အင်္ဂုတ္တရနိကာယ်

၄-သုမနဝဂ်

၄-သီဟသေနာပတိသုတ်

၃၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သောကျောင်းကြီး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုစဉ်အခါ သီဟစစ်သူကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား “အသျှင်ဘုရား မြတ်စွာဘုရားသည် ကိုယ်တိုင်သိမြင်ရသော အလှူ၏ အကျိုးကို ပညတ်ရန် တတ်နိုင်ပါ၏လော”ဟု လျှောက်၏။

“သီဟ တတ်နိုင်၏”ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။

သီဟ ပေးလှူတတ်သော အလှူရှင်ကို လူများစွာတို့ ချစ်ခင်မြတ်နိုးကြ၏၊ သီဟ ပေးလှူတတ်သောအလှူရှင်ကို လူများစွာတို့ ချစ်ခင်မြတ်နိုးကြသော ဤအကျိုးသည်လည်း ကိုယ်တိုင်သိမြင်ရသော အလှူ၏အကျိုးပေတည်း။

သီဟ နောက်တစ်မျိုးကား ပေးလှူတတ်သော အလှူရှင်ထံသို့ ငြိမ်သက်သော စိတ်နှလုံးရှိသည့်သူတော်ကောင်းတို့သည် ချဉ်းကပ်ကြကုန်၏၊ သီဟ ပေးလှူတတ်သော အလှူရှင်ထံသို့ ငြိမ်သက်သောစိတ်နှလုံးရှိသည့် သူတော်ကောင်းတို့ ချဉ်းကပ်ခြင်းဟူသော ဤအကျိုးသည်လည်း ကိုယ်တိုင်သိမြင်ရသောအလှူ၏ အကျိုးပေတည်း။

သီဟ နောက်တစ်မျိုးကား ပေးလှူတတ်သော အလှူရှင်၏ ကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍တက်၏၊ သီဟ ပေးလှူတတ်သော အလှူရှင်၏ ကောင်းသော ကျော်စောသံ ပျံ့နှံ့၍တက်ခြင်းဟူသောဤအကျိုးသည်လည်း ကိုယ်တိုင်သိမြင်ရသော အလှူ၏ အကျိုးပေတည်း။

သီဟ နောက်တစ်မျိုးကား ပေးလှူတတ်သော အလှူရှင်သည် မင်းပရိသတ်သို့ဖြစ်စေ ပုဏ္ဏားပရိသတ်သို့ဖြစ်စေ သူကြွယ်ပရိသတ်သို့ဖြစ်စေ ရဟန်းပရိသတ်သို့ဖြစ်စေ ပရိသတ်တစ်မျိုးမျိုးသို့ချဉ်းကပ်ခဲ့မူ ရဲရဲဝံ့ဝံ့ မျက်နှာရွှင်ပျစွာ ချဉ်းကပ်ရ၏၊ သီဟ ပေးလှူတတ်သော အလှူရှင်သည် မင်းပရိသတ်သို့ဖြစ်စေ ပုဏ္ဏားပရိသတ်သို့ဖြစ်စေ သူကြွယ်ပရိသတ်သို့ဖြစ်စေ ရဟန်းပရိသတ်သို့ဖြစ်စေပရိသတ်တစ်မျိုးမျိုးသို့ ချဉ်းကပ်ခဲ့မူ ရဲရဲဝံ့ဝံ့ မျက်နှာရွှင်ပျစွာ ချဉ်းကပ်ရခြင်းဟူသော ဤအကျိုးသည်လည်း ကိုယ်တိုင်သိမြင်ရသော အလှူဒါန၏ အကျိုးပေတည်း။

သီဟ နောက်တစ်မျိုးကား ပေးလှူတတ်သော အလှူရှင်သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ရောက်ရ၏၊ သီဟ ပေးလှူတတ်သောအလှူရှင်သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ရောက်ရခြင်းဟူသော ဤအကျိုးသည်လည်း တမလွန်ဘဝ၌ ရအံ့သော အလှူ၏အကျိုးပေတည်းဟု (မိန့်တော်မူ၏)။

ဤသို့ ဟောတော်မူအပ်သည်ရှိသော် သီဟစစ်သူကြီးသည် မြတ်စွာဘုရားအား “အသျှင်ဘုရားမြတ်စွာဘုရား ဟောကြားတော်မူသည့် ကိုယ်တိုင်သိမြင်ရသော အလှူ၏ အကျိုးလေးမျိုး၌ မြတ်စွာဘုရားအား ယုံကြည်ခြင်းဖြင့် အကျွန်ုပ်ဆည်းကပ်သည် မဟုတ်ပါ၊ အကျွန်ုပ်သည်လည်း ထိုအကျိုးတို့ကိုသိပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် ပေးလှူတတ်သည့် အလှူရှင်ပါတည်း၊ များစွာသော လူတို့ကချစ်ခင်မြတ်နိုးအပ်သူ ဖြစ်ပါ၏။

အသျှင်ဘုရား အကျွန်ုပ်သည် ပေးလှူတတ်သော အလှူရှင်ပါတည်း၊ အကျွန်ုပ်ထံသို့ ငြိမ်သက်သောစိတ်နှလုံးရှိကုန်သော သူတော်ကောင်းတို့ ချဉ်းကပ်ကြပါကုန်၏။

အသျှင်ဘုရား အကျွန်ုပ်သည် ပေးလှူတတ်သော အလှူရှင်ပါတည်း၊ “သီဟစစ်သူကြီးသည်ပေးလှူတတ်၏၊ သံဃာအား ကျေးဇူးပြုတတ်၏၊ သံဃာ၏ အလုပ်အကျွေးတည်း”ဟု အကျွန်ုပ်၏ကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ ထွက်ပါ၏။

အသျှင်ဘုရား အကျွန်ုပ်သည် ပေးလှူတတ်သော အလှူရှင်ပါတည်း၊ မင်းပရိသတ်သို့ဖြစ်စေပုဏ္ဏားပရိသတ်သို့ဖြစ်စေ သူကြွယ်ပရိသတ်သို့ဖြစ်စေ ရဟန်းပရိသတ်သို့ဖြစ်စေ ပရိသတ်တစ်မျိုးမျိုးသို့ချဉ်းကပ်ခဲ့ပါမူ ရဲရဲဝံ့ဝံ့ မျက်နှာရွှင်ပျစွာ ချဉ်းကပ်ရပါ၏၊

အသျှင်ဘုရား မြတ်စွာဘုရား ဟောကြားတော်မူသည့် ကိုယ်တိုင်သိမြင်ရသော ဤအလှူ၏ အကျိုးလေးမျိုး တို့၌ ယုံကြည်ခြင်းဖြင့် မြတ်စွာဘုရားအား အကျွန်ုပ်ဆည်းကပ်သည် မဟုတ်ပါ၊ အကျွန်ုပ်သည်လည်း ထိုအကျိုးတို့ကို သိပါ၏။

အသျှင်ဘုရား မြတ်စွာဘုရားသည် “သီဟ ပေးလှူတတ်သော အလှူရှင်သည် ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ရောက်ရ၏”ဟု အကျွန်ုပ်အားဟောကြားတော်မူသော ယင်း အကျိုးကိုမူကား အကျွန်ုပ် မသိရပါ၊ ဤအကျိုး၌ သာလျှင် မြတ်စွာဘုရားအား ယုံကြည်ခြင်းဖြင့် တပည့်တော် ဆည်းကပ်ပါ၏”ဟု (လျှောက်၏)။

သီဟ ဤအကျိုးသည် ဤအတိုင်းမှန်၏၊ သီဟ ဤအကျိုးသည် ဤအတိုင်းမှန်၏၊ ပေးလှူတတ် သောအလှူရှင်သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည် လောကသို့ရောက်ရ၏”ဟု (မိန့်တော်မူ၏)။

ပေးလှူတတ်သူကို (လူအများ) ချစ်ခင်၏၊ လူအပေါင်းတို့ ချဉ်းကပ်ကုန်၏၊ ကျော်စောခြင်းသို့လည်းရောက်၏၊ အခြံအရံလည်း တိုးပွါး၏၊ နှမြောဝန်တိုမှု ကင်းသူသည် မျက်နှာသာယာရွှင်ပျသည်ဖြစ်၍ရဲရဲဝံ့ဝံ့ ပရိသတ်သို့ သက်ဝင်နိုင်၏။ ထို့ကြောင့်ပင် ချမ်းသာမှုကို ရှာကြံလေ့ရှိသော ပညာရှိတို့သည် နှမြောဝန်တိုမှု အညစ်အကြေးကို့ပယ်ဖျောက်၍ အလှူအတန်းတို့ကို ပေးလှူကြကုန်၏၊ ထို သူတို့သည် ကာလကြာမြင့်စွာတာဝတိံ သာနတ်ပြည်၌ တည်ကြလေကုန်၏၊ ထိုသူ တို့သည် တာဝတိံ သာနတ်တို့၏ အသင်းဝင်အဖြစ်သို့ရောက်၍ မွေ့လျော်ကြကုန်၏။ အခွင့်အရေးရပြီး ကုသိုလ်ပြုပြီးသူတို့သည် ဤဘဝမှ ရွေ့လျောကုန်သည်ရှိသော် မိမိတို့ကိုယ်အရောင်အဝါဖြင့် လှည့်လည်သွားကြရကုန်၏၊ ထိုသူတို့သည် ထို နန္ဒဝန်နတ်ဥယျာဉ်၌ ကာမဂုဏ်ငါးပါးတို့ဖြင့် ပြည့်စုံကုန်လျက် နှစ်သက်ရကုန်၏၊ မွေ့လျော်ရကုန်၏၊ ဝမ်းမြောက်ရကုန်၏၊ (တဏှာတောင့်တမှုကို) မမှီသော တာဒိ ဂုဏ်ရှိတော်မူသည့် မြတ်စွာဘုရား၏ စကားတော်ကိုတပည့်သာဝကတို့သည် လိုက်နာပြုကျင့်၍ နတ်ပြည်၌ မွေ့လျော်ရလေကုန်သတည်း။

စတုတ္ထသုတ်။