အင်္ဂုတ္တရနိကာယ်

(၁၈) ၃-ဥပါသကဝဂ်

၁ဝ-ဂဝေသီသုတ်

၁၈ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်းတို့၌ ဒေသစာရီ ကြွချီတော်မူ၏၊ မြတ်စွာဘုရားသည် ခရီးရှည် ကြွသွားတော်မူသည်ရှိသော်အရပ်မျက်နှာတစ်ခု၌ အင်ကြင်းတောကြီးကို မြင်တော်မူ၍ ခရီးလမ်းမှ ဖဲခွါခဲ့ပြီးလျှင် ထိုအင်ကြင်းတောသို့ချဉ်းကပ် ဝင်ရောက် လျက် တစ်ခုသော အရပ်၌ ပြုံးတော်မူ၏။

ထိုအခါ အသျှင်အာနန္ဒာအား —

“မြတ်စွာဘုရား ပြုံးတော်မူခြင်း၏ အကြောင်းကား အဘယ်နည်း၊ အထောက်အပံ့ကား အဘယ် နည်း၊ မြတ်စွာဘုရားတို့သည် အကြောင်းမဲ့ ပြုံးတော်မမူကြကုန်”ဟု အကြံဖြစ်၏။

ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏။

“အသျှင်ဘုရား မြတ်စွာဘုရား ပြုံးတော်မူခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း၊ မြတ်စွာဘုရားတို့သည် အကြောင်းမဲ့ ပြုံးတော်မမူကြပါကုန်”ဟု (လျှောက်၏)။

အာနန္ဒာ ဤအရပ်၌ ရှေးအခါက မြို့ဖြစ်ဖူး၏၊ ပြည့်စုံလည်း ပြည့်စုံ၏၊ ကြွယ်ဝလည်း ကြွယ်ဝ၏၊ လူမျိုးစုံ ရောပြွမ်းသည်ဖြစ်၍ များစွာသော လူရှိ၏။

အာနန္ဒာ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ကဿပမြတ်စွာဘုရားသည် ထိုမြို့ကို အမှီပြု၍ (သီတင်းသုံး) နေတော်မူ၏။

အာနန္ဒာ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ကဿပမြတ်စွာဘုရားအားစောင့်ထိန်းမှု ‘သီလ’ တို့၌ ပြည့်စုံစွာ ဖြည့်ကျင့်လေ့မရှိသောဂဝေသီမည်သော ဥပါသကာသည် ရှိ၏၊ အာနန္ဒာ ဂဝေသီမည်သော ဥပါသကာသည် သီလတို့၌ ပြည့်စုံစွာဖြည့်ကျင့်လေ့မရှိသော ဥပါသကာ ငါးရာတို့အား (ဥပါသကာအဖြစ်ကို) ပြောကြားစေ၏၊ ဆောက်တည်စေ၏။

အာနန္ဒာ ထိုအခါ၌ ဂဝေသီမည်သော ဥပါသကာအား ဤအကြံသည် ဖြစ်၏ —

“ငါသည် ဤဥပါသကာ ငါးရာတို့အား ကျေးဇူးများ၏၊ ရှေ့သွားခေါင်းဆောင် ဖြစ်၏၊ (ဥပါသကာအဖြစ်ကို) ဆောက်တည်စေ၏၊ ငါသည်လည်း သီလတို့၌ ပြည့်စုံစွာ ဖြည့်ကျင့်လေ့ မရှိ၊ ဤဥပါသကာငါးရာတို့သည်လည်း သီလတို့၌ ပြည့်စုံစွာ ဖြည့်ကျင့်လေ့ မရှိကုန်၊ ဤသို့ ဖြစ်ခြင်းသည် တူညီနေ၏၊ တစ်စုံတစ်ရာ လွန်ကဲမှု မရှိ၊ ယခုအခါ ငါသည် လွန်ကဲရန် ကျင့်မည်”ဟု (အကြံဖြစ်၏)။

အာနန္ဒာ ထို့နောက် ဂဝေသီမည်သော ဥပါသကာသည် ဥပါသကာငါးရာတို့ထံသို့ ချဉ်းကပ်၍ထိုဥပါသကာငါးရာတို့အား —

“အသျှင်တို့ ယနေ့မှစ၍ အကျွန်ုပ်ကို သီလတို့၌ ပြည့်စုံစွာ ဖြည့်ကျင့်သော သူဟု မှတ်ကြပါကုန်”ဟူ၍ဤစကားကို ပြောဆို၏။

အာနန္ဒာ ထိုအခါ၌ ထိုဥပါသကာ ငါးရာတို့အား ဤအကြံသည် ဖြစ်၏ —

“အသျှင်ဂဝေသီသည် ငါတို့အား ကျေးဇူးများ၏၊ ရှေ့သွားခေါင်းဆောင် ဖြစ်၏၊ (ဥပါသကာ အဖြစ်ကို) ဆောက်တည်စေ၏၊ အသျှင်ဂဝေသီပင် သီလတို့၌ ပြည့်စုံစွာ ဖြည့်ကျင့်တုံဘိသေး၏၊ ငါတို့ သည်ကားအဘယ်ကြောင့် မဖြည့်ကျင့်ဘဲ ရှိရာအံ့နည်း”ဟု (အကြံဖြစ်၏)။

အာနန္ဒာ ထိုအခါ၌ ထိုဥပါသကာငါးရာတို့သည် ဂဝေသီ ဥပါသကာထံသို့ ချဉ်းကပ်၍ ဂဝေသီဥပါသကာအား ဤစကားကို ဆိုကုန်၏ —

“အသျှင်ဂဝေသီ ယနေ့မှစ၍ ဤဥပါသကာ ငါးရာတို့ကိုလည်း သီလတို့၌ ပြည့်စုံစွာ ဖြည့်ကျင့်သူတို့ဟူ၍ သိမှတ်ပါလော့”ဟု (ဆိုကုန်၏)။

အာနန္ဒာ ထို့နောက် ဂဝေသီမည်သော ဥပါသကာအား ဤအကြံသည် ဖြစ်ပြန်၏ —

“ငါသည် ဤဥပါသကာငါးရာတို့အား ကျေးဇူးများ၏၊ ရှေ့သွားခေါင်းဆောင် ဖြစ်၏၊ (ဥပါသကာအဖြစ်ကို) ဆောက်တည်စေ၏၊ ငါသည်လည်း သီလတို့၌ ပြည့်စုံစွာ ဖြည့်ကျင့်လေ့ရှိ၏၊ ဤ ဥပါသကာငါးရာတို့သည်လည်း သီလတို့၌ ပြည့်စုံစွာ ဖြည့်ကျင့်လေ့ရှိကုန်၏၊ ဤသို့ ဖြစ်ခြင်းသည် တူညီနေ၏၊ တစ်စုံတစ်ရာ လွန်ကဲမှု မရှိ၊ ယခုအခါ ငါသည် လွန်ကဲရန် ကျင့်မည်”ဟု (အကြံဖြစ်ပြန်၏)။

အာနန္ဒာ ထို့နောက် ဂဝေသီဥပါသကာသည် ထိုဥပါသကာ ငါးရာတို့ထံသို့ ချဉ်းကပ်၍ထိုဥပါသကာငါးရာတို့အား ဤစကားကို ဆို၏ —

“အသျှင်တို့ ယနေ့မှစ၍ အကျွန်ုပ်ကို မြတ်သော အကျင့်ကို ကျင့်သူ (အကျင့်ယုတ်မှ) ဝေးစွာ ကျင့်သူရွာသူတို့၏ အကျင့်ဟု ဆိုအပ်သည့် မေထုန်မှ ကြဉ်ရှောင်သူဟူ၍ မှတ်ကြပါကုန်”ဟု (ပြောဆို၏)။

အာနန္ဒာ ထိုအခါ၌ ထိုဥပါသကာငါးရာတို့အား ဤသို့ အကြံသည် ဖြစ်ပြန်၏။

“အသျှင်ဂဝေသီသည် ငါတို့အား ကျေးဇူးများ၏၊ ရှေ့သွားခေါင်းဆောင် ဖြစ်၏၊ (ဥပါသကာ အဖြစ်ကို) ဆောက်တည်စေ၏၊ အသျှင်ဂဝေသီပင် မြတ်သော အကျင့်ကို ကျင့်သူ (အကျင့်ယုတ်မှ) ဝေးစွာကြဉ်ရှောင်သူ ရွာသူတို့၏ အကျင့်ဟု ဆိုအပ်သည့် မေထုန်မှ ကြဉ်ရှောင်သူ ဖြစ်တုံဘိသေး၏၊ ငါတို့သည်ကား အဘယ့်ကြောင့် မဖြစ်ဘဲ ရှိရာအံ့နည်း”ဟု (အကြံဖြစ်ပြန်၏)။

အာနန္ဒာ ထို့နောက် ထိုဥပါသကာ ငါးရာတို့သည် ဂဝေသီ ဥပါသကာထံသို့ ချဉ်းကပ်၍ ဂဝေသီဥပါသကာအား ဤစကားကို ဆိုကုန်၏ —

“အသျှင်ဂဝေသီ ယနေ့မှစ၍ ဤဥပါသကာ ငါးရာတို့ကိုလည်း မြတ်သော အကျင့်ကို ကျင့်သူ (အကျင့်ယုတ်မှ) ဝေးစွာ ကြဉ်ရှောင်သူ ရွာသူတို့၏ အကျင့်ဟု ဆိုအပ်သော မေထုန်မှ ကြဉ်ရှောင်သူတို့ဟူ၍ သိမှတ်ပါလော့”ဟု (ပြောဆိုကြကုန်၏)။

အာနန္ဒာ ထိုအခါ၌ ဂဝေသီဥပါသကာအား —

“ငါသည် ဤဥပါသကာ ငါးရာတို့အား ကျေးဇူးများ၏၊ ရှေ့သွားခေါင်းဆောင် ဖြစ်၏၊ (ဥပါသကာအဖြစ်ကို) ဆောက်တည်စေ၏၊ ငါသည်လည်း သီလတို့၌ ပြည့်စုံစွာ ဖြည့်ကျင့်လေ့ရှိ၏၊ ဤဥပါသကာငါးရာတို့သည်လည်း သီလတို့၌ ပြည့်စုံစွာ ဖြည့်ကျင့်လေ့ရှိကုန်၏၊ ငါသည်လည်း မြတ်သော အကျင့်ကိုကျင့်၏ (အကျင့်ယုတ်မှ) ဝေးစွာ ကြဉ်ရှောင်၏၊ ရွာသူတို့၏ အကျင့်ဟု ဆိုအပ်သော မေထုန်မှ ကြဉ်ရှောင်၏၊ ဤဥပါသကာငါးရာတို့သည်လည်း မြတ်သော အကျင့်ကို ကျင့်ကုန်၏၊ (အကျင့်ယုတ်မှ) ဝေးစွာကြဉ်ရှောင်ကုန်၏၊ ရွာသူတို့၏ အကျင့်ဟု ဆိုအပ်သော မေထုန်မှ ကြဉ်ရှောင်ကုန်၏၊ ဤသို့ဖြစ်ခြင်းသည် တူညီနေ၏၊ တစ်စုံတစ်ရာ လွန်ကဲမှု မရှိ၊ ယခုအခါ ငါသည် လွန်ကဲရန် ကျင့်မည်”ဟု (အကြံဖြစ်ပြန်၏)။

အာနန္ဒာ ထို့နောက် ဂဝေသီဥပါသကာသည် ထိုဥပါသကာ ငါးရာတို့ထံသို့ ချဉ်းကပ်၍ ထိုဥပါသကာငါးရာတို့အား ဤစကားကို ဆို၏ —

အသျှင်တို့ “ယနေ့မှစ၍ အကျွန်ုပ်ကို တစ်ထပ်တည်းသာ စားသူ ညစာစားခြင်းမှ ကြဉ်ရှောင်သူနေလွဲသောအခါ စားခြင်းမှ ကြဉ်ရှောင်သူဟူ၍ မှတ်ကြပါကုန်”ဟု (ဆိုပြန်၏)။

အာနန္ဒာ ထိုအခါ၌ ထိုဥပါသကာ ငါးရာတို့အား ဤအကြံသည် ဖြစ်ပြန်၏။

“အသျှင်ဂဝေသီသည် ငါတို့အား ကျေးဇူးများ၏၊ ရှေ့သွားခေါင်းဆောင် ဖြစ်၏၊ (ဥပါသကာ အဖြစ်ကို) ဆောက်တည်စေ၏၊ အသျှင်ဂဝေသီပင် တစ်ထပ်တည်းသာ စားသူ ညစာစားခြင်းမှ ကြဉ် ရှောင်သူနေလွဲသောအခါ စားခြင်းမှ ကြဉ်ရှောင်သူ ဖြစ်တုံဘိသေး၏၊ ငါတို့သည်ကား အဘယ့်ကြောင့် မဖြစ်ဘဲရှိရာအံ့နည်း”ဟု (အကြံဖြစ်ပြန်၏)။

အာနန္ဒာ ထို့နောက် ထိုဥပါသကာ ငါးရာတို့သည် ဂဝေသီ ဥပါသကာထံသို့ ချဉ်းကပ်၍ ဂဝေသီဥပါသကာအား ဤစကားကို ဆိုကုန်၏ —

“အသျှင်ဂဝေသီ ယနေ့မှစ၍ ဤဥပါသကာငါးရာတို့ကိုလည်း တစ်ထပ်တည်းသာ စားသူ ညစာစားခြင်းမှ ကြဉ်ရှောင်သူ နေလွဲသောအခါ စားခြင်းမှ ကြဉ်ရှောင်သူတို့ဟူ၍ မှတ်ပါလော့”ဟု (ပြောဆိုကြကုန်၏)။

အာနန္ဒာ ထိုအခါ၌ ဂဝေသီဥပါသကာအား ဤအကြံသည် ဖြစ်ပြန်၏ —

“ငါသည် ဤဥပါသကာငါးရာတို့အား ကျေးဇူးများ၏၊ ရှေ့သွားခေါင်းဆောင် ဖြစ်၏၊ (ဥပါသကာအဖြစ်ကို) ဆောက်တည်စေ၏၊ ငါသည်လည်း သီလတို့နှင့် ပြည့်စုံစွာ ဖြည့်ကျင့်လေ့ရှိ၏၊ ဤဥပါသကာငါးရာတို့သည်လည်း သီလတို့၌ ပြည့်စုံစွာ ဖြည့်ကျင့်လေ့ရှိကုန်၏၊ ငါသည်လည်း မြတ်သော အကျင့်ကိုကျင့်၏၊ (အကျင့်ယုတ်မှ) ဝေးစွာ ကြဉ်ရှောင်၏၊ ရွာသူတို့၏ အကျင့်ဟု ဆိုအပ်သော မေထုန်မှ ကြဉ်ရှောင်ကြ၏၊ ဤဥပါသကာငါးရာတို့သည်လည်း မြတ်သော အကျင့်ကို ကျင့်ကုန်၏၊ (အကျင့်ယုတ်မှ) ဝေးစွာ ကြဉ်ရှောင်ကုန်၏၊ ရွာသူတို့၏ အကျင့်ဟု ဆိုအပ်သော မေထုန်မှ ကြဉ်ရှောင်ကုန်၏၊ ငါသည်လည်း တစ်ထပ်တည်းသာ စား၏၊ ညစာစားခြင်းမှ ကြဉ်ရှောင်၏၊ နေလွဲသောအခါ စားခြင်းမှ ကြဉ်ရှောင်၏၊ ဤဥပါသကာငါးရာတို့သည်လည်း တစ်ထပ်တည်းသာ စားကုန်၏၊ ညစာစားခြင်းမှ ကြဉ်ရှောင်ကုန်၏၊ နေလွဲသောအခါ စားခြင်းမှ ကြဉ်ရှောင်ကုန်၏၊ ဤသို့ ဖြစ်ခြင်းသည် တူညီနေ၏၊ တစ်စုံတစ်ရာလွန်ကဲမှု မရှိ၊ ယခုအခါ ငါသည် လွန်ကဲရန် ကျင့်မည်”ဟု (အကြံ ဖြစ်ပြန်၏)။

အာနန္ဒာ ထိုအခါ၌ ဂဝေသီဥပါသကာသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ဤစကားကိုလျှောက်၏ —

“အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားအထံတော်၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ရဟန်းအဖြစ်ကိုရလိုပါ၏”ဟု (လျှောက်၏)။

အာနန္ဒာ ဂဝေသီဥပါသကာသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရား၏ အထံတော်၌ ရှင်အဖြစ် ရဟန်းအဖြစ်ကိုရလေ၏။

အာနန္ဒာ ရဟန်းဖြစ်၍ မကြာသေးသော အသျှင်ဂဝေသီသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ကပ်ပြီးလျှင် မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်)သို့စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ကြသော အမျိုးကောင်းသားများ လိုလားအပ်သည့် အတုမရှိသော မြတ်သော အကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍နေရ၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို့ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့”ဟု သိ၏၊ အသျှင်ဂဝေသီသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။

အာနန္ဒာ ထိုအခါ၌ ထိုဥပါသကာငါးရာတို့အား ဤ အကြံသည် ဖြစ်ပြန်၏။

“အသျှင်ဂဝေသီသည် ငါတို့အား ကျေးဇူးများ၏၊ ရှေ့သွား ခေါင်းဆောင် ဖြစ်၏၊ (ဥပါသကာအဖြစ်ကို) ဆောက်တည်စေ၏၊ အသျှင်ဂဝေသီပင် ဆံမုတ်ဆိတ်ကို ရိတ်ပြီးလျှင် ဖန်ရည်ဆိုးသောအဝတ်ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်တုံဘိသေး၏၊ ငါတို့သည်ကားအဘယ့်ကြောင့် မဝင်ရောက်ဘဲ ရှိရာအံ့နည်း”ဟု (အကြံဖြစ်ပြန်၏)။

အာနန္ဒာ ထိုအခါ၌ ထိုဥပါသကာ ငါးရာတို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ဤစကားကိုလျှောက်၏ —

“အသျှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရား အထံတော်၌ ရှင်အဖြစ်ကို ရလိုပါကုန်၏၊ ရဟန်းအဖြစ်ကို ရလိုပါကုန်၏”ဟု (လျှောက်၏)။

အာနန္ဒာ ထိုဥပါသကာ ငါးရာတို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရား၏ အထံတော်၌ ရှင်အဖြစ်ရဟန်းအဖြစ်ကို ရကုန်၏။

အာနန္ဒာ ထိုအခါ၌ ဂဝေသီရဟန်းအား ဤ အကြံသည် ဖြစ်ပြန်၏ —

“ငါသည်ကား အတုမရှိသော ဤ လွတ်မြောက်မှု ချမ်းသာ ‘ဝိမုတ္တိသုခ’ ကို အလိုရှိတိုင်း မငြိုငြင်မပင်ပန်းဘဲ ရ၏၊ ဤရဟန်းငါးရာတို့သည်လည်း အတုမရှိသော ဤလွတ်မြောက်မှု ချမ်းသာ ‘ဝိမုတ္တိသုခ’ကို အလိုရှိတိုင်း မငြိုငြင် မပင်ပန်းဘဲ ရကုန်သည် ဖြစ်ပါကုန်မူကား ကောင်းလေစွ”ဟု (အကြံဖြစ်၏)။

အာနန္ဒာ ထိုအခါ ရဟန်းငါးရာတို့သည် ဆိတ်ငြိမ်ရာသို့ ကပ်ပြီးလျှင် မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့)စေလွှတ်အပ်သောစိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် ကောင်းစွာသာလျှင်လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ကြသော အမျိုးကောင်းသားများ လိုလားအပ်သည့် အတုမရှိသော မြတ်သော အကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့်မျက်မှောက်ပြုလျက် ရောက်၍ နေရကုန်၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကိုကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့”ဟုသိကုန်၏။

အာနန္ဒာ ဤသို့လျှင် ဂဝေသီ အမှူးရှိသော ထိုငါးရာသော ရဟန်းတို့သည် လွန်ကဲသည်ထက်လွန်ကဲသော မြတ်သည်ထက် မြတ်သော လုံ့လကို အားထုတ်ကုန်သည်ဖြစ်၍ အတုမရှိသော လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’ ကို မျက်မှောက်ပြုကြကုန်၏။

အာနန္ဒာ ထို့ကြောင့်သာလျှင် ဤသာသနာတော်၌ “လွန်ကဲသည်ထက် လွန်ကဲသော မြတ်သည်ထက်မြတ်သော လုံ့လကို အားထုတ်ကုန်သည်ဖြစ်၍ အတုမရှိသော လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’ ကိုမျက်မှောက်ပြုကုန်အံ့”ဟု ကျင့်ရမည်၊ အာနန္ဒာ ဤအတိုင်းပင် သင်သည် ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

သုံးခုမြောက် ဥပါသကဝဂ် ပြီး၏။