အင်္ဂုတ္တရနိကာယ်

၄-သုမနဝဂ်

၃-ဥဂ္ဂဟသုတ်

၃၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘဒ္ဒိယမြို့ မုလေး ‘မြတ်လေး’ တော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုစဉ်အခါ မေဏ္ဍကသူဌေး၏မြေး ဥဂ္ဂဟသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးလျက်တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား—

“အသျှင်ဘုရား မြတ်စွာဘုရားသည် နက်ဖြန်အတွက် ကိုယ်တော်မြတ်ပါလေးပါး တပည့်တော်၏ ဆွမ်းကိုအလှူခံတော်မူပါ”ဟု (လျှောက်၏)။

မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။

ထို့နောက် မေဏ္ဍကသူဌေး၏မြေး ဥဂ္ဂဟသည် မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ နေရာမှထကာ ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ဖဲခွါသွားလေ၏။

ထို့နောက် မြတ်စွာဘုရားသည် ထိုညဉ့်လွန်သဖြင့် နံနက်အချိန်၌ (သင်္ကန်း) ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် မေဏ္ဍကသူဌေး၏မြေး ဥဂ္ဂဟ၏အိမ်သို့ ချဉ်းကပ်၍ ခင်းထားအပ်သောနေရာ၌ ထိုင်နေတော်မူ၏။

ထိုအခါ မေဏ္ဍကသူဌေး၏မြေး ဥဂ္ဂဟသည် မြတ်စွာဘုရားကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့်ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် ကိုယ်တိုင် လုပ်ကျွေး၏။

ထို့နောက် မေဏ္ဍကသူဌေး၏မြေး ဥဂ္ဂဟသည် မြတ်စွာဘုရား ဆွမ်းစားပြီး၍ သပိတ်မှ လက်ကိုဖယ်ပြီးသောအခါ တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား—

“အသျှင်ဘုရား အကျွန်ုပ်၏ ဤသမီးပျိုတို့သည် လင်ယောကျာ်းတို့အိမ်သို့ လိုက်ပါသွားကြရပါလိမ့်မည်၊ မြတ်စွာဘုရားသည် ထိုသမီးပျိုတို့ကို သွန်သင်တော်မူပါ ဆုံးမတော်မူပါ၊ ယင်းသို့ သွန်သင်ဆုံးမခြင်းသည် ထိုသမီးပျိုတို့အား ကာလရှည်မြင့်စွာ အစီးအပွါးဖြစ်ရန် ချမ်းသာရန် ဖြစ်ရာပါ၏”ဟုလျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုသမီးပျိုတို့အား—

“သတို့သမီးတို့ ထိုသို့လျှောက်ထားသောကြောင့် ဤအရာ၌ ဤသို့ ကျင့်ကြရမည် ‘သင်တို့အကျိုးစီးပွါးကို လိုလား၍ သနားစောင့်ရှောက်တတ်သော မိဘတို့သည် သနားစောင့်ရှောက်မှုကိုအကြောင်းပြု၍ ထိမ်းမြားမည်ဖြစ်သော လင်ယောကျာ်း၏ ရှေးဦးစွာ (အိပ်ရာမှ) ထလေ့ရှိသူ နောက်မှအိပ်လေ့ရှိသူ အဘယ်ကို ပြုရအံ့နည်းဟု နာခံလေ့ရှိသူ နှစ်ခြိုက်ဖွယ် ပြုလုပ်လေ့ရှိသူ ချစ်ခင်ဖွယ်စကားကိုဆိုလေ့ရှိသူတို့ ဖြစ်ကုန်အံ့”ဟု ကျင့်ကြရမည်၊ သတို့သမီးတို့ သင်တို့သည် ဤအတိုင်းသာ ကျင့်ကြရမည်။

သတို့သမီးတို့ ထို့ပြင် ဤသို့လည်း ကျင့်ကြရမည် “မိမိခင်ပွန်းသည်က ရိုသေလေးစားအပ်သည့် အမိအဖ သမဏ ဗြာဟ္မဏဖြစ်သော ပုဂ္ဂိုလ်တို့ကို အရိုအသေပြုကုန်အံ့၊ အလေးအမြတ်ပြုကုန်အံ့၊ မြတ်နိုးကုန်အံ့၊ ပူဇော်ကုန်အံ့၊ မိမိထံသို့ လာသူတို့ကိုလည်း နေရာထိုင်ခင်းပေးခြင်း ရေတည်ခြင်းဖြင့်ပူဇော်ကြကုန်အံ့”ဟု ကျင့်ကြရမည်၊ သတို့သမီးတို့ သင်တို့သည် ဤအတိုင်းသာ ကျင့်ကြရမည်။

သတို့သမီးတို့ ထို့ပြင် ဤသို့လည်း ကျင့်ကြရမည် “သိုးမွေးဝါဂွမ်းဟူသော လင်ယောကျာ်း၏အိမ်တွင်းမှုတို့၌ ကျွမ်းကျင်၍ မပျင်းရိဘဲ ထိုအိမ်တွင်းမှု၌ အကြောင်းဥပါယ်ဖြစ်သော စူးစမ်းမှုပညာနှင့်ပြည့်စုံသည့်ပြင် ကိုယ်တိုင်ပြုလုပ်ရန် စီမံရန် စွမ်းနိုင်သူတို့ ဖြစ်ကုန်အံ့”ဟု ကျင့်ကြရမည်၊ သတို့သမီးတို့ဤအတိုင်းသာ သင်တို့ ကျင့်ကြရမည်။

သတို့သမီးတို့ ထို့ပြင် ဤသို့လည်း ကျင့်ကြရမည် “အိမ်တွင်းသားဖြစ်သည့် လင်ယောကျာ်း၏ကျွန်အစေခံ၊ အလုပ်သမားဖြစ်သော အတွင်းလူအပေါင်းတို့၏ ပြုလုပ်ပြီးသည်ကိုလည်း ပြုလုပ်ပြီးဟု့သိကုန်အံ့၊ မပြုလုပ်ရသေးသည်ကိုလည်း မပြုလုပ်ရသေးဟု သိကုန်အံ့၊ မမာမကျန်းသူတို့၏လည်းအားရှိသည် မရှိသည်ကို သိကုန်အံ့၊ ထိုအတွင်းလူအပေါင်းအား ခဲဖွယ်ကိုလည်းကောင်း၊ ဘောဇဉ်ကိုလည်းကောင်း အသီးသီး မိမိတို့ရထိုက်သောအဖို့ အစုဖြင့် ဝေဖန်ကုန်အံ့”ဟု ကျင့်ကြရမည်၊ သတို့သမီးတို့ဤအတိုင်းသာ သင်တို့ ကျင့်ကြရမည်။

သတို့သမီးတို့ ထို့ပြင် ဤသို့လည်း ကျင့်ကြရမည် “လင်ယောကျာ်းဆောင်ယူလာမည့် ဥစ္စာ စပါး ငွေရွှေကိုစောင့်ရှောက်လုံခြုံစေသဖြင့် ပြီးစီးပြည့်စုံစေကုန်အံ့၊ ထိုပစ္စည်းအပေါ်၌ အပျော်မကြူး မခိုး မဝှက်အရက်မသောက်ကုန်သည်ဖြစ်၍ မပျက်မစီးစေကုန်အံ့”ဟု ကျင့်ကြရမည်၊ သတို့သမီးတို့ ဤ အတိုင်းသာသင်တို့ ကျင့်ကြရမည်။

သတို့သမီးတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီး သည်မှနောက်၌ နှစ်သက်ဖွယ်ကိုယ်ရှိသော နတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။

“အကြင်ယောကျာ်းသည် အခါခပ်သိမ်း အမြဲမပြတ် ပြင်းစွာ အားထုတ်သည် ဖြစ်၍ ကြောင့်ကြစိုက်လျက်မိမိမယားကို မွေးမြူ၏၊ ကောင်းသော မိန်းမသည် အလုံးစုံ အလိုရှိရာကို ဆောင်ယူမွေးမြူသောမိမိအရှင် ထိုခင်ပွန်းလင်ကို မထီ လေးစား မပြု။ ကောင်းသော မိန်းမသည် ငြူစူသော အကျင့်ဖြင့်လည်း မိမိလင်ကို မခြုတ်ခြယ်၊ ပညာရှိမိန်းမသည်လင်၏ ရိုသေလေးစားအပ်သူ ပုဂ္ဂိုလ်အားလုံးကိုလည်း မြတ်နိုး ပူဇော်၏။ အကြင်မိန်းမသည် ထကြွလုံ့လရှိ၏၊ ပျင်းရိခြင်း မရှိ၊ ချီးမြှောက် ထောက်ပံ့ ထားသောအခြွေအရံပရိသတ်လည်း ရှိ၏၊ လင်၏ နှစ်လိုဖွယ်ကို ကျင့်၏၊ စုဆောင်း ပေးသော ပစ္စည်းကိုလည်းကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်၏။ လင်၏ အလိုသို့လိုက်လျက် ဤအတိုင်းကျင့်သော ထိုမိန်းမသည် မနာပမည်သော နတ်တို့၏နေရာ (နိမ္မာနရတိ) ဘုံသို့ ရောက်ရလေသတည်း”။

တတိယသုတ်။