အင်္ဂုတ္တရနိကာယ်

၄-သုမနဝဂ်

၂-စုန္ဒီသုတ်

၃၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေးရာ ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုစဉ်အခါ စုန္ဒီမင်းသမီးသည် ရထားငါးရာ သတို့သမီးငါးရာခြံရံကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား—

အသျှင်ဘုရား အကျွန်ုပ်တို့၏ မောင်ဖြစ်သော စုန္ဒမည်သော မင်းသားသည် ဤသို့ ဆိုပါ၏—

“တစ်စုံတစ်ယောက်သော မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက်သောက်ခြင်းမှ ရှောင်ကြဉ်၏၊ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ ‘သုဂတိဘုံ’ သို့သာ ရောက်ရ၏၊ မကောင်းသောလားရာ ‘ဒုဂ္ဂတိဘုံ’ သို့မရောက်ရ”ဟု (ဆိုပါ၏)။

အသျှင်ဘုရား ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို မေးလျှောက်ပါ၏၊ အသျှင်ဘုရား အဘယ်သို့သဘောရှိသည့် ဘုရား၌ ကြည်ညိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ ‘သုဂတိဘုံ’၌ သာ ဖြစ်၍ မကောင်းသောလားရာ ‘ဒုဂ္ဂတိဘုံ’၌ မဖြစ်ပါသနည်း၊ အဘယ်သို့သဘောရှိသည့် တရားတော်၌ ကြည်ညိုသူသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ ‘သုဂတိဘုံ’၌ သာ ဖြစ်၍ မကောင်းသော လားရာ ‘ဒုဂ္ဂတိဘုံ’၌ မဖြစ်ပါသနည်း၊ အဘယ်သို့သဘောရှိသည့် သံဃာတော်၌ ကြည်ညိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ ‘သုဂတိဘုံ’၌ သာဖြစ်၍ မကောင်းသော လားရာ ‘ဒုဂ္ဂတိဘုံ’၌ မဖြစ်ပါသနည်း၊ အဘယ်သို့သဘောရှိသည့် သီလတို့၌ ဖြည့်ကျင့် ဆည်းပူးသော သူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ ‘သုဂတိဘုံ’၌ သာဖြစ်၍ မကောင်းသော လားရာ ‘ဒုဂ္ဂတိဘုံ’၌ မဖြစ်ပါသနည်း”ဟု လျှောက်၏။

စုန္ဒီ အခြေမရှိသောသတ္တဝါ အခြေနှစ်ချောင်းရှိသောသတ္တဝါ အခြေလေးချောင်းရှိသောသတ္တဝါ များသောအခြေရှိသောသတ္တဝါ ရုပ်ရှိသတ္တဝါ ရုပ်မဲ့သတ္တဝါ သညာရှိသတ္တဝါ သညာမဲ့သတ္တဝါ ရုန့်ရင်းသောသညာကားမရှိ သိမ်မွေ့သောသညာမရှိသည် မဟုတ်သောသတ္တဝါ ရှိသမျှ အားလုံးတို့ထက် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကိုအမြတ်ဆုံးဟု ဆိုအပ်၏။

စုန္ဒီ မြတ်စွာဘုရား၌ ကြည်ညိုသူတို့သည် အမြတ်ဆုံး၌ ကြည်ညိုသည် မည်ကုန်၏၊ အမြတ်ဆုံး၌ ့ကြည်ညိုသူတို့အား အမြတ်ဆုံးသော အကျိုးသည် ဖြစ်နိုင်၏။

စုန္ဒီ ပြုပြင်အပ်သော ‘သင်္ခတ’ တရား ရှိသမျှ အားလုံးတို့ထက် အင်္ဂါရှစ်ပါးရှိသော မဂ်ကို အမြတ်ဆုံးဟုဆိုအပ်၏၊ စုန္ဒီ အရိယမဂ္ဂင်ရှစ်ပါး၌ ကြည်ညိုသူတို့သည် အမြတ်ဆုံး၌ ကြည်ညိုသည် မည်ကုန်၏၊ အမြတ်ဆုံး၌ ကြည်ညိုသူတို့အား အမြတ်ဆုံးသော အကျိုးသည် ဖြစ်နိုင်၏။

စုန္ဒီ ပြုပြင်အပ်သော ‘သင်္ခတ’ တရား မပြုပြင်အပ်သော ‘အသင်္ခတ’ တရား ရှိသမျှအားလုံးတို့ထက်ယစ်ခြင်းကင်းရာ မွတ်သိပ်ခြင်းကို ပယ်ဖျောက်ရာ တောင့်တခြင်းအာသာကို ပယ်ခွါရာ ဝဋ်မြစ်ပြတ်ရာတဏှာကုန်ရာ မတပ်မက်ရာ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာ နိဗ္ဗာန်ဟူသော ‘ဝိရာဂ’ တရားကို အမြတ်ဆုံးဟုဆိုအပ်၏။

စုန္ဒီ နိဗ္ဗာန်ဟူသော ‘ဝိရာဂ’ တရား၌ ကြည်ညိုသူတို့သည် အမြတ်ဆုံး၌ ကြည်ညိုသည် မည်ကုန်၏၊ အမြတ်ဆုံး၌ ကြည်ညိုသူတို့အား အမြတ်ဆုံးသော အကျိုးသည် ဖြစ်နိုင်၏။

စုန္ဒီ သံဃာ ဂိုဏ်း ရှိသမျှတို့ထက် (အရပ်ဝေးမှ) ဆောင်ယူလာသော အလှူကို ခံထိုက်သော၊ ဧည့်သည်အလို့ငှါ စီမံထားသော ဝတ္ထုကို ခံထိုက်သော၊ တမလွန်အတွက် ရည်မျှော်သော အလှူကိုခံထိုက် သော၊ လက်အုပ်ချီခြင်းကို ခံထိုက်သော၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေဖြစ် သော အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော မြတ်စွာဘုရား၏တပည့်သား သံဃာတော်ကို အမြတ်ဆုံးဟု ဆိုအပ်၏။

စုန္ဒီ မြတ်စွာဘုရား၏ တပည့်သားသံဃာတော်၌ ကြည်ညိုသူတို့သည် အမြတ်ဆုံး၌ ကြည်ညိုသည်မည်ကုန်၏၊ အမြတ်ဆုံး၌ ကြည်ညိုသူတို့အား အမြတ်ဆုံးသော အကျိုးသည် ဖြစ်နိုင်၏။

စုန္ဒီ ရှိရှိသမျှ သီလတို့ထက် မကျိုး မပေါက် မပြောက် မကျားကုန်သော၊ တဏှာ့ကျွန်အဖြစ်မှလွတ်မြောက်စေကုန်သော၊ ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော၊ မှားသောအားဖြင့် မသုံးသပ်အပ်ကုန်သော၊ သမာဓိကို ဖြစ်စေတတ်ကုန်သော၊ အရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့ကို အမြတ်ဆုံးဟု ဆိုအပ်ကုန်၏။

စုန္ဒီ အရိယာတို့ နှစ်သက်အပ်သည့် သီလတို့ကို ဖြည့်ကျင့်ဆည်းပူးတတ်သူတို့သည် အမြတ်ဆုံး၌ ဖြည့်ကျင့်ဆည်းပူးသည် မည်ကုန်၏၊ အမြတ်ဆုံး၌ ဖြည့်ဆည်းပူးသူတို့အား အမြတ်ဆုံးသော အကျိုးသည်ဖြစ်နိုင်၏ဟု (မိန့်တော်မူ၏)။

“မြတ်သော (ရတနာသုံးပါး၏) ဂုဏ်ကို သိကုန်သည်ဖြစ်၍ အမြတ်ဆုံး (ရတနာ သုံးပါး)၌ စင်စစ်ကြည်ညိုသူတို့အားလည်းကောင်း၊ အတုမရှိမြတ်သော အလှူကို ခံထိုက်သော မြတ်သော ဘုရားရှင်၌ ကြည်ညိုသူတို့အားလည်းကောင်း။ တပ်မက်မှု ‘ရာဂ’ ကင်းရာ ငြိမ်းအေးရာ ချမ်းသာကြောင်းဖြစ်သော မြတ်သော တရား၌ ကြည်ညိုသူတို့အားလည်းကောင်း၊ အမြတ်ဆုံးကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်သော မြတ်သောသံဃာ၌ ကြည်ညိုသူတို့အားလည်းကောင်း။ အမြတ်ဆုံး (ရတနာသုံးပါး)၌ အလှူပေးသူတို့အားလည်းကောင်း မြတ်သော ကောင်းမှုသည် တိုးပွါး၏။ မြတ်သော အသက်ရှည်ခြင်းသည်လည်းကောင်း၊ အဆင်းလှခြင်းသည်လည်းကောင်း၊ အခြံအရံများခြင်းသည်လည်းကောင်း၊ ကျော်စော ခြင်းသည်လည်းကောင်း၊ ချမ်းသာခြင်းသည်လည်းကောင်း၊ ကိုယ်အား ဉာဏ်အား သည်လည်းကောင်း တိုးပွါး၏။ မြတ်သော ဂုဏ်နှင့် ပြည့်စုံသော အမြတ်ဆုံး (ရတနာသုံးပါး) အား ပေးလှူ တတ်သောပညာနှင့်ပြည့်စုံသော နတ်သည်လည်းကောင်း၊ လူသည်လည်းကောင်း အမြတ်ဆုံးသို့ ရောက်သည်ဖြစ်၍မွေ့လျော်ရလေသတည်း”။

ဒုတိယသုတ်။