အင်္ဂုတ္တရနိကာယ်

၃-ပဉ္စင်္ဂ ိကဝဂ်

၆-ဝိမုတ္တာယတနသုတ်

၂၆။ ရဟန်းတို့ လွတ်မြောက်ကြောင်းတို့သည် ဤငါးမျိုးတို့တည်း။

ရဟန်းတို့ ယင်းလွတ်မြောက်ကြောင်းငါးမျိုးတို့၌ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့)စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းအား (ကိလေသာတို့မှ) မလွတ်မြောက်သေးသောစိတ်သည်လည်း လွတ်မြောက်၏၊ မကုန်ခန်းသေးသော အာသဝေါတရားတို့သည်လည်းကုန်ခန်းခြင်းသို့ရောက်ကုန်၏၊ မရောက်ဖူးသေးသော အတုမရှိသော ယောဂလေးပါးတို့၏ကုန်ရာ (နိဗ္ဗာန်)သို့လည်းရောက်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းအား ဆရာကဖြစ်စေ ဆရာ့အရာ၌ တည်သော သီတင်းသုံးဖော်တစ်ဦးဦးကဖြစ်စေ (သစ္စာလေးပါး) တရားကို ဟောကြား၏။

ရဟန်းတို့ ဆရာကဖြစ်စေ ဆရာ့အရာ၌ တည်သော သီတင်းသုံးဖော် တစ်ဦးဦးကဖြစ်စေ ဟောတိုင်းသော အခြင်းအရာအားဖြင့် ထိုရဟန်းသည် ထိုတရား၌ အနက်သဘောကိုလည်း ထိုးထွင်း၍ သိ၏၊ ပါဠိကိုလည်း ထိုးထွင်း၍ သိ၏၊ အနက်ကိုလည်းကောင်း၊ ပါဠိကိုလည်းကောင်း ထိုးထွင်း၍ သိသောထိုရဟန်းအား ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ ဖြစ်၏၊ ဝမ်းမြောက်သော ရဟန်းအား နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့် သော စိတ်ရှိသော ရဟန်း၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသောရဟန်းသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။

ရဟန်းတို့ ဤသည်ကား ပဌမလွတ်မြောက်ကြောင်းတည်း။

ရဟန်းတို့ ယင်းလွတ်မြောက်ကြောင်း၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့)စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား (ကိလေသာတို့မှ) မလွတ်မြောက်သေးသောစိတ်သည်လည်း လွတ်မြောက်၏၊ မကုန်ခန်းသေးသော အာသဝေါတရားတို့သည်လည်းကုန်ခန်းခြင်းသို့ရောက်ကုန်၏၊ မရောက်ဖူးသေးသော အတုမရှိသော ယောဂလေးပါးတို့၏ကုန်ရာ (နိဗ္ဗာန်)သို့လည်းရောက်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား ဆရာကဖြစ်စေ ဆရာ့အရာ၌ တည်သော သီတင်း့သုံးဖော်တစ်ဦးဦးကဖြစ်စေ တရားကို မဟောကြား၊ စင်စစ်သော်ကား ကြားနာဖူးသည့်အတိုင်း သင်ယူဖူးသည့်အတိုင်း သစ္စာလေးပါးတရားကို အကျယ်အားဖြင့် သူတစ်ပါးတို့အား ဟောကြား၏၊ ရဟန်းတို့ကြားနာဖူးသည့်အတိုင်း သင်ယူဖူးသည့်အတိုင်း တရားကို အကျယ်အားဖြင့် သူတစ်ပါးတို့အား ဟောကြားတိုင်းသော အခြင်းအရာအားဖြင့် ရဟန်းသည် ထို (သစ္စာ) တရား၌ အနက်ကိုလည်း ထိုးထွင်း၍ သိ၏၊ ပါဠိကိုလည်း ထိုးထွင်း၍ သိ၏၊ အနက်ကိုလည်းကောင်း၊ ပါဠိကိုလည်းကောင်း ထိုးထွင်း၍သိသောထိုရဟန်းအား ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ ဖြစ်၏၊ ဝမ်းမြောက်သော ရဟန်းအား နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့်သောစိတ်ရှိသော ရဟန်း၏ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသော ရဟန်းသည်ချမ်းသာကို ခံစားရ၏၊ ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။

ရဟန်းတို့ ဤသည်ကား ဒုတိယလွတ်မြောက်ကြောင်းတည်း။

ရဟန်းတို့ ယင်းလွတ်မြောက်ကြောင်း၌ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့)စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းအား (ကိလေသာတို့မှ) မလွတ်မြောက်သေးသော စိတ်သည်လည်း လွတ်မြောက်၏၊ မကုန်ခန်းသေးသော အာသဝေါတရားတို့သည်လည်းကုန်ခန်းခြင်းသို့ရောက်ကုန်၏၊ မရောက်ဖူးသေးသော အတုမရှိသော ယောဂလေးပါးတို့၏ကုန်ရာ (နိဗ္ဗာန်)သို့လည်းရောက်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား ဆရာကဖြစ်စေ ဆရာ့အရာ၌ တည်သော သီတင်း သုံးဖော်တစ်ဦးဦးကဖြစ်စေ တရားကို မဟောကြား၊ ကြားနာဖူးသည့်အတိုင်း သင်ယူဖူးသည့်အတိုင်း တရားကိုအကျယ်အားဖြင့် သူတစ်ပါးတို့အားလည်း မဟောကြား၊ စင်စစ်သော်ကား ကြားနာဖူးသည့် အတိုင်းသင်ယူဖူးသည့်အတိုင်း တရားကို အကျယ်အားဖြင့် ရွတ်အံသရဇ္ဈာယ်ခြင်းကို ပြု၏၊ ရဟန်းတို့ကြားနာဖူးသည့်အတိုင်း သင်ယူဖူးသည့်အတိုင်း တရားကို အကျယ်အားဖြင့် ရွတ်အံသရဇ္ဈာယ်ခြင်းကို ပြုတိုင်းသော အခြင်းအရာအားဖြင့် ထိုရဟန်းသည် ထို (သစ္စာ) တရား၌ အနက်ကိုလည်း ထိုးထွင်း၍ သိ၏၊ ပါဠိကိုလည်း ထိုးထွင်း၍ သိ၏၊ အနက်ကိုလည်းကောင်း၊ ပါဠိကိုလည်းကောင်း ထိုးထွင်း၍သိသောရဟန်း အား ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ ဖြစ်၏၊ ဝမ်းမြောက်သော ရဟန်းအား နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသော ရဟန်းသည်ချမ်းသာကို ခံစားရ၏၊ ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။

ရဟန်းတို့ ဤသည်ကား တတိယလွတ်မြောက်ကြောင်းတည်း။

ရဟန်းတို့ ယင်းလွတ်မြောက်ကြောင်း၌ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် (နိဗ္ဗာန်သို့)စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းအား (ကိလေသာတို့မှ) မလွတ်မြောက်သေးသော စိတ်သည်လည်း လွတ်မြောက်၏၊ မကုန်ခန်းသေးသော အာသဝေါတရားတို့သည်လည်းကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ မရောက်ဖူးသေးသော အတုမရှိသော ယောဂလေးပါးတို့၏ကုန်ရာ (နိဗ္ဗာန်)သို့လည်း ရောက်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား ဆရာကဖြစ်စေ ဆရာ့အရာ၌ တည်သော သီတင်းသုံးဖော်တစ်ဦးဦးကဖြစ်စေ တရားကို မဟောကြား၊ ကြားနာဖူးသည့်အတိုင်း သင်ယူဖူးသည့်အတိုင်း တရားကိုအကျယ်အားဖြင့် သူတစ်ပါးတို့အားလည်း မဟောကြား၊ ကြားနာဖူးသည့် အတိုင်း သင်ယူဖူးသည့်အတိုင်း တရားကို အကျယ်အားဖြင့် ရွတ်အံသရဇ္ဈာယ်ခြင်းကိုလည်း မပြု၊ စင်စစ်သော်ကား ကြားနာဖူးသည့်အတိုင်း သင်ယူဖူးသည့်အတိုင်း တရားကို စိတ်ဖြင့် အဖန်ဖန်စဉ်းစား၏၊ အဖန်ဖန်သုံးသပ်၏၊ စိတ်ဖြင့် အဖန်ဖန်ရှုဆင်ခြင်၏။

ရဟန်းတို့ ကြားနာဖူးသည့်အတိုင်း သင်ယူဖူးသည့်အတိုင်း တရားကို အဖန်ဖန် စဉ်းစားသုံးသပ်ဆင်ခြင်တိုင်းသော အခြင်းအရာအားဖြင့် ထိုရဟန်းသည် ထို (သစ္စာ) တရား၌ အနက်ကိုလည်း ထိုးထွင်း၍သိ၏၊ ပါဠိကိုလည်း ထိုးထွင်း၍ သိ၏၊ အနက်ကိုလည်းကောင်း၊ ပါဠိကိုလည်းကောင်း ထိုးထွင်း၍့သိသော ရဟန်းအား ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ ဖြစ်၏၊ ဝမ်းမြောက်သော ရဟန်းအား နှစ်သိမ့်မှု ‘ပီတိ’ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသောရဟန်းသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။

ရဟန်းတို့ ဤသည်ကား စတုတ္ထလွတ်မြောက်ကြောင်းတည်း။

ရဟန်းတို့ ယင်းလွတ်မြောက်ကြောင်း၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်)သို့စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းအား (ကိလေသာတို့မှ) မလွတ်မြောက်သေးသော စိတ်သည်လည်း လွတ်မြောက်၏၊ မကုန်ခန်းသေးသော အာသဝေါတရားတို့သည်လည်းကုန်ခန်းခြင်းသို့ရောက်ကုန်၏၊ မရောက်ဖူးသေးသော အတုမရှိသော ယောဂလေးပါးတို့၏ကုန်ရာ (နိဗ္ဗာန်)သို့လည်းရောက်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းအား ဆရာကဖြစ်စေ ဆရာ့အရာ၌ တည်သော သီတင်း သုံးဖော်တစ်ဦးဦးကဖြစ်စေ တရားကို မဟောကြား၊ ကြားနာဖူးသည့်အတိုင်း သင်ယူဖူးသည့်အတိုင်း တရားကိုအကျယ်အားဖြင့် သူတစ်ပါးတို့အားလည်း မဟောကြား၊ ကြားနာဖူးသည့်အတိုင်း သင်ယူဖူး သည့်အတိုင်းတရားကို အကျယ်အားဖြင့် ရွတ်အံသရဇ္ဈာယ်ခြင်းကို မပြု၊ ကြားနာဖူးသည့်အတိုင်းသင်ယူဖူးသည့်အတိုင်း တရားကို စိတ်ဖြင့် အဖန်ဖန်လည်း မစဉ်းစား၊ အဖန်ဖန်လည်း မသုံးသပ်၊ စိတ်ဖြင့် အဖန်ဖန်လည်း မဆင်ခြင်၊ စင်စစ်သော်ကား ထိုရဟန်းသည် သမာဓိအာရုံ (ကမ္မဋ္ဌာန်း) တစ်မျိုးမျိုးကို ကောင်းစွာ သင်ယူထား၏၊ ကောင်းစွာ နှလုံးသွင်းထား၏၊ ကောင်းစွာ မှတ်သားထား၏၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိထား၏။

ရဟန်းတို့ သမာဓိအာရုံ (ကမ္မဋ္ဌာန်း) တစ်မျိုးမျိုးကို ကောင်းစွာ သင်ယူ နှလုံးသွင်း မှတ်သား ပညာဖြင့်ထိုးထွင်း၍သိထားတိုင်းသော အခြင်းအရာအားဖြင့် ရဟန်းသည် အနက်ကိုလည်း ထိုးထွင်း၍ သိ၏၊ ပါဠိကိုလည်း ထိုးထွင်း၍ သိ၏။ အနက်ကိုလည်းကောင်း၊ ပါဠိကိုလည်းကောင်း ထိုးထွင်း၍သိသောရဟန်းအား ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ ဖြစ်၏၊ ဝမ်းမြောက်သော ရဟန်းအား နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့်သော စိတ်ရှိသော ရဟန်း၏ ကိုယ်သည် ငြိမ်းအေး၏၊ ငြိမ်းအေးသော ကိုယ်ရှိသော ရဟန်းသည်ချမ်းသာကို ခံစားရ၏၊ ချမ်းသာသော ရဟန်း၏ စိတ်သည် တည်ကြည်၏။

ရဟန်းတို့ ဤသည်ကား ပဉ္စမလွတ်မြောက်ကြောင်းတည်း။

ရဟန်းတို့ ယင်းလွတ်မြောက်ကြောင်း၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့)စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းအား (ကိလေသာတို့မှ) မလွတ်မြောက်သေးသော စိတ်သည်လည်း လွတ်မြောက်၏၊ မကုန်ခန်းသေးသော အာသဝေါတရားတို့သည်လည်းကုန်ခန်းခြင်းသို့ရောက်ကုန်၏၊ မရောက်ဖူးသေးသော အတုမရှိသော ယောဂလေးပါးတို့၏ကုန်ရာ (နိဗ္ဗာန်)သို့လည်းရောက်၏။

ရဟန်းတို့ ဤသည်တို့ကား လွတ်မြောက်ကြောင်း ငါးမျိုးတို့တည်း။

ရဟန်းတို့ ယင်းလွတ်မြောက်ကြောင်း ငါးမျိုးတို့၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်)သို့စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းအား (ကိလေသာတို့မှ) မလွတ်မြောက်သေး သောစိတ်သည်လည်း လွတ်မြောက်၏၊ မကုန်ခန်းသေးသော အာသဝေါတရားတို့သည်လည်းကုန်ခန်း ခြင်းသို့ရောက်ကုန်၏၊ မရောက်ဖူးသေးသော အတုမရှိသော ယောဂလေးပါးတို့၏ကုန်ရာ (နိဗ္ဗာန်)သို့လည်းရောက်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။