အင်္ဂုတ္တရနိကာယ်

၄-သုမနဝဂ်

၈-သဒ္ဓသုတ်

၃၈။ ရဟန်းတို့ သဒ္ဓါတရားရှိသော အမျိုးကောင်းသား၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ငြိမ်သက်သော စိတ်ရှိသော သူတော်ကောင်းတို့သည် သနားစောင့်ရှောက်ကုန်သည် ရှိသော်သဒ္ဓါတရားနှင့် ပြည့်စုံသောသူကိုသာလျှင် ရှေးဦးစွာ သနားစောင့်ရှောက်ကုန်၏၊ သဒ္ဓါတရားနှင့်မပြည့်စုံသော သူကို ထိုကဲ့သို့ မစောင့်ရှောက်ကုန်။

ချဉ်းကပ်ကုန်သည်ရှိသော် သဒ္ဓါတရားနှင့် ပြည့်စုံသူသို့သာလျှင် ရှေးဦးစွာ ချဉ်းကပ်ကုန်၏၊ သဒ္ဓါတရားနှင့် မပြည့်စုံသူကို ထိုကဲ့သို့ မချဉ်းကပ်ကုန်။

အလှူခံကုန်သည်ရှိသော် သဒ္ဓါတရားနှင့် ပြည့်စုံသူ၌ သာလျှင် ရှေးဦးစွာ အလှူခံကုန်၏၊ သဒ္ဓါတရားမရှိသူ၌ ထိုကဲ့သို့ အလှူမခံကုန်။

တရားဟောကုန်သည်ရှိသော် သဒ္ဓါတရားနှင့် ပြည့်စုံသူကိုသာလျှင် ရှေးဦးစွာ တရားဟောကြားကုန်၏၊ သဒ္ဓါတရားနှင့် မပြည့်စုံသူကို ထိုကဲ့သို့ မဟောကြားကုန်။

သဒ္ဓါတရားရှိသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ရောက်ရ၏။

ရဟန်းတို့ သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသား၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း။

ရဟန်းတို့ ညီညွတ်သော မြေအပြင်ဝယ် လမ်းလေးခုဆုံရာ၌ ပေါက်ရောက်သော ပညောင်ပင်ကြီး သည်ထက်ဝန်းကျင်မှ ငှက်အပေါင်းတို့၏ မှီခိုရာဖြစ်သကဲ့သို့၊ ရဟန်းတို့ ထို့အတူ ပင် သဒ္ဓါတရားရှိသောအမျိုးကောင်းသားသည် ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမဖြစ်ကုန်သော များစွာသောလူအပေါင်း၏ မှီခိုရာဖြစ်၏ဟု (မိန့်တော်မူ၏)။

အကိုင်း အခက် အရွက် အသီးနှင့် ပြည့်စုံ၍ ပင်စည်လုံးပတ်ကြီးမားပြီးလျှင် အမြစ် အရင်း ခိုင်ခံ့လျက်အသီးနှင့် ပြည့်စုံသော သစ်ပင်ကြီးသည် ငှက်အပေါင်းတို့၏ နားနေရာဖြစ်သကဲ့သို့။ ပျော်မွေ့ဖွယ်ကောင်း၍ (ငှက်အပေါင်းတို့) စုဝေးရာအရပ်၌ ထိုသစ်ပင်ကြီးကို ငှက်အပေါင်းတို့မှီဝဲကုန်ဘိသကဲ့သို့၊ အရိပ်အလိုရှိသော ငှက်တို့သည် အရိပ်သို့ ကပ်ရောက်ကုန်ဘိသကဲ့သို့၊ အသီးအလိုရှိသော ငှက်တို့သည် အသီးကို စားလျက် သွားကုန်ဘိသကဲ့သို့။ ထို့အတူ သာလျှင် သီလနှင့်ပြည့်စုံသော နှိမ့်ချသော အကျင့်ရှိ၍ မခက်မထန်သောတင့်တယ်ကောင်းမြတ်သော အမှု၌ မွေ့လျော်သော ပြေပြစ်နူးညံ့သော သဒ္ဓါ တရားနှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို။ စွဲမက်မှု’ရာဂ’ကင်းသော အမျက်ထွက်မှု’ဒေါသ’ကင်းသော တွေဝေမှု’မောဟ’ ကင်းသောအာသဝေါကင်းစင်မှုကြောင့် လောက၌ ကုသိုလ်ကောင်းမှုစိုက်ပျိုးရာ လယ်မြေကောင်းသဖွယ်ဖြစ်သောရဟန္တာပုဂ္ဂိုလ်တို့သည် ထိုသို့သဘောရှိသူကို မှီဝဲ ချဉ်းကပ်ကြကုန်၏။ ထိုရဟန္တာပုဂ္ဂိုလ်တို့သည် ထိုသူအား ဒုက္ခခပ်သိမ်း ပယ်ဖျောက်ကြောင်းဖြစ်သော တရားကိုဟောကြားတော်မူကုန်၏၊ ထိုသူသည် ဤဘဝ၌ ယင်းတရားကို သိရ၍ အာသဝေါကင်းလျက်ပရိနိဗ္ဗာန်ပြုရလေသတည်း။

အဋ္ဌမသုတ်။