အင်္ဂုတ္တရနိကာယ်
၃-ပဉ္စင်္ဂ ိကဝဂ်
၇-သမာဓိသုတ်
၂၇။ ရဟန်းတို့ ရင့်ကျက်သော ပညာနှင့် သတိရှိကုန်သည် ဖြစ်၍ နှိုင်းယှဉ်ကြောင်း (ကိလေသာ တို့မှ) ကင်းသော သမာဓိကို ပွါးများကုန်လော့။
ရဟန်းတို့ ရင့်ကျက်သော ပညာနှင့် သတိရှိကုန်သည် ဖြစ်၍ နှိုင်းယှဉ်ကြောင်း (ကိလေသာတို့မှ) ကင်းသော သမာဓိကို ပွါးများသော သူတို့အား ဉာဏ်ငါးမျိုးတို့သည် မိမိသန္တာန်၌ ဖြစ်ပေါ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
“ဤသမာဓိသည် ပစ္စုပ္ပန်ချမ်းသာလည်း ရှိ၏၊ နောင်အခါ ချမ်းသာကျိုးလည်း ရှိ၏”ဟု မိမိသန္တာန်၌ပင်လျှင် ဉာဏ်ဖြစ်ပေါ်၏။
“ဤသမာဓိသည် မြတ်၏၊ (တဏှာဖြင့်) သုံးဆောင်မှုမရှိ”ဟု မိမိသန္တာန်၌ပင်လျှင် ဉာဏ်ဖြစ်ပေါ်၏။
“ဤသမာဓိကို ယောကျာ်းမြတ်တို့သာ မှီဝဲအပ်၏”ဟု မိမိသန္တာန်၌ပင်လျှင် ဉာဏ်ဖြစ်ပေါ်၏။
“ဤသမာဓိသည် ငြိမ်သက်၏၊ မွန်မြတ်၏၊ ကိလေသာငြိမ်းချမ်းခြင်းဖြင့် စိတ်၏ တည်ကြည်ခြင်း (သမာဓိ) ပွါးများမှုကို ရ၏၊ ပြုပြင်ခြင်း (ပယောဂ) နှင့် တကွ ကိလေသာတို့ကို ဖိနှိပ် တားမြစ်၍ဖြစ်ပေါ်လာသည်မဟုတ်”ဟု မိမိသန္တာန်၌ပင်လျှင် ဉာဏ်ဖြစ်ပေါ်၏။
“ငါသည် သတိရှိလျက် ဤသမာပတ်ကို ဝင်စားအံ့၊ သတိရှိလျက် (သမာပတ်မှ) ထအံ့”ဟု မိမိသန္တာန်၌ပင်လျှင် ဉာဏ်ဖြစ်ပေါ်၏။
ရဟန်းတို့ ရင့်ကျက်သောပညာနှင့် သတိရှိကုန်၍ နှိုင်းယှဉ်ကြောင်း (ကိလေသာတို့မှ) ကင်းသောသမာဓိကို ပွါးများကုန်လော့၊ ရင့်ကျက်သော ပညာနှင့် သတိရှိကုန်လျက် နှိုင်းယှဉ်ကြောင်း (ကိလေသာတို့မှ) ကင်းသော သမာဓိကို ပွါးများသောသူတို့အား ဤ ဉာဏ်ငါးမျိုးတို့သည် မိမိသန္တာန်၌ပင်လျှင် ဖြစ်ပေါ်လာကုန်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။