အင်္ဂုတ္တရနိကာယ်
(၂၃) ၃-ဒီဃစာရိကဝဂ်
၆-ဒုတိယ ကုလူပကသုတ်
၂၂၆။ ရဟန်းတို့ အလွန်ကြာမြင့်စွာ ဒါယကာတို့နှင့် ရောနှော၍နေသော အိမ်သို့ ကပ်တတ်သော ရဟန်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
မာတုဂါမအား မပြတ်တွေ့မြင်ရ၏။
တွေ့မြင်သည်ရှိသော် နှီးနှောမိ၏။
နှီးနှောမိသည်ရှိသော် အကျွမ်းဝင်၏။
အကျွမ်းဝင်သည်ရှိသော် ရာဂသို့ သက်ဝင်၏။
(ရာဂ) သက်ဝင်သော စိတ်ရှိသော ရဟန်းအား “မမွေ့လျော်ဘဲလည်း မြတ်သော အကျင့်ကို ကျင့်ရလိမ့်မည်၊ ညစ်နွမ်းသော အာပတ်တစ်မျိုးမျိုးသို့မူလည်း ရောက်ရလိမ့်မည်၊ သိက္ခာချ၍မူလည်း လူထွက်ရလိမ့်မည်”ဟူသော ဤအရာကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။
ရဟန်းတို့ အလွန်ကြာမြင့်စွာ ဒါယကာတို့နှင့် ရောနှော၍ နေသော အိမ်သို့ ကပ်တတ်သော ရဟန်း၏အပြစ်တို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။