အင်္ဂုတ္တရနိကာယ်

၄-သုမနဝဂ်

၆-ကာလဒါနသုတ်

၃၆။ ရဟန်းတို့ ကာလဒါနတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ဧည့်သည် ‘အာဂန္တုက’ အား အလှူကို ပေးလှူ၏။

ခရီးသည်အား အလှူကို ပေးလှူ၏။

လူနာအား အလှူကို ပေးလှူ၏။

ငတ်မွတ်ခေါင်းပါးသော အခါ၌ အလှူကို ပေးလှူ၏။

ကောက်ဦး သစ်သီးဦးတို့ကို သီလရှိသူတို့အား ရှေးဦးစွာ ပေးလှူ၏။

ရဟန်းတို့ ကာလဒါနတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။ အလှူခံ၏ စကားကို သိတတ်ကုန်သော နှမြောဝန်တိုမှုကင်းသော ပညာရှိတို့သည်လျှောက်ပတ်သောအခါ၌ ပေးလှူကြကုန်၏၊ ဖြူစင်ဖြောင့်မတ်သည့် တာဒိဂုဏ်ရှိသော ပုဂ္ဂိုလ်တို့၌ ့အထူးကြည်လင်သော စိတ်ဖြင့် လျောက်ပတ်သော အခါ၌ ပေးလှူ၏၊ ထိုပုဂ္ဂိုလ်၏ အလှူသည်ပြန့်ပြော၏။ အကြင်သူတို့သည် ထိုအလှူ၌ ဝမ်းမြောက်လည်း ဝမ်းမြောက်ကြကုန်၏၊ အမှုကြီးငယ် ‘ဝေယျာဝစ္စ’ ကိုပြုလည်း ပြုလုပ်ကုန်၏၊ ထိုသို့ ဝမ်းမြောက်ခြင်း အမှုကြီးငယ်ကို ပြုခြင်းကြောင့် အလှူသည်မယုတ်မလျော့နိုင်၊ ထိုဝမ်းမြောက်သူ (ဝေယျာဝစ္စ) ပြုသူတို့သည်လည်း ကုသိုလ်၏ အဖို့အစုကိုရကြကုန်၏။ ထို့ကြောင့် တွန့်တိုခြင်းကင်းသော စိတ်ရှိသူသည် အလှူပေးသည်ရှိသော် ကြီးကျယ်သောအကျိုးရှိနိုင်မည့် ပုဂ္ဂိုလ်၌ ပေးလှူရာ၏၊ ကောင်းမှုကုသိုလ်တို့သည် တမလွန်ဘဝ၌ သတ္တဝါတို့၏ထောက်တည်ရာ ဖြစ်ကုန်၏။

ဆဋ္ဌသုတ်။