အင်္ဂုတ္တရနိကာယ်
၅-မုဏ္ဍရာဇဝဂ်
၄-မနာပဒါယီသုတ်
၄၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သောကျောင်းကြီး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုစဉ်အခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ (သင်္ကန်းကို) ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်အိမ်သို့ ချဉ်းကပ်၍ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူ၏၊ ထိုအခါ ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား အသျှင်ဘုရား”နှစ်ခြိုက်ဖွယ် (ဝတ္ထု) ကို ပေးလှူသူသည် နှစ်ခြိုက်ဖွယ် (အကျိုး) ကို ရ၏”ဟူသော ဤစကားကိုအကျွန်ုပ်သည် မြတ်စွာဘုရား မျက်မှောက်တော်မှ ကြားနာရဖူးပါသည်၊ မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ခံယူရဖူးပါသည်။
အသျှင်ဘုရား အကျွန်ုပ်၏ အင်ကြင်းပွင့်အဆင်းရှိသော ခဲဖွယ်သည် နှစ်ခြိုက်ဖွယ် ရှိပါသည်၊ မြတ်စွာဘုရားသည် သနားစောင့်ရှောက်ခြင်းကို အကြောင်းပြု၍ အကျွန်ုပ်၏ ထိုခဲဖွယ်ကို ခံယူတော်မူပါဟုလျှောက်၏။
မြတ်စွာဘုရားသည် သနားစောင့်ရှောက်ခြင်းကို အကြောင်းပြု၍ ခံယူတော်မူ၏။
အသျှင်ဘုရား “နှစ်ခြိုက်ဖွယ် (ဝတ္ထု) ကို ပေးလှူသူသည် နှစ်ခြိုက်ဖွယ် (အကျိုး) ကို ရ၏”ဟူသောဤစကားကို အကျွန်ုပ်သည် မြတ်စွာဘုရားမျက်မှောက်တော်မှ ကြားနာရဖူးပါသည်၊ မြတ်စွာဘုရား၏မျက်မှောက်တော်မှ ခံယူရဖူးပါသည်၊ အသျှင်ဘုရား အကျွန်ုပ်၏ ဆီးသီးဖြင့် စီမံထားသော ဝက်သားဟင်းသည် နှစ်ခြိုက်ဖွယ် ကောင်းလှပါ၏၊ မြတ်စွာဘုရားသည် သနားစောင့်ရှောက်ခြင်းကို အကြောင်းပြု၍အကျွန်ုပ်၏ ထိုဟင်းကို ခံယူတော်မူပါဟု (လျှောက်၏)။
မြတ်စွာဘုရားသည် သနားစောင့်ရှောက်ခြင်းကို အကြောင်းပြု၍ ခံယူတော်မူ၏။
အသျှင်ဘုရား “နှစ်ခြိုက်ဖွယ် (ဝတ္ထု) ကို ပေးလှူသူသည် နှစ်ခြိုက်ဖွယ် (အကျိုး) ကို ရ၏”ဟူသောဤစကားကို အကျွန်ုပ်သည် မြတ်စွာဘုရားမျက်မှောက်တော်မှ ကြားနာရဖူးပါသည်၊ မြတ်စွာဘုရား၏မျက်မှောက်တော်မှ ခံယူရဖူးပါသည်၊ အသျှင်ဘုရား အကျွန်ုပ်၏ ကန်စွန်းရွက် ဆီပြန်ကြော်သည် နှစ်ခြိုက်ဖွယ် ကောင်းလှပါ၏၊ မြတ်စွာဘုရားသည် သနားစောင့်ရှောက်ခြင်းကို အကြောင်းပြု၍ အကျွန်ုပ်၏ထိုကန်စွန်းရွက် ဆီပြန်ကြော်ကို ခံယူတော်မူပါဟု (လျှောက်၏)။
မြတ်စွာဘုရားသည် သနားစောင့်ရှောက်ခြင်းကို အကြောင်းပြု၍ ခံယူတော်မူ၏။
အသျှင်ဘုရား “နှစ်ခြိုက်ဖွယ် (ဝတ္ထု) ကို ပေးလှူသူသည် နှစ်ခြိုက်ဖွယ် (အကျိုး) ကို ရ၏”ဟူသောဤစကားကို အကျွန်ုပ်သည် မြတ်စွာဘုရားမျက်မှောက်တော်မှ ကြားနာရဖူးပါသည်၊ မြတ်စွာဘုရား၏မျက်မှောက်တော်မှ ခံယူရဖူးပါသည်၊ အသျှင်ဘုရား ဆန်မည်းကို ရွေးချယ်ပြီး၍ များစွာသော အရည်သောက်ဟင်းနှင့် စမဲဟင်းလျာရှိသော အကျွန်ုပ်၏ သလေးဆွမ်းသည် နှစ်ခြိုက်ဖွယ် ကောင်းလှပါ၏၊ မြတ်စွာဘုရားသည် သနားစောင့်ရှောက်ခြင်းကို အကြောင်းပြု၍ အကျွန်ုပ်၏ ထိုသလေးဆွမ်းကို ခံယူတော်မူပါဟု (လျှောက်၏)။
မြတ်စွာဘုရားသည် သနားစောင့်ရှောက်ခြင်းကို အကြောင်းပြု၍ ခံယူတော်မူ၏။
အသျှင်ဘုရား “နှစ်ခြိုက်ဖွယ် (ဝတ္ထု) ကို ပေးလှူသူသည် နှစ်ခြိုက်ဖွယ် (အကျိုး) ကို ရ၏”ဟူသောဤစကားကို အကျွန်ုပ်သည် မြတ်စွာဘုရားမျက်မှောက်တော်မှ ကြားနာရဖူးပါသည်၊ မြတ်စွာဘုရား၏့မျက်မှောက်တော်မှ ခံယူရဖူးပါသည်၊ အသျှင်ဘုရား အကျွန်ုပ်၏ ကာသိကတိုင်းဖြစ် အဝတ်တို့သည်နှစ်ခြိုက်ဖွယ် ရှိပါကုန်၏၊ မြတ်စွာဘုရားသည် သနားစောင့်ရှောက်ခြင်းကို အကြောင်းပြု၍ အကျွန်ုပ်၏ထိုအဝတ်တို့ကို ခံယူတော်မူပါဟု (လျှောက်၏)။
မြတ်စွာဘုရားသည် သနားစောင့်ရှောက်ခြင်းကို အကြောင်းပြု၍ ခံယူတော်မူ၏။
အသျှင်ဘုရား “နှစ်ခြိုက်ဖွယ် (ဝတ္ထု) ကို ပေးလှူသူသည် နှစ်ခြိုက်ဖွယ် (အကျိုး) ကို ရ၏”ဟူသောဤစကားကို အကျွန်ုပ်သည် မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ကြားနာရဖူးပါသည်၊ မြတ်စွာဘုရား၏မျက်မှောက်တော်မှ ခံယူရဖူးပါသည်၊ အသျှင်ဘုရား အကျွန်ုပ်၏ ပလ္လင် မွေးရှည်ကော်ဇောကြီး ပန်းပြောက်ခြယ် သားမွေးအခင်း ဝံပိုင့်ရေအခင်းမြတ် (နီသော) မျက်နှာကြက်နှင့် အုံးနီနှစ်ဖက်ရှိ နေရာသည်နှစ်ခြိုက်ဖွယ် ကောင်းလှပါ၏။
အသျှင်ဘုရား အကျွန်ုပ်တို့သည်လည်း “ဤအရာဝတ္ထုများသည် စင်စစ်အားဖြင့် မြတ်စွာဘုရားအားမအပ်”ဟု သိပါကုန်၏။
အသျှင်ဘုရား အကျွန်ုပ်တို့၏ ဤစန္ဒကူးနှစ် ထိုင်ခုံသည် တစ်သိန်းကျော်တန်ပါ၏၊ အကျွန်ုပ်၏ထိုအသုံးအဆောင်ဝတ္ထုတို့ကို မြတ်စွာဘုရားသည် သနားစောင့်ရှောက်ခြင်းကို အကြောင်းပြု၍ ခံယူတော်မူပါဟု (လျှောက်၏)။
မြတ်စွာဘုရားသည် သနားစောင့်ရှောက်ခြင်းကို အကြောင်းပြု၍ ခံယူတော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်ကို ဤအနုမောဒနာဂါထာဖြင့်ကောင်းချီးခေါ်တော်မူ၏ —“နှစ်ခြိုက်ဖွယ် (ဝတ္ထု) ကို ပေးလှူသူသည် နှစ်ခြိုက်ဖွယ် (အကျိုး) ကို ရရှိနိုင်၏၊ အကြင်သူသည်ဖြောင့်မတ်သော ရဟန္တာပုဂ္ဂိုလ်တို့၌ လိုလိုချင်ချင်အားဖြင့် အဝတ်ကိုလည်းကောင်း၊ အိပ်ရာနေရာကိုလည်းကောင်း၊ ဆွမ်းဘောဇဉ် အဖျော်ကိုလည်းကောင်း၊ အထူးထူးသောပစ္စည်းတို့ကိုလည်းကောင်း ပေးလှူ၏။ လယ်ယာမြေကောင်းနှင့်တူကုန်သော ရဟန္တာပုဂ္ဂိုလ်တို့ကို သိ၍ စွန့်အပ်လွှတ် အပ်, ချီးမြှောက်အပ်၏၊ နှစ်ခြိုက်ဖွယ်ကို ပေးလှူသော ထိုသူတော်ကောင်းသည် စွန့်နိုင်ခဲသည်ကို စွန့်၍ နှစ်ခြိုက်ဖွယ်အကျိုးကိုရ၏”ဟု (ကောင်းချီးခေါ်တော်မူ၏)။
ထို့နောက် မြတ်စွာဘုရားသည် ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်ကို ဤအနုမောဒနာစကားဖြင့်ကောင်းချီးခေါ်တော်မူပြီးလျှင် နေရာမှ ထကာ ဖဲခွါကြွသွားတော်မူ၏။
ထို့နောက် အခါတစ်ပါး၌ ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်သည် ကွယ်လွန်လေ၏။
ကွယ်လွန်လေပြီးသော ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်သည်ကား (ဈာန်) စိတ်ဖြင့်ပြီးသော တစ်ခု သော (သုဒ္ဓါဝါသ) ဗြဟ္မာ့ဘုံ၌ ဖြစ်လေ၏။
ထိုစဉ်အခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အခါ၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်ကျောင်းအလုံးကို ထိန်လင်းစေလျက်မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်နေသော ဥဂ္ဂဗြဟ္မာကိုမြတ်စွာဘုရားသည်—
“ဥဂ္ဂ အသို့နည်း သင့်အား အလိုအတိုင်း ပြည့်စုံ၏လော”ဟု မိန့်တော်မူ၏။
အသျှင်ဘုရား တပည့်တော်အား အလိုအတိုင်း စင်စစ် ပြည့်စုံပါ၏ဟု (လျှောက်၏)။
ထိုအခါ မြတ်စွာဘုရားသည် ဥဂ္ဂဗြဟ္မာကို ဂါထာတို့ဖြင့် ဟောကြားတော်မူ၏။ “နှစ်ခြိုက်ဖွယ်ကို ပေးလှူသူသည် နှစ်ခြိုက်ဖွယ်ကို ရ၏၊ မွန်မြတ်သည်ကို ပေးလှူသူသည် တစ်ဖန့်မွန်မြတ်သည်ကို ရ၏၊ တောင့်တအပ်သည်ကို ပေးလှူသူ သည် တောင့်တအပ်သည်ကို ရ၏၊ ချီးမွမ်းအပ်သည်ကို ပေးလှူသူသည် ချီးမွမ်း အပ်သည့် (ဌာန)သို့ ရောက်ရလေ၏၊ အကြင်သူသည် အထွတ်အမြတ် ဝတ္ထုပစ္စည်းကို ပေးလှူလေ့ရှိ၏၊ တောင့်တအပ် သော ဝတ္ထုကိုပေးလှူလေ့ရှိ၏၊ အကြင်သူသည် ချီးမွမ်းအပ်သော ဝတ္ထုကို ပေး လှူလေ့ရှိ၏၊ ထိုသူသည် ဖြစ်လေရာရာဘုံဘဝ၌ အသက်ရှည်ခြင်း အခြံအရံများ ခြင်း ဖြစ်ရ၏”ဟု (ဟောတော်မူ၏)။
စတုတ္ထသုတ်။