အင်္ဂုတ္တရနိကာယ်
၅-မုဏ္ဍရာဇဝဂ်
၃-ဣဋ္ဌသုတ်
၄၃။ ထိုအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေသောအနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည် ဒါယကာ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်သည်ဖြစ်၍လောက၌ ရခဲသော တရားတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ဒါယကာ အသက်ရှည်ခြင်းသည် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်၍ လောက၌ ရခဲ၏၊ အဆင်းလှခြင်းသည် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်၍ လောက၌ ရခဲ၏၊ ချမ်းသာခြင်းသည် အလိုရှိအပ်နှစ်သက်အပ် မြတ်နိုးအပ်၍ လောက၌ ရခဲ၏၊ အခြံအရံများခြင်းသည် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်၍ လောက၌ ရခဲ၏၊ နတ်ပြည်တို့သည် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်ကုန်၍ လောက၌ ရခဲကုန်၏။
ဒါယကာ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်ကုန်၍ လောက၌ ရခဲသော တရားတို့သည် ဤငါးမျိုးတို့တည်း။
ဒါယကာ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်ကုန်၍ လောက၌ ရခဲသော ဤတရားငါးမျိုးတို့ကို (နှုတ်ဖြင့်) တောင့်တခြင်းဟူသော အကြောင်းကြောင့်လည်းကောင်း၊ (စိတ်ဖြင့်) တောင့်တခြင်းဟူသောအကြောင်းကြောင့်လည်းကောင်း ရ၏ဟု ငါမဆို။
ဒါယကာ အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်ကုန်၍ လောက၌ ရခဲသော ဤတရားငါးမျိုးတို့ကို (နှုတ်ဖြင့်) တောင့်တခြင်းဟူသော အကြောင်းကြောင့်သော်လည်းကောင်း၊ (စိတ်ဖြင့်) ့တောင့်တခြင်းဟူသော အကြောင်းကြောင့်သော်လည်းကောင်း ရသည်ဖြစ်ခဲ့မူ ဤလောက၌ အဘယ်သူသည် အဘယ်သို့သော အရာ မှ ယုတ်လျော့နိုင်တော့အံ့နည်း။
ဒါယကာ အရိယာတပည့်သည် အသက်ရှည်ခြင်းကို အလိုရှိသည်ဖြစ်၍ အသက်ရှည်ခြင်းကို (နှုတ်ဖြင့်) တောင့်တခြင်းငှါလည်းကောင်း၊ (စိတ်ဖြင့်) နှစ်သက်ခြင်းငှါလည်းကောင်း မထိုက်၊ ဒါယကာ အသက်ရှည်ခြင်း၏ အကြောင်းကြောင့်လည်း အသက်ရှည်လိုသော အရိယာတပည့်သည် အသက်ရှည်ခြင်းကို ဖြစ်စေတတ်သည့် အကျင့်ကို ကျင့်ရမည်။ မှန်၏၊ ထိုအရိယာတပည့်သည် ကျင့်အပ်သော အသက်ရှည် ခြင်းကိုဖြစ်စေတတ်သည့် အကျင့်သည် အသက်ရှည်ရန် ဖြစ်၏၊ ထိုသူသည် နတ်သက်ရှည်ခြင်းကိုသော်လည်းကောင်း၊ လူသက်ရှည်ခြင်းကိုသော်လည်းကောင်း ရနိုင်၏။
ဒါယကာ အရိယာတပည့်သည် အဆင်းလှခြင်းကို အလိုရှိသည်ဖြစ်၍ အဆင်းလှခြင်းကို (နှုတ်ဖြင့်) တောင့်တခြင်းငှါလည်းကောင်း၊ (စိတ်ဖြင့်) နှစ်သက်ခြင်းငှါလည်းကောင်း မထိုက်၊ ဒါယကာအဆင်းလှခြင်း ၏ အကြောင်းကြောင့်လည်း အဆင်းလှလိုသော အရိယာတပည့်သည် အဆင်းလှခြင်းကိုဖြစ်စေတတ်သည့် အကျင့်ကို ကျင့်ရမည်။ မှန်၏၊ ထိုအရိယာတပည့်သည် ကျင့်အပ်သောအဆင်းလှခြင်းကို ဖြစ်စေတတ်သည့် အကျင့်သည် အဆင်းလှရန် ဖြစ်၏၊ ထိုသူသည်နတ်အဆင်းလှခြင်းကိုသော်လည်းကောင်း၊ လူအဆင်း လှခြင်းကိုသော်လည်းကောင်း ရနိုင်၏။
ဒါယကာ အရိယာတပည့်သည် ချမ်းသာကို အလိုရှိသည်ဖြစ်၍ ချမ်းသာကို (နှုတ်ဖြင့်) တောင့်တခြင်းငှါလည်းကောင်း၊ (စိတ်ဖြင့်) နှစ်သက်ခြင်းငှါလည်းကောင်း မထိုက်၊ ဒါယကာ ချမ်းသာခြင်း၏အကြောင်းကြောင့်လည်း ချမ်းသာကိုလိုသော အရိယာတပည့်သည် ချမ်းသာကို ဖြစ်စေတတ်သည့် အကျင့်ကို ကျင့်ရမည်။ မှန်၏၊ ထိုအရိယာတပည့်သည် ကျင့်အပ်သော ချမ်းသာစေတတ်သော အကျင့်သည်ချမ်းသာကို ရခြင်းငှါ ဖြစ်၏၊ ထိုသူသည် နတ်ချမ်းသာကိုသော်လည်းကောင်း၊ လူချမ်းသာကိုသော်လည်းကောင်း ရနိုင်၏။
ဒါယကာ အရိယာတပည့်သည် အခြံအရံကို အလိုရှိသည်ဖြစ်၍ အခြံအရံကို (နှုတ်ဖြင့်) တောင့်တခြင်းငှါလည်းကောင်း၊ (စိတ်ဖြင့်) နှစ်သက်ခြင်းငှါလည်းကောင်း မထိုက်၊ ဒါယကာ အခြံအရံများခြင်း၏အကြောင်းကြောင့်လည်း အခြံအရံကိုလိုသော အရိယာတပည့်သည် အခြံအရံကို ဖြစ်စေတတ်သည့် အကျင့်ကို ကျင့်ရမည်။ မှန်၏၊ ထိုအရိယာတပည့်သည် ကျင့်အပ်သော အခြံအရံကိုဖြစ်စေတတ်သည့် အကျင့်သည်အခြံအရံကို ရခြင်းငှါ ဖြစ်၏၊ ထိုသူသည် နတ်အခြံအရံကိုသော်လည်းကောင်း၊ လူအခြံအရံကိုသော်လည်းကောင်း ရနိုင်၏။
ဒါယကာ အရိယာတပည့်သည် နတ်ပြည်သို့ ရောက်လိုသည်ဖြစ်၍ နတ်ပြည်ကို (နှုတ်ဖြင့်) တောင့်တခြင်းငှါလည်းကောင်း၊ (စိတ်ဖြင့်) နှစ်သက်ခြင်းငှါလည်းကောင်း မထိုက်၊ ဒါယကာ နတ်ပြည်တို့၏အကြောင်းကြောင့်လည်း နတ်ပြည်ကိုလိုသော အရိယာတပည့်သည် နတ်ပြည်၌ ဖြစ်စေတတ်သည့်အကျင့်ကို ကျင့်ရမည်။ မှန်၏၊ ထိုအရိယာတပည့်သည် ကျင့်အပ်သော နတ်ပြည်၌ ဖြစ်စေတတ်သည့်အကျင့်သည် နတ်ပြည်ကို ရခြင်းငှါ ဖြစ်၏၊ ထိုသူသည် နတ်ပြည်တို့ကို ရနိုင်၏ဟု (မိန့်တော်မူ၏)။
အသက်ရှည်ခြင်းကိုလည်းကောင်း၊ အဆင်းလှခြင်းကိုလည်းကောင်း၊ အခြံအရံများခြင်းကိုလည်းကောင်း၊ ကျော်စောခြင်းကိုလည်းကောင်း၊ နတ်ပြည်သို့ရောက်ခြင်း ကိုလည်းကောင်း၊ မြင့်မြတ်သော အမျိုးရှိသည်၏ အဖြစ်ကိုလည်းကောင်း၊ အဆင့် ဆင့်မြင့်မြတ်သောမွေ့လျော်ဖွယ်တို့ကိုလည်းကောင်း တောင့်တသော အမျိုးကောင်း သားသည် (ကောင်းမှုကုသိုလ်တို့၌ မမေ့မလျော့ရာ)။ ကောင်းမှုတို့၌ မမေ့မလျော့ခြင်းကို ပညာရှိတို့ ချီးမွမ်းကုန်၏၊ မမေ့မလျော့သော ပညာရှိသည်အကျိုးနှစ်ပါးတို့ကို ရနိုင်၏။
မျက်မှောက်ဘဝ၌ ဖြစ်သော အကျိုးစီပွါး၊ တမလွန်ဘဝ၌ ဖြစ်သော အကျိုးစီးပွါးဟူသော အကျိုးနှစ်ပါးကိုရခြင်းကြောင့် ပညာရှိကို ပဏ္ဍိတဟူ၍ ဆိုအပ်၏။
တတိယသုတ်။