အင်္ဂုတ္တရနိကာယ်

၄-သုမနဝဂ်

၁-သုမနသုတ်

၃၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုစဉ်အခါ၌ သုမနာမင်းသမီးသည် ရထားငါးရာ မင်းသမီးငါးရာ ခြံရံကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက်မြတ်စွာဘုရားအား—

“အသျှင်ဘုရား ဤသာသနာတော်၌ မြတ်စွာဘုရား၏ တပည့် ‘သာဝက’ နှစ်ဦးတို့သည် ညီမျှသော သဒ္ဓါ၊ ညီမျှသော သီလ၊ ညီမျှသော ပညာရှိပါကုန်၏။ တစ်ဦးသည် ပေးလှူတတ်၍၊ တစ်ဦးကားမပေးလှူတတ်ပါ။ ထိုနှစ်ဦးတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာနတ်ပြည်လောကသို့ ရောက်ကုန်ရာ၏။ အသျှင်ဘုရား နတ်ဖြစ်သူ ထိုနှစ်ဦးတို့၏ ထူးခြားချက်သည်ဖြစ်ကောင်းပါ၏လော၊ ခြားနားချက်သည် ဖြစ်ကောင်းပါ၏လော”ဟု လျှောက်၏။

“သုမနာ ဖြစ်ကောင်း၏”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။

သုမနာ ပေးလှူတတ်သူသည် မပေးလှူတတ်သူကို နတ်ဖြစ်ခြင်းတူသော်လည်း—

နတ်၌ ဖြစ်သော အသက်။

နတ်၌ ဖြစ်သော အဆင်း။

နတ်၌ ဖြစ်သော ချမ်းသာ။

နတ်၌ ဖြစ်သော အခြံအရံ (အကျော်အစော)။

နတ်၌ ဖြစ်သော အစိုးရခြင်းဟူသော အကြောင်း ငါးမျိုးတို့ဖြင့် လွှမ်းမိုးနိုင်၏။

သုမနာ ပေးလှူတတ်သူသည် မပေးလှူတတ်သူကို နတ်ဖြစ်ခြင်းတူသော်လည်း ဤအကြောင်းငါးမျိုးတို့ဖြင့် လွှမ်းမိုးနိုင်၏ဟု မိန့်တော်မူ၏။

အသျှင်ဘုရား အကယ်၍ ထိုသူနှစ်ဦးတို့သည် ထိုနတ်အဖြစ်မှ ရွေ့လျော၍ ဤလူအဖြစ်သို့ ရောက်လာကြပါမူ လူဖြစ်သူ ထိုနှစ်ဦးတို့၏ ထူးခြားချက်သည် ဖြစ်ကောင်းပါ၏လော၊ ခြားနားချက်သည်ဖြစ်ကောင်းပါ၏လောဟု (လျှောက်၏)။

“သုမနာ ဖြစ်ကောင်း၏”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ သုမနာ ပေးလှူတတ်သူသည်မပေးလှူတတ်သူကို လူဖြစ်ခြင်းတူသော်လည်း—

လူ၌ ဖြစ်သော အသက်။

လူ၌ ဖြစ်သော အဆင်း။

လူ၌ ဖြစ်သော ချမ်းသာ။

လူ၌ ဖြစ်သော အခြံအရံ (အကျော်အစော)။

လူ၌ ဖြစ်သော အစိုးရခြင်းဟူသော အကြောင်းငါးမျိုးတို့ဖြင့် လွှမ်းမိုးနိုင်၏။

သုမနာ ပေးလှူတတ်သူသည် မပေးလှူတတ်သူကို လူဖြစ်ခြင်းတူသော်လည်း ဤအကြောင်းငါးမျိုးတို့ဖြင့် လွှမ်းမိုးနိုင်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အကယ်၍ ထိုသူနှစ်ဦးတို့သည် လူ့ဘောင်မှ (ထွက်၍) ရဟန်းဘောင်၌ ရဟန်းပြုကြပါမူရဟန်းဖြစ်သူ ထိုနှစ်ဦးတို့၏ ထူးခြားချက်သည် ဖြစ်ကောင်းပါ၏လော၊ ခြားနားချက်သည် ဖြစ်ကောင်းပါ၏လောဟု (လျှောက်၏)။

“သုမနာ ဖြစ်ကောင်း၏”ဟု မိန့်တော်မူ၏။ သုမနာ ပေးလှူတတ်သူသည် မပေးလှူတတ်သူကိုရဟန်းဖြစ်ခြင်းတူသော်လည်း ငါးပါးသော အကြောင်းတို့ဖြင့် လွှမ်းမိုးနိုင်၏။

(အလှူခံတော်မူပါဟု) တောင်းပန်ခံရသည် ဖြစ်၍သာလျှင် သင်္ကန်းကို သုံးဆောင်ရသည်က များ၏၊ တောင်းပန်မခံရဘဲ သုံးဆောင်ရသည်ကား အနည်းငယ်သာတည်း။

တောင်းပန်ခံရသည်ဖြစ်၍သာလျှင် ဆွမ်းကို သုံးဆောင်ရသည်က များ၏၊ တောင်းပန်မခံရမူ၍သုံးဆောင်ရသည်ကား အနည်းငယ်သာတည်း။

တောင်းပန်ခံရသည် ဖြစ်၍သာလျှင် ကျောင်းကို သုံးဆောင်ရသည်က များ၏၊ တောင်းပန်မခံရမူ၍သုံးဆောင်ရသည်ကား အနည်းငယ်သာတည်း။

တောင်းပန်ခံရသည်ဖြစ်၍သာလျှင် သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်ကိုသုံးဆောင်ရသည်က များ၏၊ တောင်းပန်မခံရမူ၍ သုံးဆောင်ရသည်ကား အနည်းငယ်သာတည်း။

အတူတကွ နေထိုင်ကြသော သီတင်းသုံးဖော်တို့သည် ထိုပေးလှူတတ်သော ရဟန်းအား နှစ်ခြိုက် ဖွယ်ကိုယ်အမူအရာဖြင့်သာ ပြုမူကြသည်က များ၏၊ မနှစ်ခြိုက်ဖွယ် ကိုယ်အမူအရာဖြင့် ပြုမူကြသည် ကားအနည်းငယ်သာတည်း။ နှစ်ခြိုက်ဖွယ် နှုတ်အမူအရာဖြင့်သာ ပြုမူကြသည်က များ၏၊ မနှစ်ခြိုက် ဖွယ်နှုတ်အမူအရာဖြင့် ပြုမူကြသည်ကား အနည်းငယ်သာတည်း၊ နှစ်ခြိုက်ဖွယ် စိတ်အမူအရာဖြင့်သာပြုမူကြသည်က များ၏၊ မနှစ်ခြိုက်ဖွယ် စိတ်အမူအရာဖြင့် ပြုမူကြသည်ကား အနည်းငယ်သာတည်း၊ နှစ်ခြိုက်ဖွယ် ပူဇော်မှုကို ပူဇော်ကြသည်က များ၏၊ မနှစ်ခြိုက်ဖွယ် ပူဇော်မှုကို ပူဇော်ကြသည်ကားအနည်းငယ်သာတည်း။

သုမနာ ပေးလှူတတ်သူသည် မပေးလှူတတ်သူကို ရဟန်းဖြစ်ခြင်းတူကြသော်လည်း ဤအကြောင်းငါးမျိုးတို့ဖြင့် လွှမ်းမိုးနိုင်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အကယ်၍ ထိုသူနှစ်ဦးတို့သည် ရဟန္တာအဖြစ်သို့ ရောက်ကြပါမူ ရဟန္တာအဖြစ်သို့ရောက်ကုန်သော ထိုသူနှစ်ဦးတို့၏ ထူးခြားချက်သည် ဖြစ်ကောင်းပါသေးသလော၊ ခြားနားချက်သည်ဖြစ်ကောင်းပါသေးသလောဟု (လျှောက်၏)။

သုမနာ ဤအရာ၌ စင်စစ်အားဖြင့် (တစ်ပါး၏) ကိလေသာမှ လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’ နှင့် (တစ်ပါး၏) ကိလေသာမှ လွတ်မြောက်မှု ‘အရဟတ္တဖိုလ်’ကို အနည်းငယ်မျှပင် ခြားနား၏ဟု ငါမဆိုဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အလွန်လျှင် ဤအလှူဒါန တို့ကိုပေးလှူရန် သင့်လျော်လှသည်သာတည်း၊ ကောင်းမှုတို့ကို ပြုရန် သင့်လျော်လှသည်သာတည်း၊ ကောင်းမှုတို့သည် နတ်ဖြစ်သူအားလည်း ကျေးဇူးပြုတတ် လူဖြစ်သူအားလည်း ကျေးဇူးပြုတတ် ရဟန်းဖြစ်သူအားလည်း ကျေးဇူးပြုတတ်ပါပေကုန်၏ဟု (လျှောက်၏)။

သုမနာ ဤစကားသည် ဤအတိုင်း မှန်ပေ၏။

သုမနာ အလှူဒါနတို့ကို ပေးလှူရန် သင့်လှသည်သာတည်း၊ ကောင်းမှုတို့ကို ပြုရန်သင့်လှသည်သာတည်း၊ ကောင်းမှုတို့သည် နတ်ဖြစ်သူအားလည်း ကျေးဇူးပြုတတ် လူဖြစ်သူအားလည်း ကျေးဇူးပြုတတ် ရဟန်းဖြစ်သူအားလည်း ကျေးဇူးပြုတတ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤတရား (စကား) ကို ဟောကြားတော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤတရား (စကား) ကို ဟောကြားတော်မူပြီး၍ထိုမှတစ်ပါး (လူနတ် ဗြဟ္မာတို့၏) ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူလေ၏။ “လောက၌ ကောင်းကင်ခရီးဖြင့် သွားသော၊ အညစ်အကြေးကင်းသော လမင်း သည် အလုံးစုံသောကြယ် (တာရာ) အပေါင်းတို့ကို အရောင်အလင်းဖြင့် သာလွန်၍ တင့်တယ်သကဲ့သို့။ ထို့အတူ ပင် လောက၌ သီလနှင့် ပြည့်စုံ၍ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်သည်နှမြောဝန်တိုခြင်းရှိသူအားလုံးကို စွန့်ကြဲခြင်းဖြင့် သာလွန်တင့်တယ်၏။

လျှပ်စစ်ပန်းနွယ်ရှိသည့် အရာမကသော တိမ်ထွတ် တိမ်တောင်တို့နှင့် ပြည့်စုံ သော မိုးသည်ကြည်းကုန်းမြေကိုလည်းကောင်း၊ ချိုင့်ဝှမ်းမြေကိုလည်းကောင်း ထစ်ချုန်းရွာသွန်းလျက် ပြည့်စေသကဲ့သို့။ ဤအတူသာလျှင် (သောတာပတ္တိ) ဉာဏ်အမြင်နှင့် ပြည့်စုံသော၊ မြတ်စွာဘုရား၏တပည့် ‘သာဝက’ ဖြစ်သည့် ပညာရှိသည် နှမြောဝန်တိုသူကို အကြောင်းငါးမျိုး တို့ဖြင့် လွှမ်းမိုးနိုင်၏။ ထိုသူသည် စင်စစ် (ပေးလှူအပ်သော) စည်းစိမ်ဥစ္စာတို့က တင်ပို့အပ်သည် ဖြစ်၍အသက်ဖြင့်လည်းကောင်း၊ အခြံအရံ (အကျော်အစော) ဖြင့်လည်းကောင်း၊ ရုပ်အဆင်း ဖြင့်လည်းကောင်း၊ ချမ်းသာဖြင့်လည်းကောင်း တမလွန် လောကဝယ် နတ်ပြည်၌ ဝမ်းမြောက်ရလေသတည်း”။

ပဌမသုတ်။