်သာ ရောင့်ရဲ၍ သူတစ်ပါးမယားကို ဝေးစွာ ရှောင်ကြဉ်ရာ၏၊ စိတ်ကိုတွေဝေစေတတ်သော မေရယငါးပါး သုရာငါးပါးကို မသောက်ရာ။ မြတ်စွာဘုရားကို အဖန်တလဲလဲ အောက်မေ့ရာ၏၊ တရားတော်ကိုလည်း အဖန်တလဲလဲ ကြံစည်ရာ၏၊ ဆင်းရဲမှုမရှိသည်သာလျှင်ဖြစ်သော ထို (ဗြဟ္မစိုရ် တရား လေးပါးနှင့်ယှဉ်သော) စိတ်ကို ဗြဟ္မာ့ဘုံအကျိုးငှါပွါးများရာ၏။ လှူဖွယ်ဝတ္ထု ထင်ရှားရှိလတ်သော် ကောင်းမှုကို အလိုရှိ၍ ရှာမှီးသူသည် သူတော်ကောင်းတို့၌ ရှေးဦးပေးလှူအပ်သော အလှူသည် ပြန့်ပြော၏။ သာရိပုတြာ သူတော်ကောင်းတို့ကို စင်စစ် ငါဟောကြားပေးအံ့၊ ငါ၏ စကားကို ကောင်းစွာနာယူလော့၊ အဆင်းတူဖြစ်သည့် နွားနက် နွားဖြူ နွားနီ နွားပြာ နွားစိမ်း နွားကျားခိုပြာရောင်နွားတို့တွင် ရှေ့ဆောင် နွားလားသည် ယဉ်ကျေး၏၊ ဝန်ကို ဆောင်နိုင်၏၊ ခွန်အားနှင့်ပြည့်စုံ၏၊ ဖြောင့်မတ်လျင်မြန်စွာ သွား၏၊ ထိုနွားလားကိုသာလျှင် ဝန်ဆောင် ခိုင်းကုန်၏၊ ထိုနွားလား၏အဆင်းကိုမူကား မစူးစမ်း မဆင်ခြင်ကုန်။ ဤအတူသာလျှင် မင်းမျိုး ပုဏ္ဏားမျိုးကုန်သည်မျိုး ဆင်းရဲမျိုး ဒွန်းစဏ္ဍားမျိုး ပန်းမှိုက်သွန်မျိုးဟူသောမည်သည့် အမျိုးအနွယ်၌ မဆိုဖြစ်သည့် လူတို့တွင် အကြင်သူသည် ယဉ်ကျေး၏၊ ကောင်းသောအကျင့်ရှိ၏၊ တရား၌ တည်၏၊ သီလနှင့် ပြည့်စုံ၏၊ မှန်သောစကားကို ဆိုလေ့ရှိ၏၊ (မကောင်းမှုမှ) ရှက်စိတ်ရှိ၏၊ ပဋိသန္ဓေနေခြင်း သေခြင်းသဘောကို ပယ်ပြီးဖြစ်၏၊ မြတ်သောအကျင့် အလုံးစုံနှင့်ပြည့်စုံပြီးဖြစ်၏၊ (ခန္ဓာ) ဝန်ကို ချထားပြီးဖြစ်၏၊ ဝဋ်ဆင်းရဲ၌ မယှဉ်၊ ပြုဖွယ်ကိုလည်း ပြုပြီးဖြစ်၏၊ အာသဝေါကင်း၏၊ အလုံးစုံသော တရားတို့၏ တစ်ဖက်ကမ်း သို့ ရောက်ပြီးဖြစ်၏၊ (တဏှာဒိဋ္ဌိအားဖြင့်) တစ်စုံတစ်ရာအာရုံကို မစွဲယူမူ၍ ငြိမ်းအေး၏၊ ကိလေသာမြူကင်းသောလယ်ယာမြေကောင်းသဖွယ်ဖြစ်သော ထိုရဟန္တာပုဂ္ဂိုလ်၌ ပေးလှူအပ်သော အလှူသည် ပြန့်ပြော၏။ မသိ မလိမ္မာ ပညာမရှိ အကြားအမြင် နည်းပါးကုန်သော လူမိုက်တို့သည်ကား (ဤသာသနာတော်မှ) အပ၌ အလှူတို့ကို ပေးလှူကုန်၏၊ သူတော်ကောင်းတို့ကို မဆည်းကပ်ကုန်။ အကြင်သူတို့သည်လည်း ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော ပညာရှိသူတော် ကောင်းတို့ကိုမှီဝဲဆည်းကပ်ကုန်၏၊ ထိုသူတို့၏ သဒ္ဓါတရားသည်ကား မြတ်စွာဘုရား၌ အမြစ်သဖွယ်ဖြစ်၍ တည်၏။ ထိုပညာရှိတို့သည် နတ်ပြည်သို့လည်း လားကုန်၏၊ ဤလူ့ပြည်၌ မူလည်း အမျိုးမြတ်၌ ဖြစ်ကုန်၏၊ အစဉ်သဖြင့် နိဗ္ဗာန်သို့ ရောက်ကုန်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။