အင်္ဂုတ္တရနိကာယ်
၅-မုဏ္ဍရာဇဝဂ်
၁-အာဒိယသုတ်
၄၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။
ထိုအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေသောအနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည်—
ဒါယကာ စည်းစိမ်ရကြောင်းတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ဒါယကာ ဤလောက၌ အရိယာတပည့်သည် လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျဖြစ်စေအပ်ကုန်သော တရားနှင့်လျော်ကုန်သော တရားသဖြင့် ရအပ်ကုန်သော ထကြွလုံ့လဖြင့် ရအပ်ကုန်သောစည်းစိမ်တို့ဖြင့် မိမိကိုယ်ကို ချမ်းသာစေ၏၊ နှစ်သက်စေ၏၊ ချမ်းသာကို ကောင်းစွာ ဆောင်နိုင်၏၊ မိဘတို့ကို ချမ်းသာစေ၏၊ နှစ်သက်စေ၏၊ ချမ်းသာကို ကောင်းစွာဆောင်နိုင်၏၊ သား မယား ကျွန် အမှုလုပ် ယောကျာ်းတို့ကို ချမ်းသာစေ၏၊ နှစ်သက်စေ၏၊ ချမ်းသာကို ကောင်းစွာ ဆောင်နိုင်၏။
ဤကား ပဌမ စည်းစိမ်ရကြောင်းတည်း။
ဒါယကာ နောက် တစ်မျိုးကား အရိယာတပည့်သည် လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျဖြစ်စေအပ်ကုန်သော တရားနှင့်လျော်ကုန်သော တရားသဖြင့် ရအပ်ကုန်သော ထကြွလုံ့လဖြင့် ရအပ်ကုန်သော စည်းစိမ်တို့ဖြင့် အဆွေ ခင်ပွန်း ချစ်ကျွမ်းဝင်သူတို့ကို ချမ်းသာစေ၏၊ နှစ်သက်စေ၏၊ ချမ်းသာကိုကောင်းစွာဆောင်နိုင်၏။
ဤကား ဒုတိယ စည်းစိမ်ရကြောင်းတည်း။
ဒါယကာ နောက်တစ်မျိုးကား အရိယာတပည့်သည် လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျဖြစ်စေအပ်ကုန်သော တရားနှင့်လျော်ကုန်သော တရားသဖြင့် ရအပ်ကုန်သော ထကြွလုံ့လဖြင့် ရအပ့်ကုန်သော စည်းစိမ်တို့ဖြင့် မီးကြောင့်လည်းကောင်း၊ ရေကြောင့်လည်းကောင်း၊ မင်းကြောင့်လည်းကောင်း၊ ခိုးသူကြောင့်လည်းကောင်း၊ မချစ်မနှစ်သက်အပ်သူ အမွေခံဆိုးကြောင့်လည်းကောင်း ဖြစ်ပေါ်လာသောထိုသို့သဘောရှိသော ဘေးရန်တို့၌ ထက်ဝန်းကျင်မှ ပိတ်ဆို့၍ မိမိကိုယ်ကို ချမ်းသာအောင် ပြု၏။
ဤကား တတိယ စည်းစိမ်ရကြောင်းတည်း။
ဒါယကာ နောက်တစ်မျိုးကား အရိယာတပည့်သည် လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျဖြစ်စေအပ်ကုန်သော တရားနှင့်လျော်ကုန်သော တရားသဖြင့် ရအပ်ကုန်သော ထကြွလုံ့လဖြင့် ရအပ်ကုန်သော စည်းစိမ်တို့ဖြင့် ဆွေမျိုးတို့အား ပူဇော်ခြင်း၊ ဧည့်သည်တို့အား ပူဇော်ခြင်း၊ ရှေးက သေပြီးသောဆွေမျိုးတို့အား ပူဇော်ခြင်း၊ မင်းအား ပူဇော်ခြင်း၊ နတ်တို့အား ပူဇော်ခြင်းဟူသော ငါးပါးသောပူဇော်ခြင်းကို ပြုလုပ်၏။
ဤကား စတုတ္ထ စည်းစိမ်ရကြောင်းတည်း။
ဒါယကာ နောက်တစ်မျိုးကား အရိယာတပည့်သည် လက်ရုံးအားကိုး ဆည်းပူး၍ ချွေးဒီးဒီးကျဖြစ်စေအပ်ကုန်သော တရားနှင့်လျော်ကုန်သော တရားသဖြင့် ရအပ်ကုန်သော ထကြွလုံ့လဖြင့် ရအပ်ကုန်သော စည်းစိမ်တို့ဖြင့် မာန်ယစ်ခြင်း မေ့လျော့ခြင်းမှ ကင်းကုန်သော၊ သည်းခံခြင်း ကောင်းသောအမှုဝယ် မွေ့လျော်ခြင်း၌ တည်ကုန်သော၊ တစ်ယောက်တည်းသော မိမိကိုယ်ကို ဆုံးမကုန်သော၊ တစ်ခုတည်းသော မိမိစိတ်ကို (ကိလေသာမှ) ငြိမ်းအေးစေကုန်သော၊ တစ်ခုတည်းသော မိမိ စိတ်ကို (ကိလေသပရိနိဗ္ဗာန်အားဖြင့်) ငြိမ်းအေးစေကုန်သော သဘောရှိသည့် သမဏဗြာဟ္မဏတို့၌ အထက်ဘုံသို့ သွားကြောင်း ဖြစ်သော၊ နတ်ပြည်အစီးအပွါးဖြစ်သော၊ ချမ်းသာကျိုးရှိသော၊ ကောင်းမြတ်သော အာရုံကိုဖြစ်စေတတ်သော မြတ်သော အလှူကို ဖြစ်စေ၏။
ဤကား ပဉ္စမ စည်းစိမ်ရကြောင်းတည်း။
ဒါယကာ စည်းစိမ်ရကြောင်းတို့သည် ဤငါးမျိုးတို့တည်း။
ဒါယကာ စည်းစိမ်ရကြောင်း ငါးမျိုးကို ရသော ထိုအရိယာတပည့်အား အကယ်၍ စည်းစိမ်တို့သည်ကုန်ခြင်းသို့ ရောက်ခဲ့မူ “ငါသည် စင်စစ် စည်းစိမ်ရကြောင်းတို့ကိုလည်း ရယူ၏၊ ငါ၏ စည်းစိမ်တို့သည်လည်းကုန်ခန်းခြင်းသို့ ရောက်ကုန်၏”ဟု စိတ်အကြံဖြစ်၏။
ဤသို့လျှင် ထိုအရိယာတပည့်အား နှလုံးသာယာခြင်း ဖြစ်၏။
ဒါယကာ စည်းစိမ်ရကြောင်းငါးမျိုးတို့ကို ရယူသော ထိုအရိယာတပည့်အား အကယ်၍ စည်းစိမ်တို့သည် တိုးပွါးခဲ့မူ “ငါသည် စင်စစ် စည်းစိမ်ရကြောင်းတို့ကို ရယူ၏၊ ငါ၏ စည်းစိမ်တို့သည်လည်းတိုးပွါးခြင်းသို့ ရောက်ကုန်၏”ဟု စိတ်အကြံဖြစ်၏။ ဤသို့လျှင် ထိုအရိယာတပည့်အား နှစ်ပါးသောအခြင်းအရာဖြင့်ပင် နှလုံးသာယာခြင်းဖြစ်၏ဟု (မိန့်တော်မူ၏)။
ငါသည် စည်းစိမ်တို့ကို သုံးဆောင်ခဲ့ပြီ၊ (မိဘတို့ကို) လုပ်ကျွေးခဲ့ပြီ၊ သား မယားတို့ကို မွေးမြူခဲ့ပြီ၊ ဘေးရန်တို့ကို လွန်မြောက်ခဲ့ပြီ၊ အထက်နတ်ပြည်၌ ဖြစ်စေတတ်သော အလှူကို ပေးလှူခဲ့ပြီ၊ ထို့ပြင်ငါးမျိုးသော ပူဇော်မှုကိုလည်း ပြုခဲ့ပြီ၊ သီလရှိကုန် (ကိုယ်နှုတ်နှလုံး)စောင့်သုံးကုန်သောမြတ်သောအကျင့်ကို ကျင့်သုံးသူတို့အား လုပ်ကျွေးခဲ့ပြီ။ အိမ်၌ နေသော ပညာရှိသည် အကြင်အကျိုးငှါ စည်းစိမ်ဥစ္စာတို့ကို အလို ရှိရာ၏၊ ထိုအကျိုးသည်ငါ့အား အစဉ်ဆိုက်ရောက်လေပြီ၊ နောက်တစ်ဖန် မပူပန် ရသော အမှုကို ငါ ပြုခဲ့ပေပြီ။ ဤသို့ အဖန်ဖန် အောက်မေ့သော လူဖြစ်သူ သတ္တဝါသည် အရိယာတို့၏ တရား၌ တည်၏၊ ထိုသူကိုဤဘဝ၌ပင် ချီးမွမ်းကြကုန်၏၊ တမလွန်ဘဝဝယ် နတ်ပြည်၌ မွေ့လျော်ရလေသတည်း။
ပဌမသုတ်။