အင်္ဂုတ္တရနိကာယ်

(၂၁) ၁-ကိမိလဝဂ်

၈-ဒန္တကဋ္ဌသုတ်

၂ဝ၈။ ရဟန်းတို့ ဒန်ပူမစားခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

မျက်စိ မကြည်လင်။

ခံတွင်း အနံ့ မကောင်း။

အရသာကို ဆောင်တတ်သော အကြောတို့ မစင်ကြယ်ကုန်။

သည်းခြေသလိပ်သည် အစာကို မြှေးယှက်၏။

ထို (ဒန်ပူမစား) သူအား ထမင်း မမြိန်၊ ရဟန်းတို့ ဒန်ပူမစားခြင်း၌ အပြစ်တို့သည် ဤငါးမျိုး တို့တည်း။

ရဟန်းတို့ ဒန်ပူစားခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

မျက်စိ ကြည်လင်၏။

ခံတွင်း အနံ့ ကောင်း၏။

အရသာကို ဆောင်တတ်သော အကြောတို့ စင်ကြယ်ကုန်၏။

သည်းခြေ သလိပ်သည် အစာကို မမြှေးယှက်။

ထို (ဒန်ပူစား) သူအား ထမင်းမြိန်၏။

ရဟန်းတို့ ဒန်ပူစားခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။