အင်္ဂုတ္တရနိကာယ်

၄-သုမနဝဂ်

၉-ပုတ္တသုတ်

၃၉။ ရဟန်းတို့ ဤအကြောင်းငါးမျိုးတို့ကို ကောင်းစွာ မြင်သော မိဘတို့သည် အမျိုး၌ ဖြစ်သောသားသမီးကို အလိုရှိကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ငါတို့မွေးမြူထားသော သားသမီးသည် ငါတို့အား လုပ်ကျွေးမွေးမြူပေလိမ့်မည်။

ငါတို့၏ အမှုကိစ္စကို ပြုလုပ်ပေလိမ့်မည်။

အမျိုးအဆက်သည် ရှည်မြင့်စွာ တည်ပေလိမ့်မည်။

အမွေခံ ဖြစ်ပေလိမ့်မည်။

ထို့ပြင် ဘဝတစ်ပါးသို့ ပြောင်းသွားသော ငါတို့အား အလှူ၏အဖို့ကို ပေးဝေကြပေလိမ့်မည်ဟု (အလိုရှိကြကုန်၏)။

ရဟန်းတို့ ဤအကြောင်းကို ကောင်းစွာရှုမြင်သော မိဘတို့သည် အမျိုး၌ ဖြစ်သော သားသမီးတို့ကိုအလိုရှိကုန်၏ဟု (မိန့်တော်မူ၏)။ အကြောင်းငါးမျိုးတို့ကို ကောင်းစွာမြင်သည့် ပညာရှိမိဘတို့သည် သားသမီးကို အလိုရှိကြကုန်၏၊ ငါတို့မွေးမြူသော သားသမီးသည် ငါတို့အား ကောင်းစွာ လုပ်ကျွေးမွေးမြူပေလိမ့်မည်၊ ငါတို့၏အမှုကိစ္စကိုလည်း ပြုလုပ်ပေလိမ့်မည်။ အမျိုးအဆက်သည် ကြာမြင့်စွာ တည်ပေလိမ့်မည်။ အမွေခံ ဖြစ်ပေလိမ့်မည်၊ ထို့ပြင် ကွယ်လွန်သောငါတို့အား အလှူ၏ အဖို့ကို ပေးဝေကြပေလိမ့်မည်။ ဤအကြောင်းတို့ကို ကောင်းစွာရှုမြင်သည့် ပညာရှိမိဘတို့သည် သားသမီးကို လိုချင်တောင့်တကြကုန်၏။ ထို့ကြောင့် ပြုဖူးသော ကျေးဇူးကို သိ၍ သူ့ကျေးဇူး ကို ထင်စွာ ပြုတတ်သော၊ ငြိမ်သက်သော စိတ်ရှိသော သူတော်ကောင်းတို့သည် ရှေးကပြုဖူးသည်ကို အဖန်ဖန် အောက်မေ့လျက်မိဘတို့ကို လုပ်ကျွေးမွေးမြူကြကုန်၏၊ ကျေးဇူးပြုဖူးသူ၏ ကိစ္စကို ပြုလုပ်သကဲ့သို့ ထိုအတူ မိဘတို့၏အမှုကိစ္စ တို့ကို ပြုလုပ်ကြကုန်၏။ မိဘတို့ အဆုံးအမကို လိုက်နာလေ့ရှိ၍ မွေးမြူဖူးသော မိဘတို့အား လုပ်ကျွေး မွေးမြူလေ့ရှိသောအမျိုးအနွယ်ကို မယုတ်စေ၍ သဒ္ဓါတရားရှိသည့် သီလနှင့် ပြည့်စုံသော သားသမီးသည် ချီးမွမ်းထိုက်သူဖြစ်ပေသတည်း။

နဝမသုတ်