အင်္ဂုတ္တရနိကာယ်

၃-ပဉ္စင်္ဂ ိကဝဂ်

၈-ပဉ္စင်္ဂ ိကသုတ်

၂၈။ ရဟန်းတို့ အင်္ဂါငါးမျိုးရှိသည့် မြတ်သော သမ္မာသမာဓိပွါးများမှုကို ဟောကြားအံ့၊ ထို တရားကိုနာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။

“ကောင်းပါပြီ အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ —

ရဟန်းတို့ အင်္ဂါငါးမျိုးရှိသည့် မြတ်သော သမ္မာသမာဓိ ပွါးများမှုဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်။ပ။ ပဌမဈာန်သို့ရောက်၍ နေ၏၊ ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် (နီဝရဏ) ကင်းခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း’ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ (နီဝရဏ) ကင်းခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုရဟန်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှမရှိ။

ရဟန်းတို့ ဥပမာသော်ကား ကျွမ်းကျင်သော ရေချိုးပေးသူသည်လည်းကောင်း၊ ရေချိုးပေးသူ၏တပည့်သည်လည်းကောင်း ကြေးခွက်၌ ရေချိုးကသယ်မှုန့်တို့ကို ဖြူးပြီးလျှင် ရေဖြင့် ဖျန်းလျက် ဖျန်းလျက် အခဲပြုရာ၏၊ ထိုရေချိုးကသယ်မှုန့်အခဲသည် အစေးဖြင့် စိမ့်ဝင်လျက် ရှိရာ၏၊ အစေးဖြင့်ဖွဲ့စည်းလျက် ရှိရာ၏၊ အတွင်းအပြင်၌ အစေးဖြင့် ပျံ့နှံ့လျက် ရှိရာ၏၊ ယိုကျခြင်းလည်း မရှိရာ။

ရဟန်းတို့ ဤအတူပင်လျှင် ရဟန်းသည် ဤကိုယ်ကိုပင်လျှင် (နီဝရဏ) ကင်းခြင်းကြောင့်ဖြစ်သောနှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ (နီဝရဏ) ကင်းခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုသူ၏ တစ်ကိုယ့်လုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိ။

ရဟန်းတို့ ဤသည်ကား အင်္ဂါ ငါးမျိုးရှိသည့် မြတ်သော သမ္မာသမာဓိကို ပဌမ ပွါးများပုံတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ကြံစည်ခြင်း ‘ဝိတက်’ သုံးသပ်ခြင်း ‘ဝိစာရ’ တို့၏ချုပ်ငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့ ရောက်၍ နေ၏။

ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ တည်ကြည်ခြင်း’သမာဓိ’ ကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုသူ၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သောနေရာ အနည်းငယ်မျှ မရှိ။

ရဟန်းတို့ ဥပမာသော်ကား နက်စွာသော စိမ့်ရေရှိသည့် ရေအိုင်သည် ရှိရာ၏၊ ထိုရေအိုင်၏အရှေ့အရပ်၌လည်း ရေဝင်ပေါက် မရှိရာ၊ အနောက်အရပ်၌လည်း ရေဝင်ပေါက် မရှိရာ၊ မြောက်အရပ်၌လည်း ရေဝင်ပေါက် မရှိရာ၊ တောင်အရပ်၌လည်း ရေဝင်ပေါက် မရှိရာ၊ မိုးသည်လည်း အချိန်မှန်မှန်သည်းထန်စွာ ရွာသွန်းခြင်း မရှိရာ၊သို့သော်လည်း ထိုရေအိုင်မှ အေးမြသော ရေအလျဉ်သည်စိမ့်ထွက်၍ ထိုရေအိုင်ကိုသာလျှင် အေးမြသော ရေဖြင့် စိုစွတ်စေရာ၏၊ အလုံးစုံ စိုစွတ်စေရာ၏၊ ပြည့်စေရာ၏၊ ပျံ့နှံ့စေရာ၏၊ အေးမြသော ရေဖြင့် ထိုရေအိုင်တစ်ခုလုံး၌ မပျံ့နှံ့သော နေရာအနည်းငယ်မျှ မရှိရာ။

ရဟန်းတို့ ဤအတူပင်လျှင် ရဟန်းသည် ဤကိုယ်ကိုပင်လျှင် တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ တည်ကြည်ခြင်း ‘သမာဓိ’ ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုသူ၏တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိ။

ရဟန်းတို့ ဤသည်ကား အင်္ဂါ ငါးမျိုးရှိသည့် မြတ်သော သမ္မာသမာဓိကို ဒုတိယ ပွါးများပုံတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် နှစ်သိမ့်ခြင်း ‘ပီတိ’ ကိုလည်း မစွဲမက်ခြင်းကြောင့်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏။

ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် နှစ်သိမ့်ခြင်း ‘ပီတိ’ မရှိသော ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံ စိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ နှစ်သိမ့်ခြင်း ‘ပီတိ’ ကင်းသော ချမ်းသာခြင်း ‘သုခ’ ဖြင့်ထိုသူ၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိ။

ရဟန်းတို့ ဥပမာသော်ကား ဥပ္ပလ (ဖြူ နီ ညို) ကြာတော၌လည်းကောင်း၊ ပဒုမ္မာကြာတော၌လည်းကောင်း၊ ပုဏ္ဍရိက်ကြာတော၌လည်းကောင်း၊ ဥပ္ပလ (ဖြူ နီ ညို) ကြာ အချို့တို့သည်လည်းကောင်း၊ ပဒုမ္မာကြာ အချို့တို့သည်လည်းကောင်း၊ ပုဏ္ဍရိက်ကြာ အချို့တို့သည်လည်းကောင်း ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွါးကုန်၏၊ ရေမှ မပေါ်ထွက်သေးကုန်၊ ရေထဲ၌ မြုပ်၍ ဖွံ့ဖြိုးကုန်၏။ ထို (ကြာ) တို့သည် အဖျားမှအရင်းတိုင်အောင် အေးမြသော ရေဖြင့် စိုစွတ်ကုန်၏၊ အလုံးစုံ စိုစွတ်ကုန်၏၊ ပြည့်ကုန်၏၊ ပျံ့နှံ့ကုန်၏၊ ထိုဥပ္ပလ (ဖြူ နီ ညို) ကြာ ပဒုမ္မာကြာ ပုဏ္ဍရိက်ကြာတို့၏ အစိတ်အပိုင်း အလုံးစုံ၌ အေးမြသော ရေဖြင့်မပျံ့နှံ့သောနေရာ အနည်းငယ်မျှ မရှိရာ။

ရဟန်းတို့ ဤအတူပင်လျှင် ရဟန်းသည် ဤကိုယ်ကိုပင်လျှင် နှစ်သိမ့်ခြင်း ‘ပီတိ’ ကင်းသော ချမ်းသာခြင်း ‘သုခ’ ဖြင့် စိုစွတ်စေ၏၊ အလုံးစုံစိုစွတ်စေ၏၊ ပြည့်စေ၏၊ ပျံ့နှံ့စေ၏၊ နှစ်သိမ့်ခြင်း’ပီတိ’ ကင်းသော ချမ်းသာခြင်း ‘သုခ’ ဖြင့် ထိုသူ၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိ။

ရဟန်းတို့ ဤသည်ကား အင်္ဂါ ငါးမျိုးရှိသည့် မြတ်သော သမ္မာသမာဓိကို တတိယ ပွါးများပုံတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ချမ်းသာခြင်း ‘သုခ’ကိုလည်း ပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ရောက်၍ နေ၏။

ထိုရဟန်းသည် ဤကိုယ်ကိုသာလျှင် သန့်ရှင်းဖြူစင်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏၊ ထိုရဟန်း၏တစ်ကိုယ်လုံး၌ သန့်ရှင်းဖြူစင်သော စိတ်ဖြင့် မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိ။

ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် ဖြူသောအဝတ်ဖြင့် ဦးခေါင်းနှင့်တကွ (တစ်ကိုယ်လုံး) ခြုံ၍ ထိုင်နေသည်ရှိသော် ထိုယောကျာ်း၏ တစ်ကိုယ်လုံး၌ မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိရာ။

ရဟန်းတို့ ဤအတူသာလျှင် ရဟန်းသည် ဤကိုယ်ကိုသာလျှင် သန့်ရှင်းဖြူစင်သော စိတ်ဖြင့် ပျံ့နှံ့စေ၍နေ၏၊ ထိုရဟန်း၏ တစ်ကိုယ်လုံး၌ သန့်ရှင်းဖြူစင်သော စိတ်ဖြင့် မပျံ့နှံ့သော နေရာ အနည်းငယ်မျှ မရှိ။

ရဟန်းတို့ ဤသည်ကား အင်္ဂါ ငါးမျိုးရှိသည့် မြတ်သော သမ္မာသမာဓိကို စတုတ္ထ ပွါးများပုံတည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ဆင်ခြင်တတ်သော ‘ပစ္စဝေက္ခဏာ’ ဉာဏ်ဟူသော အာရုံကိုကောင်းစွာ သင်ယူအပ် ကောင်းစွာ နှလုံးသွင်းအပ် ကောင်းစွာ မှတ်သားအပ် ပညာဖြင့် ကောင်းစွာထိုးထွင်း၍ သိအပ်၏။

ရဟန်းတို့ ဥပမာသော်ကား တစ်ယောက်သော သူသည်မူလည်း တစ်ယောက်သော သူကို ဆင်ခြင်ရာ၏၊ ရပ်သော သူသည်မူလည်း ထိုင်သောသူကို ဆင်ခြင်ရာ၏၊ ထိုင်သော သူသည်မူလည်း အိပ်သောသူကို ဆင်ခြင်ရာ၏။

ရဟန်းတို့ ဤအတူသာလျှင် ရဟန်းသည် ဆင်ခြင်တတ်သော ‘ပစ္စဝေက္ခဏာ’ ဉာဏ်ဟူသော အာရုံကိုကောင်းစွာ သင်ယူအပ် ကောင်းစွာ နှလုံးသွင်းအပ် ကောင်းစွာ မှတ်သားအပ် ပညာဖြင့် ကောင်းစွာထိုးထွင်း၍ သိအပ်၏။

ရဟန်းတို့ ဤသည်ကား အင်္ဂါ ငါးမျိုးရှိသည့် မြတ်သော သမ္မာသမာဓိကို ပဉ္စမ ပွါးများပုံတည်း။

ရဟန်းတို့ ရဟန်းသည် အင်္ဂါငါးမျိုးရှိသည့် မြတ်သော သမ္မာသမာဓိကို ဤသို့ ပွါးများသော် ဤသို့ကြိမ်ဖန်များစွာပြုလုပ်သော် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုအပ်သည့် တစ်စုံတစ်ခုသောတရားကို ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုရန် စိတ်ကို ညွတ်စေ၏၊ (ရှေးဘဝအကြောင်းနှင့်ယခုဘဝ အဘိညာဉ်၏ အခြေခံ ဈာန်စသော) အကြောင်းရှိလတ်သော် ထိုထိုအရာ၌ပင် သက်သေထိုက်သည့်အဖြစ် (ဣဒ္ဓိဝိဓအဘိညာဉ် စသည်)သို့ ရောက်၏။

ရဟန်းတို့ ဥပမာသော်ကား ကရွတ်၌ ထားအပ်သော ရေအိုးကြီးသည် ရေပြည့်နေ၏၊ အနားရေးနှင့်အမျှ ရှိ၏၊ ကျီးသောက်နိုင်၏၊ ထိုရေအိုးကြီးကို ခွန်အားရှိသော ယောကျာ်းသည် မည်သည့်ဘက်မှမဆိုစောင်းငဲ့ခဲ့မူ (ယင်းစောင်းငဲ့ရာရာမှ) ရေသည် ထွက်လာနိုင်ရာသလောဟု မေးတော်မူ၏။

အသျှင်ဘုရား ထွက်လာနိုင်ရာပါ၏ဟု (လျှောက်ကုန်၏)။

ရဟန်းတို့ ဤအတူသာလျှင် ရဟန်းသည် အင်္ဂါငါးမျိုးရှိသည့် မြတ်သော သမ္မာသမာဓိကို ဤသို့ပွါးများသော် ဤသို့ ကြိမ်ဖန်များစွာပြုလုပ်သော် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုအပ်သည့်တစ်စုံတစ်ခုသော တရားကို ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုရန် စိတ်ကို ညွတ်စေ၏။ (ရှေးဘဝအကြောင်းနှင့် ယခုဘဝ အဘိညာဉ်၏ အခြေခံ ဈာန်စသော) အကြောင်းရှိလတ်သော် ထိုထို အရာ၌ပင်သက်သေထိုက်သည့် အဖြစ် (ဣဒ္ဓိဝိဓ အဘိညာဉ်စသည်)သို့ ရောက်၏။

ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား ညီညွတ်သော မြေအဖို့၌ ကန်ပေါင်ရိုးဖွဲ့ထားသော လေးထောင့်ရေကန်သည် ရေပြည့်နေ၏၊ ကမ်းနှင့်အမျှ ရှိ၏။ ကျီးသောက်နိုင်၏၊ ထိုရေကန်ကို ခွန်အားရှိသောယောကျာ်းသည် မည်သည့်ဘက်မှ မဆို ကန်ပေါင်ရိုးကို ဖွင့်လွှတ်ခဲ့မူ (ယင်းဖွင့်လွှတ်ရာရာမှ) “ရေသည်ထွက်လာနိုင်ရာသလော”ဟု (မေးတော်မူ၏)။

အသျှင်ဘုရား ထွက်လာနိုင်ရာပါ၏ဟု (လျှောက်ကုန်၏)။

ရဟန်းတို့ ဤအတူသာလျှင် ရဟန်းသည် အင်္ဂါငါးမျိုးရှိသည့် မြတ်သော သမ္မာသမာဓိကို ဤသို့ပွါးများသော် ဤသို့ ကြိမ်ဖန်များစွာပြုလုပ်သော် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုအပ်သည့်တစ်စုံတစ်ခုသော တရားကို ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုရန် စိတ်ကို ညွတ်စေ၏၊ (ရှေးဘဝအကြောင်းနှင့် ယခုဘဝ အဘိညာဉ်အခြေခံ ဈာန်စသော) အကြောင်းရှိလတ်သော်ထိုထိုအရာ၌ပင် သက်သေထိုက်သည့် အဖြစ် (ဣဒ္ဓိဝိဓအဘိညာဉ်စသည်)သို့ ရောက်၏။

ရဟန်းတို့ ဥပမာတစ်မျိုးသော်ကား ညီညွတ်သော မြေအပြင်ဝယ် လမ်းမလေးခု ဆုံရာအရပ်၌ အာဇာနည်မြင်း ကသော ရထားသည် နှင်တံကို ကန့်လန့်တင်ထားလျက် ရပ်တည်နေရာ၏၊ မြင်းတို့ကိုလိမ္မာအောင် ဆုံးမနိုင်သော ကျွမ်းကျင်သည့် မြင်းဆရာသည် ထိုရထားကို တက်စီး၍ လက်ဝဲလက်ဖြင့်ကြိုးတို့ကို ဆွဲကာ လက်ယာလက်ဖြင့် နှင်တံကို ကိုင်ပြီးလျှင် သွားလိုရာခရီးဖြင့် သွားလိုရာ အရပ်သို့ရှေးရှုလည်း မောင်းနှင်နိုင်ရာ၏၊ ပြန်လှည့်၍လည်း မောင်းနှင်နိုင်ရာ၏။

ရဟန်းတို့ ဤအတူသာလျှင် ရဟန်းသည် အင်္ဂါငါးမျိုးရှိသည့် မြတ်သော သမ္မာသမာဓိကို ဤသို့ပွါးများသော် ဤသို့ ကြိမ်ဖန်များစွာပြုလုပ်သော် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုအပ်သည့်တစ်စုံတစ်ခုသောတရားကို ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုရန် စိတ်ကို ညွတ်စေ၏၊ (ရှေးဘဝအကြောင်းနှင့် ယခုဘဝအဘိညာဉ် အခြေခံ ဈာန်စသော) အကြောင်းရှိလတ်သော် ထိုထိုအရာ၌ပင်သက်သေထိုက်သည့် အဖြစ် (ဣဒ္ဓိဝိဓအဘိညာဉ်)သို့ ရောက်၏။

“(ငါသည်) များပြားသော တန်ခိုးဖန်ဆင်ခြင်းနှင့် ပြည့်စုံလို၏၊ တစ်ယောက်တည်းဖြစ်လျက် အများအပြား ဖြစ်လို၏။ပ။ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို (မိမိ) စိတ်အလိုအတိုင်း ဖြစ်စေလို၏”ဟုထိုရဟန်းသည် အကယ်၍ အလိုရှိခဲ့မူ (အခြေခံ) အကြောင်းရှိလတ်သော် ထိုထိုအလိုရှိရာ၌ပင် သက်သေထိုက်သည့်အဖြစ် (ဣဒ္ဓိဝိဓ အဘိညာဉ်)သို့ ရောက်၏။

“(ငါသည်) အထူးသဖြင့် စင်ကြယ်သော လူတို့၏နားအကြားထက် သာလွန်သော နတ်တို့၏ နားနှင့်တူသော နား ‘ဒိဗ္ဗသောတ’ ဖြင့် နတ်၌လည်းဖြစ်ကုန် လူ၌လည်းဖြစ်ကုန်သော ဝေးသည်လည်း ဖြစ်ကုန်နီးသည်လည်းဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားလို၏”ဟု ထိုရဟန်းသည် အကယ်၍အလိုရှိခဲ့မူ (အခြေခံ) အကြောင်းရှိလတ်သော် ထိုထိုအလိုရှိရာ၌ပင် သက်သေထိုက်သည့် အဖြစ် (ဒိဗ္ဗသောတ အဘိညာဉ်)သို့ ရောက်၏။

“(ငါသည်) တစ်ပါးသော သတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကို (မိမိ) စိတ်ဖြင့် ပိုင်းခြား၍သိလို၏၊ စွဲမက်ခြင်း ‘ရာဂ’နှင့်တကွသော စိတ်ကိုလည်း ‘စွဲမက်ခြင်းရာဂနှင့်တကွဟူသော စိတ်’ဟု သိလို၏၊ စွဲမက်ခြင်း ‘ရာဂ’ ကင်းသော စိတ်ကိုလည်း ‘စွဲမက်ခြင်းရာဂကင်းသောစိတ်’ဟု သိလို၏၊ အမျက်ထွက်ခြင်း ‘ဒေါသ’နှင့်တကွဖြစ်သော စိတ်ကိုလည်း ‘အမျက်ထွက်ခြင်း ဒေါသနှင့်တကွ ဖြစ်သောစိတ်’ဟုသိလို၏၊ အမျက်ထွက်ခြင်း ‘ဒေါသ’ ကင်းသော စိတ်ကိုလည်း ‘အမျက်ထွက်ခြင်း ဒေါသကင်းသောစိတ်’ဟုသိလို၏၊ တွေဝေခြင်း ‘မောဟ’နှင့်တကွဖြစ်သော စိတ်ကိုလည်း ‘တွေဝေခြင်း မောဟနှင့်တကွဖြစ်သောစိတ်’ဟု သိလို၏၊ တွေဝေခြင်း ‘မောဟ’ ကင်းသော စိတ်ကိုလည်း ‘တွေဝေခြင်းမောဟကင်းသောစိတ်”ဟုသိလို၏၊ ကျုံ ့သော စိတ်ကိုလည်း ‘ကျုံ ့သောစိတ်’ဟု သိလို၏၊ ပျံ့လွင့်သော စိတ်ကိုလည်း’ပျံ့လွင့်သောစိတ်’ဟု သိလို၏၊ မြတ်သည်၏ အဖြစ်သို့ ရောက်သောစိတ်ကိုလည်း ‘မြတ်သည်၏အဖြစ်သို့ ရောက်သော စိတ်’ဟု သိလို၏၊ မြတ်သည်၏ အဖြစ်သို့ မရောက်သော စိတ်ကိုလည်း’မြတ်သည်၏ အဖြစ်သို့ မရောက်သော စိတ်’ဟု သိလို၏၊ မိမိထက် သာလွန်သော တရားရှိသောစိတ်ကိုလည်း ‘မိမိထက် သာလွန်သော တရားရှိသောစိတ်’ဟု သိလို၏၊ သာလွန်သော တရားမရှိသောစိတ်ကိုလည်း ‘သာလွန်သောတရားမရှိ သောစိတ်’ဟု သိလို၏၊ တည်ကြည်သောစိတ်ကိုလည်း ‘တည်ကြည်သောစိတ်’ဟု သိလို၏၊ မတည်ကြည်သောစိတ်ကိုလည်း ‘မတည်ကြည်သောစိတ်’ဟု သိလို၏၊ (ကိလေသာမှ) လွတ် မြောက်သော စိတ်ကိုလည်း’(ကိလေသာမှ) လွတ်မြောက်သော စိတ်’ဟု သိလို၏၊ (ကိလေသာမှ) မလွတ် မြောက်သော စိတ်ကိုလည်း ‘(ကိလေသာမှ) မလွတ်မြောက်သောစိတ်’ဟု သိလို၏”ဟူ၍ ထိုရဟန်းသည် အကယ်၍အလိုရှိခဲ့မူ (အခြေခံ) အကြောင်းရှိလတ်သော် ထိုထိုအလိုရှိရာ၌ပင် သက်သေထိုက်သည့်အဖြစ် (ပရစိတ္တဝိဇာနနဉာဏ်)သို့ ရောက်၏။

“(ငါသည်) များပြားသော ရှေး၌ ဖြစ်ဖူးသည်ကို အောက်မေ့လို၏။ ဤသည်ကား အဘယ်နည်း—

တစ်ဘဝကိုလည်းကောင်း နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာ (အဖြစ်သနစ်) နှင့် တကွညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသည်ကို အောက်မေ့လို၏”ဟုထိုရဟန်းသည် အကယ်၍ အလိုရှိခဲ့မူ (အခြေခံ) အကြောင်းရှိလတ်သော် ထိုထိုအလိုရှိရာ၌ပင် သက်သေထိုက်သည့်အဖြစ် (ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်)သို့ ရောက်၏။

“(ငါသည်) အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခု’ ဖြင့်။ပ။ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိလို၏”ဟု ထိုရဟန်းသည်အကယ်၍ အလိုရှိခဲ့မူ (အခြေခံ) အကြောင်းရှိလတ်သော် ထိုထိုအလိုရှိရာ၌ပင် သက်သေထိုက်သည့်အဖြစ် (ဒိဗ္ဗစက္ခုအဘိညာဉ်)သို့ ရောက်၏။

“ငါသည် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါတရားမရှိသော (ကိလေသာတို့မှ) လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ်နှင့် (ကိလေသာတို့မှ) လွတ်မြောက်သော ‘အရဟတ္တဖိုလ်ပညာ’ ကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍နေလို၏”ဟု ထိုရဟန်းသည်အကယ်၍ အလိုရှိခဲ့မူ (အခြေခံ) အကြောင်းရှိလတ်သော် ထိုထိုအလိုရှိရာ၌ပင် သက်သေထိုက်သည့် အဖြစ် (အရဟတ္တဖလသမာပတ်)သို့ ရောက်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။