အင်္ဂုတ္တရနိကာယ်

(၂ဝ) ၅-ဗြာဟ္မဏဝဂ်

၆-မဟာသုပိနသုတ်

၁၉၆။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော မြတ်စွာဘုရားအား သစ္စာလေးပါးတရားကို မသိသေးမီ ဘုရားအလောင်းဖြစ်စဉ် ကပင်အိပ်မက်ကြီးငါးမျိုးတို့သည် ထင်ရှားဖြစ်ပေါ်ကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော မြတ်စွာဘုရားအား သစ္စာလေးပါးတရားကို မသိသေးမီ ဘုရားအလောင်းဖြစ်စဉ်ကပင် ဤမြေကြီးသည် မြတ်သော အိပ်ရာ ဖြစ်၏၊ ဟိမဝန္တာတောင်မင်းသည် ခေါင်းအုံး ဖြစ်၏၊ အရှေ့သမုဒ္ဒရာ၌ လက်ဝဲလက်ကို တင်ထား၏၊ အနောက်သမုဒ္ဒရာ၌ လက်ယာလက်ကို တင်ထား၏၊ တောင်သမုဒ္ဒရာ၌ ခြေတော်အစုံကို တင်ထား၏။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော မြတ်စွာဘုရားအား သစ္စာလေးပါးတရားကို မသိသေးမီ ဘုရားအလောင်းဖြစ်စဉ်ကပင်ဤပဌမအိပ်မက်ကြီးသည် ထင်ရှားဖြစ်ပေါ်၏။ ိံရဟန်းတို့ နောက်တစ်မျိုးကား ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားအားသစ္စာလေးပါးတရားကို မသိသေးမီ ဘုရားအလောင်း ဖြစ်စဉ်ကပင် တိရိယမည်သော မြက်မျိုးသည်ချက်မှ အထက်သို့ တက်ပြီးလျှင် ကောင်းကင်သို့ ထိ၍ တည်၏။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော မြတ်စွာဘုရားအား သစ္စာလေးပါးတရားကို မသိသေးမီ ဘုရားအလောင်းဖြစ်စဉ်ကပင်ဤဒုတိယအိပ်မက်ကြီးသည် ထင်ရှားဖြစ်ပေါ်၏။ ိံရဟန်းတို့ နောက်တစ်မျိုးကား ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားအားသစ္စာလေးပါးတရားကို မသိသေးမီ ဘုရား အလောင်းဖြစ်စဉ်ကပင် မည်းနက်သော ဦးခေါင်းရှိသည့်ပိုးကောင်အဖြူတို့သည် ခြေတို့မှ တက်၍ ပုဆစ် ဒူးဝန်းတိုင်အောင် ဖုံးလွှမ်းကုန်၏။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ့သိတော်မူသော မြတ်စွာဘုရားအား သစ္စာလေးပါးတရားကို မသိသေးမီ ဘုရားအလောင်းဖြစ်စဉ်ကပင်ဤတတိယအိပ်မက်ကြီးသည် ထင်ရှားဖြစ်ပေါ်၏။ ိံရဟန်းတို့ နောက်တစ်မျိုးကား ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားအားသစ္စာလေးပါးတရားကို မသိသေးမီ ဘုရားအလောင်း ဖြစ်စဉ်ကပင် အဆင်းအမျိုးမျိုးရှိသည့်ငှက်လေးမျိုးတို့သည် အရပ်လေးမျက်နှာတို့မှ လာ၍ ခြေရင်း၌ ကျပြီးလျှင် အားလုံး အဖြူချည်းတို့သာဖြစ်ကုန်၏။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော မြတ်စွာဘုရားအား သစ္စာလေးပါးတရားကို မသိသေးမီ ဘုရားအလောင်းဖြစ်စဉ်ကပင်ဤစတုတ္ထအိပ်မက်ကြီးသည် ထင်ရှားဖြစ်ပေါ်၏။ ိံရဟန်းတို့ နောက်တစ်မျိုးကား ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားအားသစ္စာလေးပါးတရားကို မသိသေးမီ ဘုရား အလောင်းဖြစ်စဉ်ကပင် ကြီးစွာသော မစင်တောင်၏အဆင့်ဆင့်၌ မစင်ဖြင့် မလိမ်းကျံဘဲ စကြံသွားရ၏။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော မြတ်စွာဘုရားအား သစ္စာလေးပါးတရားကို မသိသေးမီ ဘုရားအလောင်းဖြစ်စဉ်ကပင်ဤပဉ္စမအိပ်မက်ကြီးသည် ထင်ရှားဖြစ်ပေါ်၏။ ိံရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားအား သစ္စာလေးပါးတရားကိုမသိသေးမီ ဘုရားအလောင်းဖြစ်စဉ်ကပင် ဤ မဟာပထဝီမြေကြီးသည် မြတ်သော အိပ်ရာဖြစ်၏၊ ဤဟိမဝန္တာတောင်မင်းသည် ခေါင်းအုံးဖြစ်၏၊ အရှေ့ သမုဒ္ဒရာ၌ လက်ဝဲလက်ကို တင်ထား၏၊ အနောက်သမုဒ္ဒရာ၌ လက်ယာလက်ကို တင်ထား၏၊ တောင် သမုဒ္ဒရာ၌ ခြေတော်အစုံကို တင်ထား၏ဟုထင်ရှားဖြစ်ပေါ်လာသော ဤပဌမအိပ်မက်ကြီးသည် အတု မရှိသော အရဟတ္တမဂ်ဉာဏ်ကို ထိုးထွင်း၍သိတော်မူရန် ဖြစ်၏။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော မြတ်စွာဘုရားအား သစ္စာလေးပါးတရားကို မသိသေးမီ ဘုရားအလောင်းဖြစ်စဉ်ကပင်တိရိယမည်သော မြက်မျိုးသည် ချက်မှ အထက်သို့ တက်ပြီးလျှင် ကောင်းကင်သို့ ထိ၍ တည်၏ဟုထင်ရှားဖြစ်ပေါ်လာသော ဤဒုတိယအိပ်မက်ကြီးသည် လူ့ပြည် နတ်ပြည်တိုင်အောင် ကောင်းစွာ ပြအပ်သော မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကို ထိုးထွင်း၍ သိရန် ဖြစ်၏။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော မြတ်စွာဘုရားအား သစ္စာလေးပါးတရားကို မသိသေးမီ ဘုရားအလောင်းဖြစ်စဉ်ကပင်မည်းနက်သော ဦးခေါင်းရှိသည့် ပိုးကောင်အဖြူတို့သည် ခြေတို့မှ တက်၍ ပုဆစ်ဒူးဝန်းတိုင်အောင်ဖုံးလွှမ်းကုန်၏ဟု ထင်ရှားဖြစ်ပေါ်လာသော ဤတတိယအိပ်မက်ကြီးသည် ဖြူသောအဝတ်ကိုဝတ်ကုန်သော များစွာသော လူအပေါင်း၏ မြတ်စွာဘုရားအား အသက်ထက်ဆုံးဆည်းကပ်ကိုးကွယ်ခြင်းကို ထိုးထွင်း၍ သိရန် ဖြစ်၏။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော မြတ်စွာဘုရားအား သစ္စာလေးပါးတရားကို မသိသေးမီ ဘုရားအလောင်းဖြစ်စဉ်ကပင်အဆင်းအမျိုးမျိုးရှိသည့် ငှက်လေးမျိုးတို့သည် အရပ်လေးမျက်နှာတို့မှ လာ၍ ခြေရင်း၌ ကျပြီးလျှင်အားလုံးအဖြူချည်းတို့သာ ဖြစ်ကုန်၏ဟူသော ဤစတုတ္ထအိပ်မက်ကြီးသည် မင်းမျိုး ပုဏ္ဏားမျိုးကုန်သည်မျိုး သူဆင်းရဲမျိုးဟူကုန်သော ဤအမျိုးလေးပါးတို့၏ မြတ်စွာဘုရား သာသနာတော်၌ လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်၍ အတုမရှိသော အရဟတ္တဖိုလ်အား မျက်မှောက်ပြုကြသည်ကို ထိုးထွင်း၍့သိရန် ဖြစ်၏။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော မြတ်စွာဘုရားအား သစ္စာလေးပါးတရားကို မသိသေးမီ ဘုရားအလောင်းဖြစ်စဉ်ကပင်ကြီးစွာသော မစင်တောင်၏ အဆင့်ဆင့်၌ မစင်ဖြင့် မလိမ်းကျံဘဲ စကြံ ကြွသွားရ၏ဟူသော ဤပဉ္စမအိပ်မက်ကြီးသည် သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ကို ရသော မြတ်စွာဘုရား၏ ထိုပစ္စည်းလေးပါးကို မမက်မော မတွေဝေ တဏှာဖြင့် မလွှမ်းမိုးဘဲအပြစ်ကို ရှုလေ့ရှိသည်ဖြစ်၍ ထွက်မြောက်ကြောင်းကို သိလျက် သုံးဆောင်ခြင်းကို ထိုးထွင်း၍ သိရန်ဖြစ်၏။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော မြတ်စွာဘုရားအား သစ္စာလေးပါးတရားကို မသိသေးမီ ဘုရားအလောင်းဖြစ်စဉ်ကပင်ဤအိပ်မက်ကြီးငါးမျိုးတို့သည် ထင်ရှားဖြစ်ပေါ်လာကုန်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။