အင်္ဂုတ္တရနိကာယ်
(၂၃) ၃-ဒီဃစာရိကဝဂ်
၃-အတိနိဝါသသုတ်
၂၂၃။ ရဟန်းတို့ အလွန်ကြာမြင့်စွာ နေခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
များသော ဘဏ္ဍာကို စုဆောင်းသည်ဖြစ်၍ များသော ဘဏ္ဍာရှိ၏။
များသော ဆေးတို့ကို စုဆောင်းသည်ဖြစ်၍ များသော ဆေးရှိ၏။
ပြုဖွယ်များသည်ဖြစ်၍ ကိစ္စများပြား၏။
အဘယ်ကို ပြုရမည်နည်းဟု (မေးမြန်း၍) ပြုအပ်သော အမှုကြီးငယ်တို့၌ ကပ်ငြိတွယ်တာသည် ဖြစ်၍ (သာသနာတော်နှင့်) မလျော်သော လူတို့၏ နှီးနှောခြင်းမျိုးဖြင့် လူ, ရဟန်းတို့နှင့် နှီးနှောဆက်ဆံလျက် နေရ၏။
ထိုနေရာကျောင်းမှ ဖဲသွားလျှင် ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ ဖဲသွားရ၏။
ရဟန်းတို့ အလွန်ကြာမြင့်စွာ နေခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
ရဟန်းတို့ အပိုင်းအခြားရှိသော နေခြင်း၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
များသော ဘဏ္ဍာကို မစုဆောင်းသည်ဖြစ်၍ များသော ဘဏ္ဍာ မရှိ။
များသော ဆေးတို့ကို မစုဆောင်းသည်ဖြစ်၍ များသော ဆေး မရှိ။
ပြုဖွယ်မများသည်ဖြစ်၍ ကိစ္စမများ။
အဘယ်ကို ပြုရမည်နည်းဟု (မေးမြန်း၍) ပြုအပ်သော အမှုကြီးငယ်တို့၌ မကပ်ငြိမတွယ်တာသည်ဖြစ်၍ (သာသနာတော်နှင့်) မလျော်သော လူတို့၏ နှီးနှောခြင်းမျိုးဖြင့် လူ, ရဟန်းတို့နှင့် နှီးနှောဆက်ဆံ၍ မနေရ။
ထိုနေရာကျောင်းမှ ဖဲသွားလျှင် ငဲ့ကွက်ခြင်း မရှိသည်ဖြစ်၍ ဖဲသွားရ၏။
ရဟန်းတို့ အပိုင်းအခြားရှိသော နေခြင်း၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
တတိယသုတ်။