အင်္ဂုတ္တရနိကာယ်
(၂ဝ) ၅-ဗြာဟ္မဏဝဂ်
၈-ဝါစာသုတ်
၁၉၈။ ရဟန်းတို့ အင်္ဂါ ငါးမျိုးတို့နှင့် ပြည့်စုံသော စကားသည် ကောင်းစွာ ဆိုအပ်သည် မည်၏၊ မကောင်းသဖြင့် ဆိုအပ်သည် မမည်၊ အပြစ်လည်း မရှိ၊ ပညာရှိတို့လည်း မကဲ့ရဲ့အပ်။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
အခါကာလအားလျော်စွာ ပြောဆိုအပ်သည်လည်းဖြစ်၏။
မှန်ကန်သော စကားကို ပြောဆိုအပ်သည်လည်း ဖြစ်၏။
သိမ်မွေ့သော စကားကို ပြောဆိုအပ်သည်လည်း ဖြစ်၏။
အကျိုးစီးပွါးနှင့် စပ်သော စကားကို ပြောဆိုအပ်သည်လည်း ဖြစ်၏။
မေတ္တာစိတ်ဖြင့် ပြောဆိုအပ်သည်လည်း ဖြစ်၏။
ရဟန်းတို့ ဤအင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော စကားသည် ကောင်းစွာ ဆိုအပ်သည် မည်၏၊ မကောင်းသဖြင့် ဆိုအပ်သည် မမည်၊ အပြစ်လည်း မရှိ၊ ပညာရှိတို့လည်း မကဲ့ရဲ့အပ်ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။