အင်္ဂုတ္တရနိကာယ်

(၂ဝ) ၅-ဗြာဟ္မဏဝဂ်

၁ဝ-နိဿာရဏီယသုတ်

၂ဝဝ။ ရဟန်းတို့ ထွက်မြောက်ရာ ‘နိဿရဏ’ ဓာတ်တို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤသာသနာတော်၌ ကာမဂုဏ်ကို နှလုံးသွင်းသော ရဟန်းအား ကာမဂုဏ်တို့၌ စိတ်မပြေးဝင်၊ မကြည်လင်၊ မရပ်တည်နိုင်၊ လွတ်လွတ် မဝင်၊ (ကာမဂုဏ်မှ) ထွက်မြောက်ကြောင်း (အသုဘ ဈာန်) ကို နှလုံးသွင်းသော ရဟန်းအားမူ (အသုဘဈာန်) နေက္ခမ္မဓာတ်၌ စိတ်ပြေးဝင်၏၊ ကြည်လင်၏၊ ရပ်တည်နိုင်၏၊ လွတ်လွတ်ဝင်၏၊ ထိုရဟန်း၏ ထိုဈာန်စိတ်သည် (အာရုံသို့) ကောင်းစွာရောက်၏၊ ကောင်းစွာ ပွါးစေ၏၊ ကာမဂုဏ်မှ ကောင်းစွာ ထမြောက်၏၊ ကောင်းစွာ ကျွတ်လွတ်၏၊ ကာမဂုဏ်တို့နှင့် ကင်းကွာ၏၊ ကာမဂုဏ်ဟူသော အကြောင်းကြောင့် ဖြစ်ကုန်သော ဆင်းရဲခြင်းပူပန်ခြင်းကို ဖြစ်စေတတ်ကုန်သော အာသဝေါတရားတို့မှ ထိုရဟန်းသည် လွတ်ကင်း၏၊ ထိုရဟန်းသည်ဝေဒနာကို မခံစားရ။ ဤသည် (အသုဘပဌမဈာန်) ကို ကာမဂုဏ်တို့၏ ထွက်မြောက်ရာဟူ၍ဟောကြားအပ်၏။ (၁)

ရဟန်းတို့ နောက်တစ်မျိုးကား ပျက်စီးစေလိုမှု ‘ဗျာပါဒ’ ကို နှလုံးသွင်းသော ရဟန်းအား ဗျာပါဒ၌ စိတ်မပြေးဝင်၊ မကြည်လင်၊ မရပ်တည်နိုင်၊ လွတ်လွတ် မဝင်၊ ဗျာပါဒ၏ ဆန့်ကျင်ဘက်ဖြစ်သော မေတ္တာကိုနှလုံးသွင်းသော ရဟန်းအားမူ ဗျာပါဒ၏ ဆန့်ကျင်ဘက် မေတ္တာ၌ စိတ်ပြေးဝင်၏၊ ကြည်လင်၏၊ ရပ်တည်နိုင်၏၊ လွတ်လွတ်ဝင်၏၊ ထိုရဟန်း၏ ထိုမေတ္တာစိတ်သည် (အာရုံသို့) ကောင်းစွာ ရောက်၏၊ ကောင်းစွာ ပွါးစေ၏၊ ဗျာပါဒမှ ကောင်းစွာ ထမြောက်၏၊ ကောင်းစွာ ကျွတ်လွတ်၏၊ ဗျာပါဒနှင့်ကင်းကွာ၏၊ ဗျာပါဒဟူသော အကြောင်းကြောင့် ဖြစ်ကုန်သော ဆင်းရဲခြင်း ပူပန်ခြင်းကို ဖြစ်စေတတ်ကုန်သော အာသဝေါတရားတို့မှ ထိုရဟန်းသည် လွတ်ကင်း၏၊ ထိုရဟန်းသည် ဝေဒနာကိုမခံစားရ။ ဤသည် (မေတ္တာဈာန်) ကို ဗျာပါဒ၏ ထွက်မြောက်ရာဟူ၍ ဟောကြားအပ်၏။ (၂)

ရဟန်းတို့ နောက်တစ်မျိုးကား ညှဉ်းဆဲမှု ‘ဝိဟိံ သ‘ကို နှလုံးသွင်းသော ရဟန်းအား ဝိဟိံ သ၌ စိတ်မပြေးဝင်၊ မကြည်လင်၊ မရပ်တည်နိုင်၊ လွတ်လွတ် မဝင်၊ ဝိဟိံ သ၏ ဆန့်ကျင်ဘက်ဖြစ်သောမညှဉ်းဆဲမှု ‘အဝိဟိံ သ ကရုဏာဈာန်’ ကို နှလုံးသွင်းသောရဟန်းအားမူ အဝိဟိံ သ၌ စိတ်ပြေးဝင်၏၊ ကြည်လင်၏၊ ရပ်တည်နိုင်၏၊ လွတ်လွတ်ဝင်၏၊ ထိုရဟန်း၏ ထိုကရုဏာစိတ်သည် (အာရုံသို့) ကောင်းစွာ ရောက်၏၊ ကောင်းစွာ ပွါးစေ၏၊ ညှဉ်းဆဲမှု ‘ဝိဟိံ သ‘မှ ကောင်းစွာ ထမြောက်၏၊ ကောင်းစွာ ကျွတ် လွတ်၏၊ ညှဉ်းဆဲမှု ‘ဝိဟိံ သ‘ နှင့် ကင်းကွာ၏၊ ဝိဟိံ သဟူသော အကြောင်းကြောင့်ဖြစ်ကုန်သော ဆင်းရဲခြင်း ပူပန်ခြင်းကို ဖြစ်စေတတ်ကုန်သော အာသဝေါတရားတို့မှ ထိုရဟန်းသည်လွတ်ကင်း၏၊ ထိုရဟန်းသည် ဝေဒနာကို မခံစားရ။ ဤသည် (ကရုဏာဈာန်) ကို ဝိဟိံ သ၏ထွက်မြောက်ရာဟူ၍ ဟောကြားအပ်၏။ (၃)

ရဟန်းတို့ နောက်တစ်မျိုးကား ကသိုဏ်းရုပ်ကို နှလုံးသွင်းသော ရဟန်းအား ကသိုဏ်းရုပ်၌ စိတ်မပြေးဝင်၊ မကြည်လင်၊ မရပ်တည်နိုင်၊ လွတ်လွတ်မဝင်၊ အရူပဈာန်ကို နှလုံးသွင်းသော ရဟန်းအားမူ အရူပဈာန်၌ စိတ်ပြေးဝင်၏၊ ကြည်လင်၏၊ ရပ်တည်နိုင်၏၊ လွတ်လွတ်ဝင်၏၊ ထိုရဟန်း၏ထိုအရူပဈာန်စိတ်သည် (အာရုံသို့) ကောင်းစွာ ရောက်၏၊ ကောင်းစွာ ပွါးစေ၏၊ ကသိုဏ်းရုပ်မှကောင်းစွာ ထမြောက်၏၊ ကောင်းစွာ ကျွတ်လွတ်၏၊ ကသိုဏ်းရုပ်နှင့် ကင်းကွာ၏၊ ရုပ်ဟူသောအကြောင်းကြောင့် ဖြစ်ကုန်သော ဆင်းရဲခြင်း ပူပန်ခြင်းကို ဖြစ်စေတတ်ကုန်သော အာသဝေါတရားတို့မှထိုရဟန်းသည် လွတ်ကင်း၏၊ ထိုရဟန်းသည် ဝေဒနာကို မခံစားရ။ ဤသည် (အရူပဈာန်) ကို ရုပ်၏ထွက်မြောက်ရာဟူ၍ ဟောကြားအပ်၏။ (၄)

ရဟန်းတို့ နောက်တစ်မျိုးကား ထင်ရှားရှိသော ခန္ဓာငါးပါး ‘သက္ကာယ’ ကို နှလုံးသွင်းသော ရဟန်းအား သက္ကာယ၌ စိတ်မပြေးဝင်၊ မကြည်လင်၊ မရပ်တည်နိုင်၊ လွတ်လွတ်မဝင်၊ သက္ကာယ ချုပ်ငြိမ်းမှု (အရဟတ္တဖိုလ်) ကို နှလုံးသွင်းသော ရဟန်းအားမူ သက္ကာယချုပ်ငြိမ်းခြင်း၌ စိတ်ပြေးဝင်၏၊ ကြည်လင်၏၊ ရပ်တည်နိုင်၏၊ လွတ်လွတ်ဝင်၏၊ ထိုရဟန်း၏ ထိုအရဟတ္တဖိုလ်စိတ်သည် (အာရုံသို့) ကောင်းစွာ ရောက်၏၊ ကောင်းစွာ ပွါးစေ၏၊ သက္ကာယမှ ကောင်းစွာ ထမြောက်၏၊ ကောင်းစွာ ကျွတ်လွတ်၏၊ သက္ကာယနှင့် ကင်းကွာ၏၊ သက္ကာယဟူသော အကြောင်းကြောင့် ဖြစ်ကုန်သော ဆင်းရြဲခင်း ပူပန်ခြင်းကိုဖြစ်စေတတ်ကုန်သော အာသဝေါတရားတို့မှ ထိုရဟန်းသည် လွတ်ကင်း၏၊ ထိုရဟန်းသည် ဝေဒနာကိုမခံစားရ။ ဤသည် (အရဟတ္တဖိုလ်သမာပတ်) ကို သက္ကာယ၏ ထွက်မြောက်ရာဟူ၍ ဟောကြားအပ်၏။ (၅)

ထိုရဟန်းအား ကာမဂုဏ်၌ နှစ်သက်မှုသည်လည်း မကိန်းအောင်း၊ ဗျာပါဒ၌ နှစ်သက်မှုသည်လည်းမကိန်းအောင်း၊ ဝိဟိံ သ၌ နှစ်သက်မှုသည်လည်း မကိန်းအောင်း၊ ရုပ်၌ နှစ်သက်မှုသည်လည်းမကိန်းအောင်း၊ သက္ကာယ၌ နှစ်သက်မှုသည်လည်း မကိန်းအောင်း၊ ထိုရဟန်းသည် ကာမဂုဏ်၌ နှစ်သက်မှု၏လည်း မကိန်းအောင်းသောကြောင့်, ဗျာပါဒ၌ နှစ်သက်မှု၏လည်း မကိန်းအောင်းသောကြောင့်,ဝိဟိံ သ၌ နှစ်သက်မှု၏လည်း မကိန်းအောင်းသောကြောင့်, ရုပ်၌ နှစ်သက်မှု၏လည်း မကိန်းအောင်းသောကြောင့်, သက္ကာယ၌ နှစ်သက်မှု၏လည်း မကိန်းအောင်းသောကြောင့် ရဟန်းတို့ ဤရဟန်းကို—

အနုသယမကိန်းသော ရဟန်း၊ တဏှာပြတ်ပြီးသော ရဟန်း၊ သံယောဇဉ်လွန်ပြီးသော ရဟန်း၊ ကောင်းစွာ မာနကို နုတ်ပယ်ပြီးသောကြောင့် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုပြီးသော ရဟန်းဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ထွက်မြောက်ရာ ‘နိဿရဏ’ ဓာတ်တို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ငါးခုမြောက် ဗြာဟ္မဏဝဂ် ပြီး၏။

စတုတ္ထ သုတ်ငါးဆယ် ပြီး၏။