အင်္ဂုတ္တရနိကာယ်
(၂၃) ၃-ဒီဃစာရိကဝဂ်
၄-မစ္ဆရီသုတ်
၂၂၄။ ရဟန်းတို့ အလွန်ကြာမြင့်စွာ နေခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ကျောင်း ‘အာဝါသ’၌ ဝန်တိုမှု ရှိ၏။
အမျိုး ‘ဒါယကာ’ တို့၌ ဝန်တိုမှု ရှိ၏။
လာဘ်လာဘ၌ ဝန်တိုမှု ရှိ၏။
ဂုဏ်အဆင်း၌ ဝန်တိုမှု ရှိ၏။
တရား၌ ဝန်တိုမှု ရှိ၏။
ရဟန်းတို့ အလွန်ကြာမြင့်စွာ နေခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
ရဟန်းတို့ အပိုင်းအခြားရှိသော နေခြင်း၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ကျောင်း ‘အာဝါသ’၌ ဝန်တိုမှု မရှိ။
အမျိုး ‘ဒါယကာ’ တို့၌ ဝန်တိုမှု မရှိ။
လာဘ်လာဘ၌ ဝန်တိုမှု မရှိ။
ဂုဏ်အဆင်း၌ ဝန်တိုမှု မရှိ။
တရား၌ ဝန်တိုမှု မရှိ။
ရဟန်းတို့ ကာလအပိုင်းအခြားရှိသော နေခြင်း၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။