အင်္ဂုတ္တရနိကာယ်

(၂၁) ၁-ကိမိလဝဂ်

၆-ဝိနိဗန္ဓသုတ်

၂ဝ၆။ ရဟန်းတို့ စိတ်၏ အနှောင်အဖွဲ့ဖြစ်သော တရားတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့၌ မကင်းသော စွဲမက်မှု၊ မကင်းသောလိုချင်မှု၊ မကင်းသော ချစ်ခင်မှု၊ မကင်းသော မွတ်သိပ်မှု၊ မကင်းသော ပူပန်မှု၊ မကင်းသောတပ်မက်မှု ရှိ၏။

ရဟန်းတို့ ကာမဂုဏ်တို့၌ မကင်းသော စွဲမက်မှု၊ မကင်းသော လိုချင်မှု၊ မကင်းသော ချစ်ခင်မှု၊ မကင်းသော မွတ်သိပ်မှု၊ မကင်းသော ပူပန်မှု၊ မကင်းသော တပ်မက်မှု ရှိသော ရဟန်း၏ စိတ်သည်အပူတပြင်း အားထုတ်ရန် အဖန်တလဲလဲ အားထုတ်ရန် အမြဲမပြတ် အားထုတ်ရန် ကမ္မဋ္ဌာန်းကိုအားထုတ်ရန် မညွတ်။

ဤသည်ကား စိတ်၏ အနှောင်အဖွဲ့ဖြစ်သော ပဌမတရားပင်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ကိုယ်ခန္ဓာတို့၌ မကင်းသော စွဲမက်မှု။ပ။

ရုပ်၌ မကင်းသော စွဲမက်မှု။ပ။

အလိုရှိတိုင်း ဝမ်းပြည့်အောင် စား၍ အိပ်မှုချမ်းသာ လျောင်းမှုချမ်းသာ ငိုက်မျဉ်းမှုချမ်းသာကိုလုံ့လပြု၍ နေ၏။ပ။

“ငါသည် ဤသီလဖြင့်လည်းကောင်း၊ ဤအကျင့်ဖြင့်လည်းကောင်း၊ ဤခြိုးခြံမှုဖြင့်လည်းကောင်း၊ ဤမြတ်သော အကျင့်ဖြင့်လည်းကောင်း၊ တန်ခိုးကြီးသော နတ်သော်လည်းကောင်း၊ တစ်မျိုးမျိုးသော နတ်သော်လည်းကောင်း ဖြစ်လိမ့်မည်”ဟု နတ်အသင်းအပင်း တစ်မျိုးမျိုးကို တောင့်တ၍ မြတ်သော အကျင့်ကို ကျင့်၏။

ရဟန်းတို့ “ငါသည် ဤသီလဖြင့်လည်းကောင်း၊ ဤအကျင့်ဖြင့်လည်းကောင်း၊ ဤခြိုးခြံမှုဖြင့်လည်းကောင်း၊ ဤမြတ်သောအကျင့်ဖြင့်လည်းကောင်း၊ တန်ခိုးကြီးသော နတ်သော်လည်းကောင်း၊ တစ်မျိုးမျိုးသော နတ်သော်လည်းကောင်း ဖြစ်လိမ့်မည်”ဟု နတ်အသင်းအပင်းတစ်မျိုးမျိုးကို တောင့်တ၍ မြတ်သောအကျင့်ကို ကျင့်သော ရဟန်း၏ စိတ်သည် အပူတပြင်းအားထုတ်ရန် အဖန်တလဲလဲ အားထုတ်ရန် အမြဲမပြတ် အားထုတ်ရန် ကမ္မဋ္ဌာန်းကို အားထုတ်ရန် မညွတ်၊ ဤသည်ကား စိတ်၏ အနှောင်အဖွဲ့ဖြစ်သောပဉ္စမတရားပင်တည်း။

ရဟန်းတို့ စိတ်၏ အနှောင်အဖွဲ့ဖြစ်သော တရားတို့သည် ဤငါးမျိုးတို့ပင်တည်းဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။