အင်္ဂုတ္တရနိကာယ်
၄-သုမနဝဂ်
၅-ဒါနာနိသံသသုတ်
၃၅။ ရဟန်းတို့ အလှူပေးခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
လူများစွာတို့ ချစ်ခင်မြတ်နိုးကြ၏။
ငြိမ်သက်သော စိတ်နှလုံးရှိသည့် သူတော်ကောင်းတို့ ချဉ်းကပ်ကြကုန်၏။
ကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ ထွက်၏။
လူတို့ အကျင့်တရား (ငါးပါးသီလ) မှ မကင်းကွာနိုင်။
ခန္ဓာကိုယ် ပျက်စီး၍ သေပြီးမှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ရ၏။
ရဟန်းတို့ အလှူပေးခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
သူတော်ကောင်းတို့၏ တရားသို့ အစဉ်လိုက်၍ အလှူပေးသောသူကို ချစ်ခင် ကြ၏။ ကိုယ်နှုတ်နှလုံးကိုစောင့်သုံးလျက် မြတ်သောအကျင့်ကို ကျင့်သုံးကြကုန် သော သူတော်ကောင်းတို့သည် ထိုသူ့ထံသို့အခါခပ်သိမ်း ချဉ်းကပ်ကြကုန်၏။ ထိုသူတော်ကောင်းတို့သည် (ပေးလှူတတ်သော) ထိုသူအား ဆင်းရဲဒုက္ခ အလုံးစုံ ကိုဖျက်ဆီးတတ်သော မြတ်သော တရားကို ဟောကြားကုန်၏၊ ထိုသူသည် ဤ လောက၌ ယင်းတရားကိုသိ၍ အာသဝေါကင်းလျက် ပရိနိဗ္ဗာန်ပြုရလေသတည်း။
ပဉ္စမသုတ်။